ရခိုင်အရေး ဖိအားပေးနေသည့် နိုင်ငံများအား ဧဝံဂေလိ ခရစ်ယာန် အဖွဲ့ချုပ် ဝေဖန် နိုင်ငံတကာက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အခြေအနေများကို ကွက်ကြည့်ပြီး မြန်မာ အစိုးရအား ကန့်သတ် ချုပ်ချယ် ဖိအားပေး နေသည်ဟု မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ် အဖွဲ့ချုပ် (MECA) က ဝေဖန် ပြောဆို လိုက်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာက မြန်မာအစိုးရအပေါ် ကန့်သတ်မှု၊ ဖိအားပေးနေမှုများ သည် တဖက်သတ်ရရှိထားသော သတင်းများအပေါ်တွင် အခြေခံနေသဖြင့် စိတ်မကောင်း ဖြစ်ရကြောင်း MECA အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ ဦးမောရစ်လျန်နာ က ပြောသည်။ ဦးမောရစ်လျန်နာ က “နိုင်ငံတကာကနေ ထုတ်ပြန်လိုက်တဲ့ သတင်းတွေ တော်တော်များများဟာ တဖက်သတ် ရရှိတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် နှစ်ဖက်စလုံး မှန်ကန်တဲ့ သတင်းယူပြီးမှ ကမ္ဘာကလည်း ဆုံးဖြတ်ချက်တွေ ချသင့် တယ်လို့ ကျနော်တို့ယူဆပါတယ်” ဟု ဧရာဝတီကို ပြောပြသည်။ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ် အဖွ့ဲချုပ် (MECA) သည် ကမ္ဘာ့ ဧဝံဂေလိ မဟာမိတ် အဖွဲ့ချုပ် (WEA) နှင့် အာရှ ဧဝံဂေလိ မဟာမိတ် အဖွဲ့ချုပ် (AEA) တို့၏ အသိအမှတ်ပြုထားခြင်း ခံထားရသည့် အဖွဲ့ဖြစ်ပြီး ရခိုင်အရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ သဘောထား အမြင်ကို ယခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က သဘောထား ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် ရခိုင်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာအစိုးရကို ကန့်သတ် ချုပ်ချယ် ဖိအားပေးနေသည့် နိုင်ငံတကာ၏ လုပ်ရပ်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က သဘောတူ ချမှတ်ခဲ့သော အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း (UDHR) ပါ အချက်များကို ထိုနိုင်ငံများ ကိုယ်တိုင် ဖောက်ဖျက် ကျူးလွန်နေ သကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်ထားသည်။ UDHR ပါ အချက်အလက်များသည် နိုင်ငံတနိုင်ငံ လူသားမျိုးနွယ်စု တစုအတွက် မဟုတ်ဘဲ လူသားတဦး၊ တယောက် စီ တိုင်း အတွက် ရေးဆွဲ ချမှတ် ထားခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အခြေအနေများတွင် တချို့သော ပြည်ပ နိုင်ငံများ၏ အကာအကွယ်ပေး ရပ်တည်မှုများသည် လူသားမျိုးနွယ်စု တစုအတွက်သာ ဘက်လိုက် အကာ အကွယ် ပေး ရပ်တည် နေသည်ဟု ဆိုသည်။ ထို့အတူ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် အဘက်ဘက်မှ အကျိုးစီးပွား တိုးတက်ရေးများစွာတို့ကို လျစ်လျူရှုကာ တဖက်သတ် တားဆီးပိတ်ပင် နှောင့်ယှက် နေခြင်းများသည် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား ပေါင်းစုံတို့၏ ခံစားပိုင်ခွင့် လူ့အခွင့်အရေးများစွာတို့ကို နှောင့်ယှက် တားဆီး ပိတ်ပင်နေခြင်း ဖြစ်သောကြောင့် MECA အနေဖြင့် နိုင်ငံသားများ အားလုံးကိုယ်စား ဝမ်းနည်းကြောင်း ထုတ်ပြန် ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ဦးမောရစ်လျန်နာ က “ကျနော်တို့မှာ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရကလည်း ကျိုးစားပြီး လုပ်ဆောင်နေတယ် ဆိုတာလည်း သိတယ်။ ကျနော်တို့ ခရစ်ယာန်အနေနဲ့ အဖြစ်မှန်ကိုပဲ ဖော်ပြခြင်းဖြစ်တယ်။ ဘယ်အဖွဲ့ကမှန်တယ်။ ဘယ်အဖွဲ့ကမှားတယ်ဆိုတဲ့ ပုံစံမျိုးထက် ကမ္ဘာက တကယ့် စစ်မှန်တဲ့ သတင်းကို ယူပြီးတော့ ဆုံးဖြတ်ချက်တွေ ချသင့်တယ်လို့ ယူဆလို့ ကြေညာချက် ထုတ်ခြင်းဖြစ်တယ်” ဟု ပြောသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြည်ပနိုင်ငံတကာ သတင်းမီဒီယာတချို့နှင့် နိုင်ငံတချို့တို့သည် ဖြစ်ရပ် မှန် များကို ထိန်ချန် မျက်ကွယ်ပြုကာ တဖက်သတ် သတင်းရေးသား ဖော်ပြခြင်းများအပေါ်လည်း မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ် အဖွ့ဲချုပ် (MECA) အနေဖြင့် စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကြောင့် ဒေသခံ တိုင်းရင်းသားများ၊ ဌာန ဆိုင်ရာ ပြည်သူ့ဝန်ထမ်းများ၊ လူနည်းစု တိုင်းရင်းသားများနှင့် အပြစ်မဲ့ပြည်သူတချို့ သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ အဓမ္မ ပြုကျင့် ခံရခြင်း ခြိမ်းခြောက်ခေါ်ဆောင် ခံရခြင်း၊ အတင်းအဓမ္မ ဘာသာကူးပြောင်းခံရခြင်း၊ နေရပ် စွန့်ခွာခြင်းများ အတွက် MECA အနေဖြင့် ထိုအကြမ်းဖက်မှု အပေါ် ပြင်းထန်စွာ ရှုတ်ချသည်ဟု ဆိုသည်။ ထိုအကြမ်းဖက်မှု၌ ထိခိုက်နစ်နာ ဆုံးရှုံးသူ မိသားစုများ အားလုံးနှင့်လည်း ထပ်တူ ဝမ်းနည်း ကြေကွဲရကြောင်း၊ ထို ပြဿနာ နှင့် ပတ်သက်ပြီး ရင်ဆိုင် ကြုံတွေ့နေရသည့် မြန်မာအစိုးရ အနေဖြင့်လည်း အကောင်းဆုံး ဖြေရှင်း သွားနိုင် လိမ့်မည်ဟု ယုံကြည် ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ The post ရခိုင်အရေး ဖိအားပေးနေသည့် နိုင်ငံများအား ဧဝံဂေလိ ခရစ်ယာန် အဖွဲ့ချုပ် ဝေဖန် appeared first on ဧရာဝတီ.
Source : http://ift.tt/2z5SomF
via IFTTT
No comments:
Post a Comment