Wednesday, November 22, 2017


အမျိုးသမီးများအတွက် လမ်းဖွင့်ထားသော ပတ်ဝန်းကျင်ဖန်တီးရေး ဒေါ်အောင်ဆန်းစုကြည် ကတိပေး “အမျိုးသားတွေ ဘယ်ရောက်ကုန်ပြီလဲ” ဟု မနီလာမြို့တွင် နိုဝင်ဘာ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားစဉ် ရယ်မော၍ ထည့်ပြောခဲ့သည်။ ယင်းမိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အမျိုးသမီးများ၏ အခန်း ကဏ္ဍကို ဦးစားပေးပြောကြားခဲ့ခြင်းဖြစ်သည်။ “အမျိုးသားတွေက အစိုးရဝန်ထမ်းလည်း မလုပ်ကြသလို ပညာရေးဝန်ထမ်းလည်း မလုပ်သလောက်ပဲ။ သူတို့တွေ စီးပွားရေး လုပ်ချင်လုပ်မှာပေါ့။ ဒါပေမယ့် စီးပွားရေးကဏ္ဍမှာလည်း ကျမတို့ အမျိုးသမီးတွေက အရမ်းကိုတော်ပါတယ်။ ဒါကြောင့် ကျမ ဒီမေးခွန်းကို ခဏခဏမေးမိပါတယ်။ အမျိုးသားတွေ ဘယ်ပျောက်နေ လဲပေါ့” ဟု သူက ပြောကြားလိုက်ရာ ပရိသတ်များမှ သဘောကျသည့် တုံ့ပြန်မှု တွေ့ရသည်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်ရန် အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပို၍ ထွက်ပေါ်လာကြောင်း၊ နိုင်ငံအတွင်းရှိ လူငယ်စွန့်ဦးတီထွင်သူများ၏ ၄၉ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြကြောင်း သူက ဆက်လက်ပြောကြားသည်။ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသား ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြပြီး တက္ကသိုလ်များ၏ ပါမောက္ခနေရာများတွင် အမျိုးသမီးများ တိုးလာခြင်းက ပညာရေးကဏ္ဍတွင် အမျိုးသမီးများ၏ ပါဝင်မှုကိုု ပြနေခြင်းပင်ဖြစ်ကြောင်း သူက ထည့်သွင်းပြောကြားသည်။ “ကျမတို့အမျိုးသမီးတွေက ပညာရေးကို အများကြီး အလေးထားလာကြပါတယ်။ ဒါဟာ ကျမတို့အနေနဲ့ မြန်မာနိုင်ငံနဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားနိုင်စေတဲ့ အကြောင်းရင်းတခုပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူငယ်တွေရဲ့ အရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေကို မြှင့်တင်ဖို့ သူတို့ရဲ့ အမေတွေ၊ အမတွေနဲ့ သူတို့ရဲ့ အိမ်သူဇနီးမယားတွေက တိုက်တွန်းအားပေးတတ်ကြလို့ပါပဲ” ဟု သူက ရှင်းပြသည်။ မကြာသေးမီ ကာလအတွင်း နိုင်ငံရေးနှင့် စီးပွားရေးအပြောင်းအလဲတွေမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက နိုင်ငံအများအပြားတွင် အံ့အားသင့်ဖွယ် ဖြစ်သော်လည်း မရေမတွက်နိုင်သော နယ်ပယ်များတွင် အမျိုးသမီးတွေသည် အခွင့်အလမ်းများ ဆုံးရှုံးနေရဆဲဖြစ်ကြောင်း သူက ဆက်လက်ပြောကြားသည်။ “အမျိုးသမီးတွေကို မကျွမ်းကျင်တဲ့လုပ်သား၊ အိမ်ရှင်မများနဲ့ ဆုံးဖြတ်ချက် မချမှတ်နိုင်သည့်သူများအဖြစ်သာ သတ်မှတ်ထားသည့် လူမှုရေးစံနှုန်းမှာ အကြီးမားဆုံးစိန်ခေါ်မှုတွေထဲက တခုဖြစ်ပါတယ်” ဟု သူမက ပြောသည်။ ကျား၊ မ ခွဲခြားဆက်ဆံခြင်း မြန်မာနိုင်ငံတွင် ကျား၊ မ တန်းတူရှိရေးအတွက် များပြားလှသော အမျိုးသမီး အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့များက စည်းရုံးလှုံ့ဆော်နေသော်လည်း နိုင်ငံအတွင်း ၎င်းကိုပြဿနာအဖြစ် လက်မခံသူ အများအပြား ရှိနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံထိပ်သီး အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာတွင် “ကျမတို့နိုင်ငံမှာ ကျား၊ မ ခွဲခြားမှုမရှိဘူးလို့ ပြောတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် အဲဒါဟာ မမှန်ပါဘူး” ဟု ထည့်သွင်းပြောကြားသည်။ “အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးမြတ်တယ်လို့ ယူဆကြတာတွေရှိပါတယ်။ ကျမအနေနဲ့ လက်မခံနိုင်တဲ့ မြန်မာဆိုရိုးစကားတခွန်း ရှိပါတယ်။ “သားကို သခင်၊ လင်ကို ဘုရား” ဆိုတဲ့ဆိုရိုးစကားပါပဲ။ ဒါကို ကျမအနေနဲ့ သဘောမတူနိုင်သလို အမျိုးသမီးတွေကလည်း သဘောတူမယ်လို့ မထင်ပါဘူး” နှစ်ခြောက်ဆယ်နီးပါး စစ်အစိုုးရနှင့် ဗိုလ်ချုပ်ဟောင်းများက အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံမှ နိုင်ငံ ခေါင်းဆောင် တဦး ထံက ယင်းကဲ့သို့သဘောထားမှတ်ချက်ကြားရခြင်းမှာ ကြုံတောင့်ကြုံခဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက ရွေးကောက်ပွဲတွင် မဲအများစုဖြင့် နိုင်ခဲ့စေကာမူ စစ်တပ်က ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် သူ့ကို သမ္မတ တဦးဖြစ်လာစေရန် တားဆီးထားသည်။ သူသည် လက်ရှိတွင် တိုင်းပြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နေရာမှ ဦးဆောင်နေပြီး နိုင်ငံခြားရေးနှင့် သမ္မတရုံး ဝန်ကြီးဌာန နှစ်နေရာ အတွက် တာဝန်ယူလုပ်ဆောင်နေသည်။ “ကျား၊ မ ခွဲခြားမှုက ရှိပါတယ်။ စီးပွားရှာတာ သို့မဟုတ် အသက်မွေးဝမ်းကြောင်း လုပ်တာတွေမှာ မလုပ်ဖို့ တရားဝင် သတ်မှတ်ထားတာတွေ မရှိတာ မှန်ပါတယ်။ ဒါပေမယ့် အစဉ်အလာအရ အမျိုးသားတွေက ပိုမြတ်တယ်ဆိုတာကတော့ ရှိနေတုန်းပါပဲ” ဟု ဒေါ်ဆောင်ဆန်းစုကြည်က ထောက်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုအာဆီယံထိပ်သီး အစည်းအဝေးတွင် ကျား၊ မ ရေးရာကို ယခင်ထက် ပိုပြောလာခြင်းကို အံ့အားသင့်မိကြောင်း အမျိုးသမီး အခွင့်အရေး ဆောင်ရွက်မှုများဖြင့် ထင်ရှားသူ ဒေါ်မေစံပယ်ဖြူက ပြောသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သဘောထားမှတ်ချက်များကို ကြိုဆိုသော်လည်း ကျား၊ မ ခွဲခြားခြင်း ပြသနာများကို ဖြေရှင်းရန်အတွက် သူနှင့် အစိုးရထံမှ ကတိကဝတ်များနှင့် လက်တွေ့ကျကျ ဖြေရှင်းချက်များ လိုအပ်နေသေးကြောင်း ဒေါ်မေစပယ်ဖြူက ပြောပြသည်။ “မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ ခေါင်းဆောင်တဦးအနေနဲ့ အမျိုးသမီးခေါင်းဆောင်တွေ ဦးဆောင်မှုနဲ့ ဆုံးဖြတ်ချက် ချနိုင်မှုတွေမှာ ပိုရရှိနိုင်ဖို့အတွက် ပံ့ပိုးပေးဖို့ သူ့မှာ အခွင့်အလမ်းရှိပါတယ်။ ဒါကို အကောင်အထည် ဖော်ဖို့ ဆန္ဒရှိလိမ့်မယ်လို့လည်း ကျမတို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။ ရွေးကောက်ပွဲများတွင် အမျိုးသမီးများနှင့်လူငယ်များကို ဦးစားပေးရွေးချယ်ရေး ပါတီမူဝါဒအရ လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ အတွက် နိုင်ငံရေးပါတီများအနက် အမျိုးသမီးကိုယ်စားလှယ်လောင်း အများဆုံး ရွေးချယ်ခဲ့သည်။ NLD မှ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၅၀ ဝင်ရောက်အရွေးချယ်ခံခဲ့ရာ ယင်းတို့အထဲမှ ၁၃၄ ဦး အနိုင်ရရှိခဲ့သည်။ သို့သော် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများ စိတ်ပျက်မိသည်မှာ NLD ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်က တဦးတည်းသော အမျိုးသမီး ဖြစ်နေခြင်းပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အာဏာရပြီးချိန်မှစပြီး အစိုးရအဖွဲ့ အတွင်းနှင့် အပြင်တွင်ပါ ခွဲခြား ဆက်ဆံမှုမျိုး ကြုံခဲ့ရလေသလားဟု တွေးမိကြောင်း၊ သေချာသည်မှာ လူမှုကွန်ရက်၌ သူ့ကို တိုက်ခိုက်သူ များမှာ အမျိုးသမီးတဦး ဖြစ်ခြင်းအပေါ် အခြေခံ၍ ပုတ်ခတ်ပြောဆိုမှုမျိုး တွေ့ခဲ့ရကြောင်း မြန်မာသတင်းသိပ္ပံမှ လေ့ကျင့်ရေးဒါရိုက်တာ ဦးစိန်ဝင်းက ပြောကြားသည်။ “ကျား၊ မ ခွဲခြားတဲ့ကိစ္စကို စပြောလာတဲ့အတွက် ကျနော်မျှော်လင့်တာကတော့ ဒါ ပထမဆုံး ခြေလှမ်းဖြစ်ပြီးတော့ နောက်ပိုင်းမှာ မူဝါဒပြောင်းလဲလာဖို့မျှော်လင့်ပါတယ်” ဟု ၎င်းက သုံးသပ်သည်။ ပညာရေးတွင် ကျား၊ မ စိန်ခေါ်မှု ထိပ်သီးအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က “ပညာရေးနဲ့ပတ်သက်လာရင် သမီးတွေထက် သားတွေကို ပိုဦးစားပေးတတ်ကြတဲ့ မိခင်တွေ တော်တော်များများရှိနေတုန်းပဲ” ဟု ပြောကြားခဲ့သည်။ ရှမ်းပြည်နယ် အမျိုးသမီးနှင့် ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ တည်ထောင်သူ ဒေါ်သန္တာဦးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ စကားကိုထောက်ခံခဲ့သည်။ မကြာသေးမီက စစ်တမ်းတခုအရ ရှမ်းပြည်နယ်သည် အမျိုးသမီးငယ်များအကြား စာတတ်မြောက်မှုနှုန်း အနိမ့်ဆုံးဖြစ်နေကြောင်း ၎င်းက ကိုးကားပြောဆိုသည်။ “တိုင်းရင်းသားဒေသအများအပြားမှာ အမျိုးသမီးတွေက ပညာတတ်စရာမလိုဘူးဆိုတဲ့ ရိုးရာအယူအဆတွေ ရှိနေတုန်းပါပဲ။ ယောက်ျားလေး ဦးဆောင်ရမယ်ဆိုတဲ့အမြင်နဲ့ မိသားစုတွေမှာ သမီးတွေထက် သားတွေကို ပညာသင်ဖို့ အလေးပေးနေဆဲပါ” ဟု သူက ပြောသည်။ တခြားအရေးကြီးသည့် အချက်တချက်မှာ လုံခြုံရေးအရ စိုးရိမ်မှုဟု သူက ဆက်လက်ပြောပြသည်။ တရားဥပဒေ စိုးမိုးမှုအားနည်းခြင်းနှင့် ပဋိပက္ခများကြောင့် မိသားစုများက သမီးမိန်းကလေးကို ဝေးဝေးလံလံသို့ ကျောင်းသွားတက်ခြင်းကို စိတ်မချကြကြောင်း ဆိုသည်။ “အမျိုးသမီးတွေပညာတတ်လေလေ သူတို့မိသားစု၊ အသိုင်းအဝိုင်း နောက်ဆုံး နိုင်ငံတော်အဆင့်ထိ အထောက်အကူပြုနိုင်လေပါပဲ။ ဒါက ပိုကောင်းတဲ့ မျိုးဆက်သစ်တွေအထိပါ အကျိုးဖြစ်ထွန်းစေပါတယ်” ဟု ဒေါ်သန္တာဦးက ပြောသည်။ အမျိုးသမီးများနှင့်စီးပွားရေး ဒေါ်အောင်ဆန်းစုကြည်က အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံတကာ ကိုယ်စားလှယ်များကို မိန့်ခွန်းပြောကြားရာတွင် “အစဉ်လာအရ ကျမတို့အမျိုးသမီးတွေဟာ စီးပွားရေးမှာ တောက်လျှောက်ရှေ့တန်းမှာ ရှိနေခဲ့ပြီးသားပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။ သူမငယ်စဉ်က ကြီးပြင်းရာ ပတ်ဝန်းကျင်တွင် တွေ့ခဲ့ရသည်မှာ အမျိုးသားများက ဂုဏ်သိက္ခာအတွက် အစိုးရဝန်ထမ်း လုပ်လေ့လုပ်ထ ရှိခဲ့ကြသလို အမျိုးသမီးများကလည်း မိသားစု အဆင်ပြေစေရန်အတွက် စီးပွားရှာခဲ့ကြသည်ကို တွေ့ခဲ့ရကြောင်း သူက ဆိုသည်။ “ဒါကြောင့် မိသားစုရဲ့စီးပွားရေး လုံခြုံစိတ်ချရအောင် အမျိုးသမီးတွေအပေါ်မှာ အမြဲမူတည်ခဲ့ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။ ထို့ကြောင့် မြန်မာ အမျိုးသမီး လူငယ်စွန့်ဦးတီထွင်သူ ၄၉ ရာခိုင်နှုန်းရှိနေခြင်းမှာ အံ့သြစရာမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးဗိသုကာဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေးပြိုင်ဘက်များက လုပ်ကြံ သတ်ဖြတ်စဉ်က သူသည် ၂ နှစ်သမီးအရွယ်သာ ရှိသေး၏။ သူသည် နောက်ပိုင်း အိန္ဒိယနိုင်ငံနှင့် နီပေါ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်ခန့်အပ်ခံရသော သူ၏ မိခင်ကြီး ဒေါ်ခင်ကြည်နှင့်အတူ အိန္ဒိယသို့ ပြောင်းရွှေ့လိုက်ပါခဲ့ရသည်။ ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံမှ ပထမဆုံး အမျိုးသမီးသံအမတ်ကြီးဖြစ်သည်။ “သူတို့ရဲ့ကလေးတွေ ပိုမိုကောင်းမွန်တဲ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်လို့ နေ့စဉ်နေ့တိုင်း အခက်အခဲတွေ ဒုက္ခအမျိုးမျိုးတွေကို ခေါင်းမော့ရင်ဆိုင်ပြီး အလုပ်လုပ်နေကြတဲ့ အမျိုးသမီး သန်းပေါင်းများစွာ ကလည်း ကျမကို တွန်းအားဖြစ်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူဖြစ်စေရန် အမျိုးသမီးများ၏ စီးပွားရေး လုပ်ကိုင်နိုင်မှု စွမ်းရည်တွေကို ထုတ်ဖော်နိုင်ဖို့ လူမှုရေးဆိုင်ရာ ကန့်သတ်ချက်များကို အမျိုးသမီးများ ကျော်ဖြတ်နိုင်ရန် လုပ်ပိုင်ခွင့်ပေးမည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ဖို့လိုအပ်ကြောင်း သူကပြောသည်။ အမျိုးသမီးများ၏ အခွင့်အရေးရရှိရေး လုပ်ဆောင်ရာတွင် အပြုသဘောဆောင်သည့် အပြောင်းအလဲများ ဖြစ်ပေါ်ရန် မူလတန်းနှင့် အလယ်တန်းကျောင်း အပ်နှံသည့် မိန်းကလေး အရေအတွက် တိုးမြှင့်လာစေရန်၊ လုပ်သားထုတွင် အမျိုးသမီးများ၏ ပါဝင်မှု ပိုမိုကောင်းမွန်လာရန်၊ ပိုမိုကောင်းမွန်သည့် မိခင်ကျန်းမာရေး စောင့်ရှောက်မှုရရှိရန်၊ ခိုင်မာသည့် လူမှုရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု ထောက်ပံ့ပေးရန်နှင့် ဆုံးဖြတ်ချက် ချမှတ်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် အရေးကြီးကြောင်း သိရသည်။ “ကျမတို့အစီအစဉ်က ရည်မှန်းချက်ကြီးပေမယ့် အောင်မြင်နိုင်စရာရှိပါတယ်။ အမျိုးသမီးတွေရဲ့ စွမ်းပကားကို နားလည် သဘောပေါက်ပြီး လုပ်ပိုင်ခွင့်ပေးတဲ့ လမ်းဖွင့်ထားတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးဖို့အတွက် မြန်မာနိုင်ငံက အခိုင်အမာပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပြုပြောကြားခဲ့သည်။ ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် နိုဝင်ဘာ ၁၆ ရက်နေ့က ဖော်ပြခဲ့သော Daw Aung San Suu Kyi Vows to Create ‘Enabling Environment for Women’ ကို ဆီလျော်အောင် ဘာသာပြန်သည်။ The post အမျိုးသမီးများအတွက် လမ်းဖွင့်ထားသော ပတ်ဝန်းကျင်ဖန်တီးရေး ဒေါ်အောင်ဆန်းစုကြည် ကတိပေး appeared first on ဧရာဝတီ.
Source : http://ift.tt/2BbHtIR
via IFTTT

No comments:

Post a Comment