တနိုင်းရှိ ကချင် စစ်ရှောင်များ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ ကချင်ပြည်နယ် တနိုင်းမြို့ပေါ်ရှိ ကချင် စစ်ဘေး ဒုက္ခသည် ၉၀၀ ကျော်သည် လတ်တလော အခြေအနေ အရ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။ ယင်း ဒုက္ခသည်များသည် ၂၀၁၇ ခုနှစ် ဇွန်လ အတွင်းက တနိုင်းမြို့နယ်တွင် ကချင် လွတ်လပ်ရေး တပ် မတော် (KIA) နှင့် အစိုးရ တပ်မတော် တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာကြသော အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများ ဖြစ်ကြောင်း တနိုင်းမြို့မှ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) မှ သင်းအုပ်ဆရာ တာဖန်ဂျေဒီးက ပြော သည်။ တနိုင်းမြို့ပေါ် ရောက်ရှိနေသာ ထို စစ်ဘေး ဒုက္ခသည်များသည် အင်ဂါးဂါကျေးရွာ၊ အွယ်လောကျေးရွာ၊ နမ့်ကွမ်း ကျေးရွာနှင့် နမ်ဗျူနမ်ခမ် ကျေးရွာတို့မှ ဖြစ်သည်ဟုလည်း ၎င်း က ဆိုသည်။ KBC သင်းအုပ်ဆရာ တာဖန်ဂျေဒီးက “အကူအညီတော့ အများကြီး လိုနေပြီ။ ကူညီမယ့် သူတွေလည်း မလာတော့ဘူး။ အခုတော့ အကုန်လိုနေပြီ။ ရိက္ခာတော့ မရှိတော့ဘူး။ လုံးဝပြတ်လာပြီ။ အရေးတကြီး လိုနေတာက ဆန်၊ ဆီ၊ ဆား ရိက္ခာ ပေါ့”ဟု ပြောပြသည်။ လက်ရှိတွင် စစ်ရှောင်များအတွက် ရိက္ခာမှာ ၂ ပတ်စာ ဝန်းကျင်သာ ကျန်ရှိတော့သည့် အတွက် စားနပ် ရိက္ခာများ အရေးပေါ် လိုအပ်နေသကဲ့သို့ ဆောင်းရာသီ ရောက်ရှိလာခြင်းကြောင့်လည်း အနွေးထည်၊ စောင်၊ ခြင်ထောင်များ လိုအပ်နေကြောင်း တနိုင်းမြို့မှ KBC အသင်းတော်က ပြောသည်။ အရေးပေါ် စားနပ်ရိက္ခာများ အကူအညီ လိုအပ်နေသော အခြေအနေနှင့် စစ်ရှောင်များ အဆင်ပြေပြေ နေထိုင် နိုင်ရေး အတွက် စစ်ရှောင် စခန်းများ ဆောက်လုပ်ခွင့်ပြုရန် တနိုင်း KBC မှ တာဝန်ရှိသူများက ကချင် ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားသော်လည်း အဆင်မပြေသေးကြောင်း သင်းအုပ်ဆရာ တာဖန် ဂျေဒီးက ပြောဆိုသည်။ “ကချင်ပြည်နယ် အစိုးရအဖွဲ့က လာကို မကြည့်ဘူး။ ကျနော်တို့ တင်ပြထားတာ ကြာပြီ။ စစ်ရှောင်တွေ ရောက်လာပြီး ၂ လ လောက်က တင်ပြထားတာ။ ဒီစစ်ရှောင်တွေကို စစ်ရှောင်စခန်း ဆောက်ဖို့ တင်ပြတာ လည်း သူတို့က ခွင့်မပြုဘူး။ ကျဉ်းကျဉ်း ကျပ်ကျပ်လေးနဲ့ပဲနေလာတာ ခု ၅ လ၊ ၆ လ ဝင်လာပြီ”ဟုလည်း ၎င်းက ပြောသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် အစိုးရ အဖွဲ့ဝင်များ ထံ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိသည့်အတွက် တစုံတရာ မသိရှိရ သေးပေ။ ထိုစစ်ရှောင်များသည် တနိုင်းမြို့ပေါ်ရှိ ဘုရားကျောင်းများတွင် နေထိုင်လျက်ရှိကြပြီး နေရပ် ပြန်နိုင်ရေး အစိုးရ ဘက်မှ ဆောင်ရွက်ပေးမည့် အချိန်ကို စောင့်ဆိုင်းနေကြကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ အတွင်းက KBC တာဝန်ရှိသူများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော်တွင် တွေ့ဆုံ၍ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး အပါအဝင် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်ဟု ဆိုသည်။ The post တနိုင်းရှိ ကချင် စစ်ရှောင်များ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2j2DedZ
via IFTTT
No comments:
Post a Comment