Wednesday, November 1, 2017


ထောင်နံရံတွေကြား ရောက်သွားတဲ့ မုံးကိုးဒုက္ခ ပြည်သူကို အသိပေးချင်သူ ၂ ဦး ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့က ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် ဥက္ကဋ္ဌ နဲ့ သင်းထောက်ဆရာတို့ကို လားရှိုးမြို့ တရားရုံးက အောက်တိုဘာ ၂၇ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ချမှတ်လိုက်ပြီဆိုတဲ့ အကြောင်းကို သတင်း စာမျက်နှာတွေ ပေါ်မှာ စိတ်မကောင်းစွာ တွေ့လိုက်ရပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်ရ သူတို့ ၂ ဦးကို တပ်မတော်က ဖမ်းဆီး တရားစွဲဆိုခဲ့တာဖြစ်ပြီး အသက် ၆၂ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဦးဒွယ်ဒေ့ါနောင်လတ်ကို မတရားအသင်း ဆက်သွယ်မှု၊ တပ်မတော်ကို အကြည်ညိုပျက်စေမှု၊ ပို့ကုန်/သွင်းကုန် ဆိုင်ရာ စတဲ့ ပုဒ်မတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လ ချမှတ်လိုက်တာလို့ ဆိုပါတယ်။ သင်းထောက်ဆရာ ဦးလန်ဂျော်ဂမ်ဆိုင်းကိုတော့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၂နှစ်၊ ပို့ကုန်/သွင်းကုန် ဆိုင်ရာ ပုဒ်မ ၈ အတွက် ထောင်ဒဏ် ၃ လ အဖြစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၂နှစ်နဲ့ ၃ လ ချမှတ် လိုက်တယ်လို့ သိရပါတယ်။ သူတို့ ၂ ဦးကို KIA နှင့် ဆက်သွယ်မှု၊ KIA အတွက် တပ်သားစုဆောင်းပေးမှု၊ ငွေကြေးထောက်ပံ့မှုနဲ့ ၂၀၁၆ ခုနှစ်တုန်းက ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသတွင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ (NAB) တို့အကြား တိုက်ပွဲ ဖြစ်ပွားစဉ်တွင် တပ်မတော်သတင်းများကို NAB ဘက်သို့ ပေးပို့ခဲ့ခြင်းနဲ့ တပ်မတော်အပေါ် နိုင်ငံတကာနဲ့ ပြည်သူတွေက အထင်အမြင်မှားစေဖို့ ပြည်ပမီဒီယာများကို ခေါ်ယူပြီး မဟုတ်မှန် ဝါဒဖြန့်တယ်လို့ ဆိုထားပါတယ်။ သူတို့ ၂ ဦးကို ထောင်ဒဏ် ချမှတ်လိုက်တယ်လို့ သတင်းဖတ်လိုက်ရတော့ တိုက်ပွဲတွေအကြား မြေဇာပင် ဖြစ်ခဲ့ရတဲ့ မုံးကိုးမြို့ မှာ ခေတ္တဆုံခွင့်ရခဲ့တုန်းက အခြေအနေကို ပြန်သတိရမိပါတယ်။ သူတို့အပေါ် စွပ်စွဲချက်တွေထဲမှာ မီဒီယာကို ခေါ်ယူသတင်းပေးမှုလည်း ပါတော့ ကိုယ်တွေကြောင့်များလားဆိုပြီး စိတ်ထိခိုက်မိပါတယ်။ KIA၊ TNLA၊ MNDAA နဲ့ AA တို့ ၄ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ (NAB) က ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ထဲမှာ တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းကို စစ်ဆင်ရေးလုပ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ တပ်မတော်နဲ့ NAB တို့ အကြား အပြန်အလှန် ပစ်ခတ်မှုတွေအကြား ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရတာကတော့ မုန်းကိုးမြို့ပါ။ ပျက်စီးနေသည့် တိုက်များကြား ဆော့ကစားနေသည့် ကလေး တဦးနန်းဆိုင်နွမ် / ဧရာဝတီ တိုက်ပွဲတွေကြောင့် မုံးကိုးမြို့ကြီး ပျက်စီးနေပြီး မြို့ခံတွေ တဘက် တရုတ်နိုင်ငံထဲကို ထွက်ပြေးနေပုံတွေ၊ လက်နက်ကြီး ပေါက်ကွဲပုံတွေဟာ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာပေါ်မှာ ပေါ်ထွက်လာတော့ ဒီအခြေအနေတွေကို အတည်ပြုနိုင်ဖို့ မုံးကိုးမြို့ကို ကွင်းဆင်း သတင်းယူဖို့ သတင်းထောက်တော်တော်များများ ဆန္ဒပြင်းပြခဲ့ကြပါတယ်။ ဒါပေမယ့် တဘက်မှာလည်း တိုက်ပွဲတွေက ရှိနေဆဲမို့ သတင်းထောက်တွေရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက်လည်း စိတ်ပူရပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေအချို့နဲ့ သတင်းထောက်မိတ်ဆွေအချို့က ပဋိပက္ခတွေ မငြိမ်သက်သေးတဲ့ အခြေအနေမှာ အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်တာကြောင့် မုံးကိုးခရီးစဉ် မသွားဖို့ တားမြစ်ကြပါတယ်။ လက်နက်ကြီး ထိမှန်ပြီး မီးလောင် ပျက်စီးသွားသည့် နေအိမ်များဧရာဝတီ ဒါပေမယ့် မုံးကိုးမှာ ဘာဖြစ်နေလဲဆိုတာကို သတင်းယူချင်တဲ့စိတ်ကြောင့် လူက ရန်ကုန်မှာရှိနေပေမယ့် စိတ်ကတော့ မုံးကိုး ရောက်နေပြီ။ နောက်ဆုံးတော့ အခြေအနေတွေ မငြိမ်သက်သေးခင်မှာဘဲ ဧရာဝတီ သတင်းဌာနအပါအဝင် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နဲ့ ကုမုဒြာ ဂျာနယ်တို့က သတင်းထောက်တွေ မုံးကိုးမြို့ကို သွားရောက်ခွင့်ရရှိခဲ့ကြပါတယ်။ မီဒီယာသမားတွေ သိချင်တဲ့ အကြောင်းအရာတွေ၊ သွားချင်တဲ့နေရာတွေကို ဦးဒွယ်ဒေ့ါနောင်လတ် နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း တို့က သူတို့တတ်နိုင်သလောက် အကူအညီပေးခဲ့ကြပါတယ်။ သူတို့ကလည်း တိုက်ပွဲတွေအကြား မုံးကိုးမြို့ဘယ်လို ခံစားနေရ သလဲဆိုတာ မီဒီယာတွေကနေတဆင့် လူထုကို ချပြချင်တဲ့ဆန္ဒရှိနေတဲ့ အတွက် သတင်းထောက်တွေ သွားချင်တဲ့ နေရာတွေကို ခက်ခက်ခဲခဲ လိုက်ပို့ခဲ့ကြပါတယ်။ သူတို့ကြောင့်ပဲ တိုက်ပွဲတွေအကြားက မုံးကိုးမြို့ပေါ်ကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လက်နက်ကြီးဒဏ်တွေ ထိမှန်ထားတဲ့ မုံးကိုးမြို့ပေါ်က အဆောက်အအုံတွေတချို့က ပြိုပျက်နေပါပြီ။ မြို့ခံတွေကလည်း တရုတ်နိုင်ငံဘက် သွားခိုလှုံနေကြတော့ လူမနေတော့တဲ့ မြို့ပျက်ကြီးလိုဖြစ်နေပါတယ်။ တချို့အဆောက်အအုံတွေဆိုရင် မီးခိုးငွေ့တွေ တငွေ့ငွေ့ ထွက်နေတုန်းပါဘဲ။ လက်နက်ကြီး ထိမှန်ပြီး ပျက်စီးသွားသည့် စာသင် ကျောင်းဆောင်ဧရာဝတီ မုံးကိုးမြို့က နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းလည်း လက်နက်ကြီး၊ လက်နက်ငယ် ဒဏ်ကြောင့် ပျက်စီးနေတာကို ကိုယ်တိုင် တွေ့မြင်ခဲ့ရပါတယ်။ ဒီအခြေအနေတွေကို သတင်းထောက်တွေကိုယ်တိုင် ကွက်ကွက်ကွင်းကွင်း မြင်ခဲ့ပြီး တိုက်ပွဲကြားက မုံးကိုးဒေသ အခြေအနေနဲ့ ပတ်သက်ပြီး သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံနဲ့ ရုပ်သံတွေနဲ့တကွ ပြည်သူကို ချပြနိုင်ခဲ့ပါတယ်။ ကြမ်းတမ်းခက်ခဲလွန်းတဲ့ ပဋိပက္ခတွေကြားက မုံးကိုးဒေသရဲ့ အခြေအနေတွေကို ဦးဒွယ်ဒေ့ါနောင်လတ် နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း တို့ရဲ့ အရဲစွန့် ကူညီမှုသာ မရခဲ့ရင် ဖော်ထုတ်နိုင်ဖို့ မလွယ်ကူပါဘူး။ မုံးကိုးက သတင်းယူပြီးအပြန်မှာ မုံးကိုးမြို့နယ် အုပ်ချုပ်ရေးမှူးက ဘယ်မှာရှိနေလဲ၊ ဘယ်အချိန်ပြန်မှာလဲ၊ ဘယ်လမ်းက ဘယ်လိုပြန်မှာလဲ ဆိုတာကို ဖုန်းခဏခဏ ဆက်ပြီးမေးမြန်းမှုတွေ လုပ်နေကတည်းက စိတ်ထဲမှာ သံသယဖြစ်မိပါတယ်။ မုံးကိုး မြိုလယ်ခေါင် မြင်ကွင်းဧရာဝတီ သူတို့က သတင်းထောက်တွေ ဝင်လာပြီးရိုက်သွားတဲ့ ရုပ်ပုံတွေ သတင်းစာမျက်နှာတွေပေါ်တာလာမှာကို လိုလားဟန် မရှိပါဘူး။ ဒါကြောင့် လုံခြုံစိတ်ချရတဲ့နေရာကနေ ဓာတ်ပုံတွေကို အီးမေးလ်ကတဆင့် ရုံးကိုအရင်ပိုပြီး အုပ်ချုပ်ရေးမှူးကို မူလပြောပြထားတဲ့ ပြန်မယ့် ခရီးစဉ်လမ်းကြောင်းတွေကို ပြောင်းပြီး တိတ်တဆိတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်ကို အန္တရာယ်ကင်းကင်း ပြန်ရောက်ခဲ့ပေမယ့် ဦးဒွယ်ဒေ့ါနောင်လတ် နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း တို့ရဲ့ လုံခြုံရေး အတွက် ကိုတော့ စိတ်မပူခဲ့မိပါဘူး။ ဘာကြောင့်လဲဆိုရင် ပဋိပက္ခဖြစ်တဲ့နေရာတွေကို သတင်းထောက်တွေကို လိုက်ပြတာဟာ ပြစ်မှုတခုလို့ မမြင်တာကြောင့်ပါ။ ဒါပေမယ့် ၂၀၁၆ ဒီဇင်ဘာလထဲမှာ သူတို့နှစ်ဦးပျောက်ဆုံးသွားတယ် ဆိုတဲ့သတင်းတွေကြားလိုက်ရပါတယ်။ သူတို့ ၂ ဦးပျောက်သွားပြီး မကြာခင်မှာဘဲ မုံးကိုးမြို့ပေါ်က အိမ်သာကျင်း တခုထဲမှာ လူသေရုပ်အလောင်း ၂ လောင်း တွေ့ရှိတယ် ဆိုတဲ့ သတင်းကြောင့် တော်တော်လေး ထိတ်လန့်တုန်လှုပ်မိပါသေးတယ်။ တရုတ်-မြန်မာ နယ်စပ် ဝင်/ထွက် ဂိတ်ဧရာဝတီ သူတို့ ၂ နှစ်ကို ဖမ်းဆီးထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၁၇ ဇန်နဝါရီ ၁၉ ရက်နေ့မှာ သတင်း ထုတ်ပြန်လိုက်တဲ့ အတွက် အသက်ရှင်လျှက်ရှိနေပါလားဆိုပြီး စိတ်သက်သာရာရခဲ့ပါတယ်။ အဲတုန်းက သူတို့ ဒီလို ထောင်ချ ခံရလိမ့်မယ်လို့တောင် မတွေးခဲ့မိပါဘူး။ အခုသူတို့ ၂ ဦးထောင်ဒဏ် ချမှတ်ခံရတယ်ဆိုတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိသလို သတင်းမီဒီယာတွေကို အကူအညီပေးခဲ့တဲ့သူတွေကို ဒီလိုဖမ်းဆီးထောင်ချလိုက်မှုဟာ ကိုယ့်ဒေသအခြေအနေကို မီဒီယာကတဆင့် ဖော်ပြ ချင်သူတွေကို သွယ်ဝိုက် တားဆီးလိုက်သလို ဖြစ်သွားသလားဆိုတဲ့ အတွေးလည်း ဝင်လာပါတယ်။ ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လ ချမှတ်ခံလိုက်ရတဲ့ ဦးဒွယ်ဒေါ့နောင်လတ် နဲ့မုံးကိုးမှာ တွေ့ခွင့်ရလိုက်တာဟာ နာရီဝက်ခန့်သာ ကြာခဲ့ပါတယ်။ ကျန်းမာရေး ချို့တဲ့သူတဦးဖြစ်တာကြောင့် သူ့အတွက် ပိုပြီး စိုးရိမ်မိပါတယ်။ လက်နက်ကြီး ထိမှန်ပြီး ပျက်စီးနေသည့် ကက်သလစ် သာသနာပြု ဘုရားကျောင်းဧရာဝတီ အဲလိုတွေ့ဆုံခွင့်ရချိန်မှာလည်း ဦးဒွယ်ဒေါ့နောင်လတ်နဲ့ သင်းထောက် ဆရာ၊ ဆရာမတွေက အန္တရာယ်ဇုန်ထဲမှာ စွန့်စားပြီး ရောက်လာတဲ့ သတင်းထောက်တွေကို ဘေးကင်းစေရေးအတွက် “ဘုရားသခင် ကောင်းချီးပေးပါစေ” ဆိုပြီး ဆုတောင်း ပေးကြပါတယ်။ ခုချိန်မှာတော့ မုံးကိုးမြို့ပေါ်မှာ တိုက်ပွဲတွေ မရှိတော့ပါဘူး။ မြို့ခံတွေလည်း ပြန်ရောက်လာကုန်ကြပါပြီ။ ဒါပေမယ့် တိုက်ပွဲတွေကြားမှာ မြေဇာပင် ဖြစ်ခဲ့ရတဲ့ မုံးကိုးမြို့အကြောင်း ပြည်သူတွေကို ချပြချင်ခဲ့တဲ့ ဆရာ ၂ ဦး ကတော့ ထောင်နံရံတွေ ကြားထဲမှာ နေရပါတော့မယ်။ မုံးကိုးမှာ ဆုံခဲ့တုန်းက သတင်းထောက်တွေကို အန္တရာယ်ဇုန်ထဲက လွတ်မြောက်ဖို့ ဆုမွန်ကောင်း တောင်းပေးခဲ့သလိုပဲ သူတို့ ၂ ဦးကို “ဘုရားသခင် ကောင်းချီး ပေးပါစေ” လို့သာ ဆန္ဒပြုလိုက်ပါတယ်။ နန်းဆိုင်နွမ် သည် ၂၀၁၆ ခုနှစ်က တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်များအကြား ဖြစ်ပွားခဲ့သော မုံးကိုးဒေ တိုက်ပွဲဖြစ်စဉ်များအကြား ဧရာဝတီ သတင်းဌာနမှ သွားရောက် သတင်းယူခဲ့သည့် သတင်းထောက်တဦးဖြစ်သည်။ ဆက်စပ်ဖတ်ရှုရန် – ဒဏ်ရာတွေ နဲ့ မုံးကိုး မုံးကိုးမြို့ ကချင် ဘာသာရေး ဆရာ ၂ ဦးကို ထောင်ဒဏ်များ ချမှတ် The post ထောင်နံရံတွေကြား ရောက်သွားတဲ့ မုံးကိုးဒုက္ခ ပြည်သူကို အသိပေးချင်သူ ၂ ဦး appeared first on ဧရာဝတီ.
Source : http://ift.tt/2xJ17Kc
via IFTTT

No comments:

Post a Comment