ထိုင်းထောင်တွင်းမှ ဝီဂါတိုင်းရင်းသား အယောက် ၂၀ ထောင်ဖောက်ထွက်ပြေး ထိုင်းနဲ့ မလေးရှားနယ်စပ်အနီး ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်ရှိ ထောင်ကနေ တရုတ်နိုင်ငံမှ ဝီဂါတိုင်းရင်းသား ထောင်သားအယောက် ၂၀ လောက် ထောင်ဖောက် လွတ်မြောက်သွားတယ်လို့ ထိုင်းအရာရှိတွေက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ထောင်သားတွေဟာ ထောင်နံရံကို ကြွေပြားအကွဲတွေနဲ့ တူးပြီး စောင်တွေကို ကြိုးလှေကားအဖြစ်သုံးရင်း ထွက်ပြေးသွားခဲ့တာပါ။ ဝီဂါတိုင်းရင်းသား ၂၅ ဦး ထွက်ပြေးလွတ်မြောက်အပြီး ၅ ဦးကို ပြန်ဖမ်းမိခဲ့ပေမယ့် အယောက် ၂၀ က ဆက်ပြီး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့တဲ့ ဝီဂါတိုင်းရင်းသား အယောက် ၂၀၀ ကျော်ထဲက နောက်ဆုံး လက်ကျန်အုပ်စုပါ။ သူတို့အုပ်စုဝင်တွေက တူရကီနိုင်ငံသားတွေလို့ ပြောခဲ့ပေမယ့် လူအယောက် ၁၀၀ ကျော်ကို ၂၀၁၅ ဇူလိုင်မှာ တရုတ်နိုင်ငံဆီ အတင်းအကျပ် ပြန်ပို့ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရတာပါ။ ပြန်ပို့ခံရသူတွေဟာ တရုတ်နိုင်ငံထဲမှာ နှိပ်စက်ခံရနိုင်တယ်လို့ စိုးရိမ်တဲ့အတွက် လူ့အခွင့်အရေး အုပ်စုတွေက အကြီးအကျယ် ပြစ်တင်ရှုတ်ချခဲ့တာပါ။ တရုတ်နိုင်ငံ အနောက်စွန်းက ရှင်းကျန်းပြည်နယ်ထဲမှာ လတ်တလောနှစ်တွေအတွင်း လူများစု ဟန် တရုတ်လူမျိုးတွေနဲ့ တားကစ်ဘာသာစကားပြောတဲ့ မွတ်ဆလင် ဝီဂါလူမျိုးတွေကြား အကြမ်းဖက်မှုတွေကြောင့် လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ ရှင်းကျန်းပြည်နယ် မငြိမ်သက်မှုဟာ ခွဲထွက်ရေး မွတ်ဆလင် စစ်သွေးကြွတွေကြောင့်လို့ တရုတ်အစိုးရက ပြောပါတယ်။ လူ့အခွင့်အရေးအုပ်စုတွေနဲ့ ပြည်ပြေးတွေကတော့ တရုတ်ရဲ့ ဝီဂါလူမျိုးတွေအပေါ် ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ တင်းကျပ်မှုတွေကြောင့် ဒေါသထွက်ပြီး ခုလိုဖြစ်တာလို့ ပြောခဲ့ကြပါတယ်။
Source : http://ift.tt/2B9UgM7
via IFTTT
No comments:
Post a Comment