ဘန်ကောက်မြို့လယ်ခေါင် ဗုံးဖောက်ခွဲမှု သံသယရှိသူ အမျိုးသမီးတဦး ဖမ်းမိ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဘန်ကောက်မြို့လယ်ခေါင် ဧရာဝဏ်နတ်ကွန်း ဗုံးဖောက်ခွဲမှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ အမျိုးသမီးတဦးကို နိုဝင်ဘာ ၂၂ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသက် ၂၉ နှစ်အရွယ် ဝမ်နာဆူအန်ဆန် အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ တူရကီနိုင်ငံမှ ပြန်လာခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင်းမှာ ဖမ်းမိခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၁၇ ရက်နေ့က ဗုံးပေါက်ကွဲမှုမှာ လူပေါင်း ၂၀ သေဆုံးပြီး ၁၃၀ လောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဝမ်နာနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဗုံးဖောက်ခွဲမှု သံသယနဲ့ ဖမ်းမိထားသူ တရားခံ ၂ ဦးဖြစ်တဲ့ ယူဆွတ်ဖူမီရယ်လီနဲ့ အဒမ်ကရာဒက်တို့ကို တူရကီမှာရှိစဉ် နေစရာစီစဉ်ပေးခဲ့မှုအတွက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီဗုံးဖောက်ခွဲမှု သံသယနဲ့ ဝမ်နာဟာ သူမရဲ့ခင်ပွန်းနဲ့အတူ တူရကီနိုင်ငံမှာ ၂ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လွတ်မြောက်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင်းကို သား ၂ ဦးနဲ့အတူ ပြန်လည်ဝင်ရောက်လာခဲ့တာပါ။ လက်ရှိမှာတော့ သူ့ကို ထိုင်းနိုင်ငံ ဗဟိုအမျိုးသမီး ထိန်းကျောင်းပြုပြင်ရေးအဖွဲ့မှာ လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေကတော့ အာမခံရရှိဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်နေသူတွေထဲ ထိုင်းနိုင်ငံတွင်းမှ ဝီဂါမွတ်ဆလင်လူမျိုးတွေ ပါဝင်နေတယ်လို့ သံသယတွေလည်း ရှိထားတာပါ။ လက်ရှိမှာတော့ ရနောင်း၊ မူခ်ဒါဟန်၊ နောင်ခိုင်၊ ဆောင်ခလာ၊ ဥဘွန်း ရက်ခ်ျ ဌာနီနဲ့ ဘန်ကောက်မြို့ ဒေသအသီးသီးမှ ထိန်းသိမ်းရေးစင်တာတွေမှာ အထောက်အထားမဲ့ ဝီဂါလူမျိုး ၆၁ ဦးကို ထိန်းသိမ်းထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူတို့ဟာ နေရင်းနိုင်ငံတွေဆီ မပြန်ခင်မှာ နိုင်ငံသားဖြစ်မှု အထောက်အထားတွေ စောင့်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။
Source : http://ift.tt/2A7Yxzn
via IFTTT
No comments:
Post a Comment