Tuesday, November 21, 2017


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီ ကျူးဝေါချင်း၏ ဖိတ်ကြားချက်အရ ယနေ့နံနက်ပိုင်းမှာ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွား ရောက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးက ထုတ်ပြန်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားပြီး၊ အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်အစိုးရ အပါအဝင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းများ၊ စက်ရုံများနှင့် အထင်ကရနေရာများအား လှည့်လည် ကြည့်ရှု့ ခြင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ စစ်ဘက်ဆိုင်ရာ လေ့လာသူတချို့၏ အဆိုအရ ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်ပြည်ခရီးစဉ်ကို လွန်ခဲ့သည့် ၂လခန့်က တည်းက စီစဉ်ထားခြင်းဖြစ်ပြီး၊ ယခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေအပါအဝင် တရုတ်- မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်များ အရေးနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်ကို အနောက် နိုင်ငံများက ဖိအားပေးကာ ဆက်ဆံရေးတည်ဆောက်ရန် ချိန်ရွယ်နေချိန် တရုတ်အစိုးရအနေဖြင့် လက်ဦးမှုရယူကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားသွားခြင်း ဖြစ်ဖွယ်ရှိကြောင့် စောင့်ကြည့်လေ့လာသူ အချို့က သုံးသပ်နေကြသည်။ အမေရိကန်အစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိသည် ဆိုကာ မြန်မာ့တပ်မတော် အပေါ် ထိတွေ့ဆက်ဆံမှု အပါအဝင် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ပြင်ဆင်နေကြောင်း အောက်တိုဘာ ၂၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်သည်။ ထိုကြေညာချက်တွင် မြန်မာ့တပ်မတော်မှ လက်ရှိ ခေါင်းဆောင်များနှင့် ထိပ်တန်း ခေါင်းဆောင် ဟောင်းများကို ဗီဇာပိတ်ပင်မှု အပါအဝင် စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချမှုကိုလည်း ပိတ်ပင် သွားမည် ဖြစ်ပြီး၊ ရခိုင်မြောက်ပိုင်း ပဋိပက္ခ၌ ပါဝင်သည့် တပ်မတော်အရာရှိအချို့နှင့် လူပုဂ္ဂိုလ် အချို့ကို ပစ်မှတ်ထား အရေးယူဆောင် ရွက်မှုများ ပြုလုပ်သွားရန်ရှိ ကြောင်းဆိုထားသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ခရီးစဉ် မတိုင်မီ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း နေပြည်တော်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ (Wang Yi) နှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးရာတွင် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သည့် အရေးကိစ္စ များ၌ မြန်မာနိုင်ငံ၏ အခြေအနေမှန်ကိုသိရှိပြီး မြန်မာနိုင်ငံဘက်မှ ရပ်တည်ထောက်ခံပေးသည့် အတွက် ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မစ္စတာဝမ်ယိကို ပြောဆိုခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ ထိုတွေ့ဆုံရာတွင် မစ္စတာ ဝမ်ယိက ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ထွက်ခွာသွားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင် လူမျိုးများ အား ဥပဒေနှင့်အညီ ပြန်လည်လက်ခံရေး ဆိုင်ရာကိစ္စများကို အကြံပြုတိုက်တွန်းပြောကြားခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် အခြေအနေမှန်များအား နိုင်ငံတကာမှ သိရှိ အောင်ဆောင်ရွက်သင့်သည့် အခြေအနေများ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုတိုးတက် ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ ကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ခိုင်မာသည့် ဆက်ဆံရေးမှ တဆင့် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာတိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ မစ္စတာ ဝမ်ယိသည် ၎င်း၏ နိုဝင်ဘာ ၁၉ ရက်နေ့ ခရီးစဉ်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးသန့် တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်၏ ရပ်ဝန်းလမ်းကြောင်း စီမံကိန်း၊ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နှင့် ရခိုင်ပြည်နယ်အရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ မစ္စတာ ဝမ်ယိ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် တရုတ် ယွမ်ငွေ ၃၃ သန်းကျော် ကူညီ ထောက်ပံ့ပေးခဲ့သည်။ တရုတ်နိုင်ငံသည် ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၌ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများကို ရင်းနှီးမြုပ်နှံထားပြီးဖြစ်သည်။ အလားတူ အိန္ဒိယနိုင်ငံကလည်း ဖိအားပေးခံနေရသည့် မြန်မာတပ်မတော်မှ အရာရှိ ၁၅ဦးပါဝင် သည့်အဖွဲ့နှင့် မမ်ဂါလာဂျာ ပြည်နယ်ရှိ အမ်ရွိုင်းတွင် ၆ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု တခုပြုလုပ်နေသည်။ The Indian Express သတင်း၏ အဆိုအရ ယင်းပူးပေါင်းလေ့ကျင့်မှုသည် အိမ်နီးချင်း ၂ နိုင်ငံ အကြား ပထမဆုံးအကြိမ် ကြည်းတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုဟု သိရပြီး တပ်မတော် ၂ ခုအကြား အပြုသဘောဆောင်သော ဆက်ဆံရေး တိုးတက်စေရန် ဖြစ်သော်လည်း ၂ နိုင်ငံအကြား စစ်ဆင်ရေး စွမ်းရည် တိုးတက်စေရန်နှင့် ပုန်ကန်မှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်မှု စစ်ဆင်ရေး အတွေ့အကြုံများလည်း ဖလှယ်ကြရန် ဖြစ်ကြောင်း ပါရှိသည်။ The post ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက် appeared first on ဧရာဝတီ.
Source : http://ift.tt/2zUKpMc
via IFTTT

No comments:

Post a Comment