Wednesday, November 1, 2017


တန်ဆောင်တိုင်ကာလ ဘယ်ကို ခရီးထွက်ကြမလဲ သီတင်းကျွတ်ချိန်ခါ ပြီးဆုံးလို့ တန်ဆောင်တိုင်ကာလထဲသို့ ရောက်ရှိလို့လာပါပြီ။ တန်ဆောင်မုန်းကာလဟာ ဆောင်းရာသီ ဝင်စအချိန်ဖြစ်တာကြောင့် အအေးပိုင်းဒေသတွေမှာ ချမ်းစိမ့်စိမ့်နဲ့ နေလို့ကောင်းပြီး ရန်ကုန်မှာကတော့ မိုးလေကင်းစင်တဲ့ ရာသီဥတုနဲ့ နေလို့ထိုင်လို့ ကောင်းပါတယ်။ တန်ဆောင်မုန်းကာလဟာ ပွင့်လင်းရာသီဖြစ်တာကြောင့် အားလပ်ရက်မှာ ခရီးသွားလို့ကောင်းတဲ့ကာလလို့လည်း ပြောလို့ရပါတယ်။ တန်ဆောင်တိုင် ပိတ်ရက်တွေလည်းရှိတာကြောင့် ခရီးသွားဝါသနာပါသူတွေအတွက် ခရီးထွက်လို့ ကောင်းမယ့် နေရာဒေသ ၅ ခုကို ဧရာဝတီမှ ညွှန်ပေးလိုက်ပါတယ်။ (၁) တောင်ကြီး မီးပုံးပျံပွဲ မြန်မာနိုင်ငံရဲ့အထင်ကရ ပွဲတော်တွေထဲမှာ နာမည်ကြီးတဲ့ “တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲ”က ပြည်တွင်းခရီးသွားတွေနဲ့ နိုင်ငံခြားဧည့်သည်တွေကို အထူး ဆွဲဆောင်ထားတဲ့ ပွဲတော်တခုပါ။ တောင်ကြီးနဲ့ တန်ဆောင်တိုင်ကို ခွဲခြားမရသလို နှစ်စဉ် စည်ကားတဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲကို အလည်သွားဖို့ ညွှန်းပေးချင်ပါတယ်။ တောင်ကြီး မီးပုံးပျံပွဲကို အလည်သွားရင်း တောင်ကြီး အနီးတဝိုက်က နာမည်ကြီး လည်ပတ်စရာ နေရာတွေဖြစ်တဲ့ အင်းလေးကန်၊ ညောင်ရွှေမြို့၊ ကလောဒေသ၊ ပင်းတယမြို့ ၊ ရွာငံ စတဲ့ နေရာတွေကို သွားရောက်လည်ပတ်နိုင်ပါတယ်။ (၂) ပြင်ဦးလွင် မီးပုံးပျံပွဲ တောင်ကြီး မီးပုံးပျံပွဲလိုပဲ နောက်ထပ် လည်ပတ်စရာ နေရာတခု ညွှန်းပေးချင်တာက ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲပါ။ ပြင်ဦးလွင် တန်ဆောင်တိုင်က အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပနေတာဖြစ်ပြီး ဒီနှစ်တန်ဆောင်တိုင် ပိတ်ရက်မှာ ပြင်ဦးလွင်ကို အလည်အပတ်သွားဖို့ ညွှန်းပေးချင်ပါတယ်။ ပြင်ဦးလွင်မှာ လည်စရာနေရာ ပေါများတာကြောင့် နေ့လည်ခင်းဘက် လျှောက်လည်မယ်ဆို ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်၊ တရုတ်ဘုံကျောင်း၊ ပိတ်ချင်းမြှောင် လှိုဏ်ဂူတော်၊ ပွဲကောက် ရေတံခွန်၊ ဓာတ်တော်ချိုင့် ရေတံခွန်၊ ၇ မိုင် ချောင်းသာ အပန်းဖြေစခန်း စတဲ့ နေရာတွေကို သွားရောက်လည်ပတ်နိုင်ပါတယ်။ (၃) ငပလီကမ်းခြေ ဒီနှစ် ပွင့်လင်းရာသီမှာ ပြည်တွင်း ခရီးသွားဧည့်သည်တွေကို အထူးဆွဲဆောင်ထားတာ ငပလီ ကမ်းခြေ ခရီးစဉ်ပါ။ အခုဆိုရင် ရန်ကုန်ကနေ ငပလီကို နေ့စဉ်ပြေးဆွဲနေတဲ့ အထူးယာဉ်လိုင်းတွေနဲ့ “ငပလီ ခရီးသွားဝန်ဆောင်မှု လုပ်ငန်း” တွေ ပိုများလာတာကြောင့် ငပလီကို လွယ်လွယ်ကူကူ သွားရောက် လည်ပတ်နိုင်ပါတယ်။ လှပတဲ့ ငပလီကမ်းခြေက ယခင်က လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြည်တွင်းခရီးသွား သွားရောက် လည်ပတ်ခဲ့တာ နည်းခဲ့ပြီး နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေသာ အလည်သွားတာများပေမယ့် ဒီနှစ်မှာ ပြည်တွင်း ခရီးသွားတွေ အသွားများနိုင်တယ်လို့ “ငပလီ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း” အချို့က ဆိုပါတယ်။ (၄) ပဲခူးရိုးမ Eco Resort တန်ဆောင်တိုင်ကို လူရှုပ်တဲ့နေရာတွေ မသွားချင်ဘူး၊ ပင်လယ်ကမ်းခြေဘက်လည်း မသွားချင်ဘူး၊ အေးအေးဆေးဆေးနဲ့ နားနားနေနေ သဘာဝဆန်တဲ့ ခရီးထွက်ချင်သူတွေအတွက် ရန်ကုန်မြို့နဲ့ မနီးမဝေး ပဲခူးတိုင်းဒေသကြီးအတွင်း၊ ပဲခူးရိုးမထဲမှာ တည်ရှိတဲ့ “ပဲခူးရိုးမ Eco Resort” ခရီးစဉ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ “ပဲခူးရိုးမ Eco Resort” က ပဲခူးရိုးမရဲ့အနောက်ဘက် တောင်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းကြိုးဝိုင်း အတွင်းမှာ တည်ရှိတာဖြစ်ပြီး ပြည်မှ ၄၃ မိုင်၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး အုတ်တွင်းလမ်းဆုံမှ မိုင် ၈၀ ခန့် ကွာဝေးတယ်လို့ သိရပါတယ်။ စိမ်းလန်းတဲ့ သဘာဝတောတောင် ရှုခင်းအလှတွေကို ခံစားရင်း အဖိုးမဖြတ်နိုင်တဲ့ ကျွန်းတောကြီးထဲမှာ အေးအေးချမ်းချမ်း နားနေချင်သူတွေအတွက် နေရာကောင်းတခုမို့ ညွှန်ပေးလိုက်ပါတယ်။ (၅) ဆောင်နိုင်ကြီး ရေတံခွန် ဒီနှစ် ခရီးသွားရာသီမှာ ပြည်တွင်းခရီးသွား ဧည့်သည်တွေ နောက်ထပ် အသွားများတဲ့ နေရာတခုက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီး ကင်ပွန်းစခန်းတောင်ခြေနားမှာ တည်ရှိပြီး ရန်ကုန်ကနေ ၃ နာရီကျော်လောက် ကားမောင်းရင် ရောက်နိုင်တဲ့ “ဆောင်နိုင်ကြီး ရေတံခွန်” ခရီးစဉ်ပါ။ ရန်ကုန်ကနေ သွားရတာ မဝေးတဲ့အတွက် ခရီးသွားလုပ်ငန်းအချို့က နေ့ချင်းပြန်ခရီးစဉ်တွေ ပြေးဆွဲသလို မိသားစုကိုယ်ပိုင်ကားနဲ့လည်း နေ့ချင်းပြန် အလည်သွားနိုင်ပါတယ်။ ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းကနေ နာရီဝက်ခန့် ကားမောင်းသွားရင် ဆောင်နိုင်ကြီးကျေးရွာ၊ ရာမည အပန်းဖြေစခန်း “ဆောင်နိုင်ကြီး ရေတံခွန်”ကို ရောက်ပါတယ်။ ရေမြေတောတောင် သဘာ၀ ရှုခင်း အလှတွေကြောင့် ဒီနှစ် ခရီးသွားရာသီမှာ နာမည်ကြီးလာတဲ့ “ဆောင်နိုင်ကြီး ရေတံခွန်” ကို သွားရောက်လည်ပတ်ဖို့ ညွှန်ပေးလိုက်ပါတယ်။ The post တန်ဆောင်တိုင်ကာလ ဘယ်ကို ခရီးထွက်ကြမလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2lD3Cfq
via IFTTT

No comments:

Post a Comment