မြန်မာအမျိုးသမီးတို့၏ လိုအပ်နေဆဲ ရပိုင်ခွင့်များ ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် Gender ဆိုသည့် စကားရပ်သည် မြန်မာနိုင်ငံကို စတင်မိတ်ဆက်လာသည်ဟု ပြောရ မည်ဖြစ်သည်။ Gender ဆိုသည်မှာ ကျား၊ မ တန်းတူညီမျှရေးဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည့်အတိုင်း အမျိုးသား ဖြစ်ခြင်းနှင့် အမျိုးသမီးဖြစ်ခြင်းသည် လူ့အခွင့်အရေး ရရှိမှု ကွာခြားချက်မရှိဟု ဆိုလိုနိုင်သည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း NLD အစိုးရလက်ထက်တွင် အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်ပြီး သာလွန်သည့် လုပ်ဆောင်မှုများ ရှိလာမည်ဟု မျှော်လင့် ထားခဲ့ကြသော်လည်း ထူးခြားသည့် ပြုပြင် ပြောင်းလဲမှုများ မြင်တွေ့ရမှု နည်းပါးနေကြောင်း အမျိးသမီးအရေး ဆောင်ရွက်နေသူများက ဝေဖန် သုံးသပ်ကြသည်။ သို့သော်ယခင်ကာလများထက် ဆုံးဖြတ်ချက်ချနိုင်သည့် ဦးဆောင်မှု နေရာများတွင် အမျိုးသမီးများ၏ နေရာရရှိမှုမှာ ထင်သာမြင်သာသည့် အနေအထားဖြစ်လာသည် ဟု ဆိုနိုင်ပါသည်။ လွှတ်တော်တွင်း အမျိုးသမီး ပါဝင်မှု ရာခိုင်နှုန်း အသင့်အတင့်ရှိလာခြင်း၊ ရပ်ကျေး အုပ်ချုပ်ရေးမှူး နေရာတွင် အမျိုးသမီးများ ပါဝင်ခွင့်ရှိလာခြင်း၊ ပါတီ ခေါင်းဆောင် နေရာတွင် အမျိုးသမီးများကို တာဝန်ပေးခြင်းများ တွေ့ရှိလာရသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၈၊ နိုင်ငံသားနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၂၃၈ ပါ ပြဋ္ဌာန်းချက်တွင် “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ ချမ်းသာတို့ကို အကြောင်းပြုခွဲခြားခြင်း မရှိစေရ” ဟု ဖော်ပြထားသည်။ သို့သော် လက်တွေ့ဘဝ၏ လူမှုအသိုက်အဝန်းတွင် အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းကို အခြေပြုသည့် ခွဲခြားဆက်ဆံမှုများစွာ ရှိနေဆဲဖြစ်ပြီး အမျိုးသမီးတို့၏ အခွင့်အရေးနည်းပါးနေမှုများကို နယ်ပယ်အသီးသီးတွင် မြင်တွေ့နေရဆဲဖြစ်သည်။ အမျိုးသမီးနှင့် တရားဥပဒေစိုးမိုးမှု မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်ကတည်းက အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေး (စီဒေါ) (The Convention on the Elimination of All Forms of Discrimination against Women (CEDAW) ) အား သဘောတူ လက်မှတ်ရေးထိုးထားသည်။ စီဒေါကို လက်မှတ်ရေးထိုးပြီးနောက်တွင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများ အကြမ်းဖက်မှုမှ တားဆီး ကာကွယ်ရေး ဥပဒေ (Protection and Prevention of Violence against Women- (PoVAW)) ကို ရေးဆွဲခဲ့သည်ဟု သိရသည်။ ထိုဥပဒေရေးဆွဲနေသည်မှာ သုံးနှစ်နီးပါး ရှိပြီဖြစ်သော်လည်း ယခုအချိန်ထိ ဥပဒေမူကြမ်းအဆင့်သာ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ ထိုဥပဒေ မူကြမ်းတွင် ထူးခြားမှုအနေဖြင့် Rape and Marital Rape ဆိုသည့် အလိုမပါဘဲ အိမ်ထောင်ဖက်၏ လိင်အကြမ်းဖက်မှုဆိုသည့် ဥပဒေတရပ် ပါဝင်ကြောင်း အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးကော်မတီ အတွင်းရေးမှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး၏ ပြောပြချက်အရ သိရသည်။ ထို့အပြင် အမျိုးသမီးများ အတွက် သီးသန့်တရားရုံး စီစဉ်ပေးရန်လည်း ထည့်သွင်းရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နော်လှလှစိုးမှ နိုဝင်ဘာ ၁၆ ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် Civil Society and Media Project Third All Partners Meeting တွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာများကို ပြောကြားခဲ့သည်။ အမျိုးသမီးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံတခု၏ အသက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကျား၊ မ အခြေပြုခွဲခြားဆက်ဆံမှုကို မသိမသာ ဘက်လိုက်နေသည့် ဥပဒေများရှိနေသည်ဟု အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများထံမှ သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၃၅၂ တွင် “နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံဝန်ထမ်း ရွေးချယ် တာဝန်ပေးရာတွင်ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့် ပြည်စုံပါက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူး ရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှု မပြုစေရ။ သို့ရာတွင် အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတားမဖြစ်စေရ”ဟု ပြဌာန်းထားသည်။ ထိုဥပဒေတွင် အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းကို အခြေပြု၍ ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှု မပြုရ ဆိုထားသော်လည်း နောက်တကြောင်းတွင် အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်ဟု ကန့်သတ် သတ်မှတ်ထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အမျိုးသားနှင့် အမျိုးသမီး ခွဲခြားဆက်ဆံမှု ရှိနေသည့်အတွက် မြန်မာနိုင်ငံတွင် Gender နှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုမှာ ခက်ခဲမှုများရှိနေပြီး Gender ဆိုသည်နှင့် အမျိုးသမီးများ အခွင့်အရေးဟု နားလည်လက်ခံကြသည်မှာ မှားယွင်းမှုများဖြစ်ကြောင်း ကျား-မ တန်းတူညီမျှရေးကွန်ရက်မှ နည်းပညာအကြံပေး ဒေါ်ပန်စီထွန်းသိန်းက ပြောကြားသည်။ အမျိုးသမီးနှင့် အိမ်ထောင်ရေး မြန်မာနိုင်ငံ၏ အိမ်ထောင်ရေးနယ်ပယ်သည် အမျိုးသား ဦးစားပေး အိမ်ထောင်ရေး ဖြစ်နေသည်။ မြန်မာ့လူမှု ပတ်ဝန်းကျင်တွင် အိမ်ထောင်ရှင်မဆိုသည့် ဘောင်အပြင်ဘက်သို့ ထွက်လာကြသည့် အမျိုးသမီးများ ရှိလာ ကြသော်လည်း ထိုအမျိုးသမီးများသည် စီပွားရေး၊ လူမှုရေးနှင့် အိမ်ရှင်မတာဝန် အားလုံးကို တပေါင်းတည်း တာဝန်ထားရမှု များပြီး ပိုမိုတာဝန်ကြီးလာကြသူများ ဖြစ်နေကြကြောင်း၊ ပြင်ပအလုပ်လုပ်မည်ဆိုပါက သားသမီးအရေးနှင့် အိမ်တွင်းမှု အရေးများတွင်လည်း တာဝန်မလစ်ဟင်းစေရန် ပိုမိုအားထုတ်ရကြောင်း ကုမ္ပဏီတခုမှ HR Manager အမျိုးသမီးတဦးက ဆိုသည်။ အမျိုးသမီးနှင့် ပညာရေးနယ်ပယ် ပညာရေးနယ်ပယ်ကို ကြည့်မည်ဆိုလျှင်လည်း အဆင့်မြင့်ပညာသင်ကြားရန် အရည်အချင်းနှင့် ဝင်ခွင့် အမှတ် ကန့်သတ်ချက်၏ မညီမျှမှုများကို မြင်တွေ့ရမည်ဖြစ်သည်။ ကျောင်းသင်ခန်းစာ သင်ရိုးညွှန်းတမ်းများတွင်လည်း သူရဲကောင်းဆိုပါက အမျိုးသားကိုသာ ရည်ညွှန်းသည်က များပြီး ရာဇဝင်ထဲက သူရဲကောင်းများမှာလည်း အမျိုးသားများသာဖြစ်နေကြသည်။ အခြေခံပညာ သင်ရိုးညွှန်တမ်းများတွင် အမျိုးသမီးဖြစ်ပါက အိမ်ထောင်ရှင်မ၊ ကျောင်းဆရာမ၊ သူနာပြုဆရာမ စသည်ဖြင့် အသက်မွေးဝမ်းကျောင်းမှုကို အခြေပြုသည့် လုပ်ငန်းတာဝန် ခွဲခြားသတ်မှတ်မှုကို သင်ကြားပေးထားပြီး အင်ဂျင်နီယာ၊ ကားမောင်းသူ၊ လေယာဉ်မောင်းသူ၊ ခေါင်းဆောင်မှုနေရာများမှာ အမျိုးသားများဖြစ်သည်ဟူ၍ အမျိုး သားနှင့် အမျိုးသမီး တို့၏ ဘဝရပ်တည်ချက်ကို ကလေးဘဝကတည်းက ခွဲခြားသတ်မှတ် သင်ကြား ပေးထား ကြသည်။ ထိုသို့ အခြေခံပညာ သင်ကြားချိန်ကတည်းက အသိတရားတခုထဲ ထည့်ပေးလိုက်သည့် ကျား၊ မ အခြေပြု ခွဲခြားဆက်ဆံမှုသည် မြန်မာလူမှု အသိုက်အဝန်းအတွင်း ကျား၊ မ တန်းတူညီမျှမှု ရရှိစေရေး ကြိုးပမ်းမှုများကို မျှော်မှန်းသလောက် ခရီးမရောက်ရန် ဟန့်တားမှုများပင် ဖြစ်ကြောင်း Triangle Women’s Support Group မှ တည်ထောင်သူနှင့် ဒါရိုက်တာ ဒေါ်ခင်လေးက ထောက်ပြပြောဆိုသည်။ ထိုကြောင့် ဘက်စုံ ထောင့်စုံမှ အမျိုးသမီးတို့ ပူးပေါင်းပါဝင်နိုင်ရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးတို့၏ အသံပါဝင်လာရန်မှာ လိုအပ်သည့် အချက်တချက်ဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသမီးထု၏ ၇၀ ရာခိုင်နှုန်းသည် တောနေအမျိုးသမီးများဖြစ်ကြောင်း ပြည်တွင်းအဖွဲ့အစည်းအချို့ ကောက်ယူထားသော စစ်တမ်းများအရ သိရသည်။ ထို့ကြောင့် အများစုဖြစ်နေသည့် ကျေးလက်နေ အမျိုးသမီးများ သည်လည်း ရှေးဓလေ့ ထုံးတမ်းဆိုသည့် အစဉ်အလာ ယဉ်ကျေးမှု ခေါင်းစဉ်တပ် မူဘောင်များ အတွင်းမှ မိမိတို့၏ အခွင့်အရေးကို သိရှိပြီး ကိုယ်ပိုင် စွမ်းအား၊ ခွန်အားများဖြင့် ခေါင်းဆောင်မှုနေရာများသို့ တက်လှမ်းရန် မိမိတို့တွင် တာဝန်ရှိသည်ဟု ထင်မြင်မိပါသည်။ The post မြန်မာအမျိုးသမီးတို့၏ လိုအပ်နေဆဲ ရပိုင်ခွင့်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2B49bWW
via IFTTT
No comments:
Post a Comment