ဈေးကွက် ၃၀ ရာခိုင်နူန်းမှာ တရားမဝင် ဘီယာများဖြစ် မြန်မာနိုင်ငံတွင် ရောင်းချနေသော ဘီယာ ၃၀ ရာခိုင်နူန်းမှာ တရားမဝင် မှောင်ခိုလမ်းကြောင်းမှ ဝင်ရောက်နေသော ဘီယာများဖြစ်နေကြောင်း နိုင်ငံတကာ ဈေးကွက်သုတေသနအဖွဲ့ Euromonitor International မှ မြန်မာနိုင်ငံ၏ ဘီယာတရားမဝင် ကုန်သွယ်မှုနှင့် ပတ်သက်သည့် ပထမအကြိမ် ထုတ်ပြန်ချက်မှ သိရသည်။ အဆိုပါ တရားမဝင်ဘီယာ ကုန်သွယ်မှုကြောင့် အစိုးရမှ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တနှစ်တာအတွင်း အခွန်ငွေ အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅၂ သန်းအထိ ဆုံးရူံးခဲ့ရပြီး ယင်းတရားမဝင် ကုန်သွယ်မှု၏ ၉၆ ရာခိုင်နူန်းမှာ နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုတို့မှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ ဘီယာထုတ်လုပ်သော လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက “အဓိကတော့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေက ထုတ်လုပ်တဲ့ အမှတ်တံဆိပ်တွေ တရားမဝင် ဝင်ရောက်နေတာ ဖြစ်ပါတယ်။ ဘီယာတင် မဟုတ်ပါဘူး အခြား စားသောက်ကုန် ပစ္စည်းတွေပါ ဝင်ရောက်နေတာ ဖြစ်ပါတယ်။ ဈေးသက်သက်သာသာနဲ့ အခွန်ရှောင်ပြီး ဝင်လာတာဖြစ်တယ်။ အဲလို တရားမဝင် ဝင်လာတဲ့ ကုန်ပစ္စည်းတွေကြောင့် အစိုးရဘဏ္ဍာငွေလည်း ထိခိုက်တယ်။ ကျမတို့ တရားဝင်ထုတ်လုပ်တဲ့ ဘီယာတွေကလည်း ရောင်းအားကျတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ဘီယာနှင့် အခြား စားသောက်ကုန်ပစ္စည်းများကြောင့် အစိုးရမှ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၅၂ သန်းကျော် ဆုံးရှုံးနေပြီး တရားမဝင် ကုန်ပစ္စည်းနှင့် တရားဝင် ထုတ်လုပ်သော ကုန်ပစ္စည်းမှာ ဈေးနှုန်းချင်း မယှဉ်နိုင်သောကြောင့် ပြည်တွင်း၌ ထုတ်လုပ်ရောင်းချနေသော ဘီယာများမှာ ရောင်းအားကျဆင်းလာကြောင်း ၎င်းက ပြောသည်။ “ကျမတို့က အစိုးရကို တရားဝင် အခွန်လည်း ဆောင်ထားတယ်။ စက်ရုံလည်း ထောင်ထားတယ်။ ဒါကြောင့် သူတို့ရောင်းတဲ့ ဈေးနဲ့ မရောင်းနိုင်ဘူးပေါ့နော်။ စားသုံးသူကလည်း ဈေးသက်တာကိုပဲ ရွေးချယ်ကြတယ်။ အဲအတွက် ကျမတို့ရဲ့ ရောင်းအားတွေက စိုးရိမ်ရတဲ့ အခြေနေဖြစ်သွားတယ်”ဟု ရှင်းပြသည်။ စတိုးဆိုင်များ မှတဆင့် လေ့လာမှုအရ ပြည်တွင်းထုတ်ဘီယာ ၃၃ဝ မီလီလီတာ ဘူးသေး၏ ရောင်းဈေးထက် မှောင်ခိုဘီယာများ၏ ရောင်းဈေးမှာ ၃၅ ရာခိုင်နှုန်းခန့် ဈေးနူန်း သက်သာပြီး အခွန်ငွေပေးဆောင်မှု မရှိသည့် မှောင်ခို ဘီယာများသည် နိုင်ငံတွင်း ထုတ်လုပ်နေသော ဘီယာများထက် သုံးဆ ဈေးနည်းလျက် ရှိသည်။ Euromonitor International ၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် တရားမဝင်ဘီယာကုန်သွယ်မှုသည် ဘီယာထုတ်လုပ်သူများအတွက်သာမက စားသုံးသူများ၏ လုံခြံရေး အစိုးရ အခွန်ငွေ၊ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေး တို့ကိုပါ ထိခိုက်နေကြောင်း ဖော်ပြထားသည်။ မှောင်ခိုဘီယာ ဝင်ရောက်မှု၏ ၈ဝ ရာခိုင်နူန်းမှာ ထိုင်းနယ်စပ်မှ ဝင်ရောက်နေပြီး ၂၀ ရာခိုင်နူန်းမှာ တရုတ်နယ်စပ်မှ ဝင်ရောက်လျက်ရှိရာ ပင်လယ်ရေကြောင်းထက် နယ်စပ်မှ ဝင်ရောက်မှုမှာ ပို၍ များနေကြောင်း Euromonitor International ၏ အစီရင်ခံစာမှ သိရသည်။ မြန်မာနိုင်ငံတွင် မြန်မာအမှတ်တံဆိပ် ဘီယာများသာ ထုတ်လုပ်သောကြောင့် မှောင်ခိုဝင်ရောက်သော ဘီယာများနှင့် အတုအပပြုလုပ်သော ဘီယာများကို ခွဲခြားသိမြင်နိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယခုသုတေသန ထုတ်ပြန်ချက်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လနှင့် နိုဝင်ဘာလတွင် အညွှန်းစာတမ်းများ လေ့လာခြင်း၊ စတိုးဆိုင်များကို လေ့လာပြီး နယ်စပ်ဒေသနှင့် ဆက်စပ်နေသော မော်လမြိုင်၊ မြဝတီ၊ တာချီလိတ်၊ တောင်ကြီးနှင့် ဘီယာ လက်လီလက်ကားရောင်းဝယ်ခြင်း အပြင် အစိုးရ ဝန်ထမ်းများ မေးမြန်းပြီး စစ်တမ်းကောက်ယူ တင်ပြခြင်းဖြစ်သည်။ ယင်းဘီယာ တရားမဝင် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘီယာထုတ်လုပ်သော လုပ်ငန်းရှင်များအသင်း၊ အစိုးရဌာန တာဝန်ရှိသူများ၊ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) မှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ ဆွေးနွေးညိုနိူင်းလျက် ရှိနေကြောင်း သိရသည်။ The post ဈေးကွက် ၃၀ ရာခိုင်နူန်းမှာ တရားမဝင် ဘီယာများဖြစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2jRSyKO
via IFTTT
No comments:
Post a Comment