ဒုက္ခသည်များ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ သဘောတူညီမှု ရရှိ ယနေ့ နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေအိတ်ချ် မိုဟာမက်အလီ (AH Mahmood Ali) နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ၄၅ မိနစ်ကြာ ဆွေးနွေးပြီးနောက် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ လာသူများ ပြန်လာရေး အစီအစဉ်” ကို ၂ နိုင်ငံ လက်မှတ် ရေးထိုးလိုက်သဖြင့် လာမည့် ၂ လ အတွင်း ဒုက္ခသည်များကို ပြန်လည် လွှဲပြောင်းပေးရေး စတင်မည် ဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေအိတ်ချ် မိုဟာမက်အလီနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီး ဦးကျော်တင့်ဆွေတို့က ထို သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြသည်။ ၎င်းတို့ နှစ်ဦးသည် ၁၉၉၈ ခုနှစ် နယ်နမိတ် သဘောတူညီမှု အတည်ပြုချက်များကိုလည်း လဲလှယ်ခဲ့သည်။ ဒုက္ခသည်များ ပြန်လည် ပို့ဆောင်ရေး အတွက် သဘောတူညီမှု ရရှိပြီးနောက် ဝန်ကြီး မိုဟာမက်အလီက “ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာလာသူများ ပြန်လာရေး အစီအစဉ်” ကို လက်မှတ် ရေးထိုးပြီးကြောင်း ထုတ်ပြန် ကြေညာသည်။ ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့ က ကျင်းပသော အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်များ ပြန်ပို့ရန် အချိန်ကာလ သတ်မှတ်ချက် ထားရှိရေး တင်ပြခဲ့သည် ဟု အဆင့်မြင့်အရာရှိတဦးက ပြောသည်။ စိစစ်ရေးလုပ်ငန်း အဆင့်ဆင့်တွင် ကုလသမဂ္ဂ အေဂျင်စီများ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်း ပါဝင်ရေး အတွက်လည်း ဘင်္ဂလားဒေ့ရှ် ဘက်က ကြိုးစားခဲ့သည်။ ကုလသမဂ္ဂ အေဂျင်စီများ ပါဝင်ရေး မြန်မာနိုင်ငံဘက်က အနည်းငယ် သဘောထား ပျော့ပျောင်း လာသော်လည်း ထိုအချက်ကို အပြည့်အဝ လိုက်နာရန် တာဝန်ရှိမည် မဟုတ်ဟု ဒါကာထရီဗျူး သတင်းစာက ရေးသည်။ မြန်မာနိုင်ငံသည် ဒုက္ခသည် ပြန်လည် လက်ခံရေးကို ယခု သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ၂ လ အတွင်း စတင်လိုသည် ဟု သံတမန်တဦးကို ကိုးကားပြီး သတင်းက ရေးသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည် ပြန်ပို့ရေးကို တနှစ်အတွင်း အပြီး ဆောင်ရွက် လိုသော်လည်း မြန်မာနိုင်ငံဘက်က အစီအစဉ် ပြီးဆုံးချိန်ကို အတိအကျ မသတ်မှတ်ဘဲ အရှင်ထားလိုသည် ဟုလည်း သိရသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံတို့သည် ဒုက္ခသည် အားလုံး ပြန်လည် ပို့ဆောင်မှု စတင်ရေး အတွက် နိုင်ငံခြားရေး အတွင်းဝန် အဆင့် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးကိုလည်း သဘောတူခဲ့သည်။ ထို အစည်းအဝေသို့ နိုင်ငံခြားရေး အတွင်းဝန် အမ် ရှာဟီဒူ ဟက်ခ်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။ အစောပိုင်းကမူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးသည် ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ကြာမြင့်စွာ နှစ်နိုင်ငံအကျိုးနှင့် ဒုက္ခသည် အရေးတို့ကို ဆွေးနွေးခဲ့သည်။ ရှည်ကြာသည့် တဦးချင်း ဆွေးနွေးပွဲ အပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြာရေး ဝန်ကြီးသည် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာ သူများ ပြန်လာရေး အစီအစဉ်” ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ခဲ့သည်။ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် ရှာဟီဒူ ဟက်ခ် တို့ ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက်ကြသည်။ ထို အစည်းအဝေးအပြီးတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် ဂုဏ်ပြုညစာ တည်ခင်းခဲ့သည်။ The post ဒုက္ခသည်များ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ သဘောတူညီမှု ရရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2mWpoLR
via IFTTT
No comments:
Post a Comment