၂၀၁၆/၁၇ မြန်မာ့စီးပွားရေးအပေါ် IMF ၏ ကနဦး တွေ့ရှိချက်များ စီးပွားရေးက ၂၀၁၆/၁၇ တွင် တည်ငြိမ်ခဲ့သည်။ အဓိကအားဖြင့် စိုက်ပျိုးရေး ထုတ်လုပ်မှုနှင့် နိုင်ငံခြားတင်ပို့မှု အားနည်းခြင်း၊ ရန်ကုန်တိုင်းမှ ဆောက်လုပ်ရေး စီမံကိန်း အချို့ကို ယာယီဆိုင်းငံံလိုက်ခြင်းတို့ကြောင့် ၂၀၁၆/၁၇ တွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်းက မျှော်လင့်ထားသည်ထက် နည်းပါသော ၅.၉ ရာခိုင်နှုန်း ဖြစ်သွားခြင်းနှင့် အတူ အစိုးရသစ်၏ ပထမဆုံးနှစ်တွင် စိန်ခေါ်မှုများ တွေ့ခဲ့ရသည်။ ကြွေးမြီနှင့် လိုငွေပြမှု လျှော့ချရေးနှင့် ပတ်သက်၍ ရွေးကောက်ပွဲနှစ်တွင် လိုငွေပြမှုက GDP ၏ ၄.၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၆/၁၇ တွင် GDP ၏ ၃ ရာခိုင်နှုန်း ဖြစ်သွားခြင်းကြောင့် ဗဟိုဘဏ်အနေဖြင့် လိုငွေပြမှုနှင့် မညီမျှမှုများအတွက် ဖြည့်တင်းထောက်ပံ့ပေးနေရခြင်းကို လျှော့ချနိုင်ခဲ့သည်။ ငွေကြေးဖောင်းပွမှုက ၆.၈ ရာခိုင်နှုန်းဖြင့် အလယ်အလတ်တွင် ရှိခဲ့ သည်။ ကုန်သွယ်ရေး လိုငွေပြမှုက ၂၀၁၅/၁၆ တွင် GDP ၏ ၅.၁ ရာခိုင်နှုန်းမှ ၂၀၁၆/၁၇ တွင် ၃.၉ ရာခိုင်နှုန်းခန့်သို့ ကျဆင်းသွားခဲ့သည်။ ကုန်သွယ်ရေးလိုငွေပြမှုကို အမှန်တကယ် ငွေကြေးလဲလှယ်နှုန်းနှင့် နိုင်ငံတကာ အရံငွေကြေး (မျှော်မှန်းထားသည့် သွင်းကုန်၏ ၃.၂ လစာ) တည်ငြိမ်ခြင်းနှင့် အတူ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုက ဆက်လက်၍ အဓိကနေရာမှ ငွေကြေးထောက်ပံ့သွားရန် ရှိနေသည်။ ကာလလတ် (medium-term) မက်ခရိုစီးပွားရေး ရှုထောင့်က အားကောင်းနေဆဲ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုက ၂၀၁၇/၁၈ တွင် ၆.၇ ရာခိုင်နှုန်းသို့ ပြန်တက်လာမည်ဟု မျှော်လင့်ရပြီး အဓိကအားဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် ပို့ကုန် အခြေအနေ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ဖြစ်သည်။ အခွန်မှ ဝင်ငွေမြင့်တက်လာခြင်းကြောင့် ၂၀၁၇/၁၈ ဒုတိယ နှစ်ဝက်တွင် အစိုးရ အသုံးစရိတ်မြင့်တက်လာမည်ဟု ခန့်မှန်းရသည်။ ဝင်ငွေနှင့် ဟန်ချက်ညီမျှသည့် ဖြည့်စွက်ဘတ်ဂျက် ချထားပေးခြင်းကလည်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေပါလိမ့်မည်။ သို့သော်လည်း ကာလတို(near-term) ဖွံ့ဖြိုးတိုးတက်မှုက ယခင်ကမျှော်လင့်ထားသည်ထက် အားနည်းနေခြင်းက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ငြိမ်သက်နေခြင်းနှင့် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဆိုင်သော မရေရာမှုများ (အထူးသဖြင့် ခရီးသွားလုပ်ငန်း ကဏ္ဍ ထိခိုက်ခြင်း) ကို ရောင်ပြန် ဟပ်ပြနေသည်။ ကာလလတ် (medium term) အတွင်း တိုးတက်မှုက ခန့်မှန်းထားသော အလားအလာရှိသည့် နှုန်း ၇ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်းဆီသို့ ဖြေးဖြေးချင်း မြင့်တက်သွားမည်ဟု မျှော်လင့်ရခြင်းသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီးဝင်ခြင်း ဆက်လက်များပြားခြင်း၊ အစိုးရ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သုံးစွဲမှု တိုးတက်လာခြင်းနှင့် ထိရောက်မှုကို ရောင်ပြန်ဟပ်နေသည်။ ဖွံ့ဖြိုးရေး လိုအပ်ချက်များနှင့် အညီ FDI နှင့် နှီးနွယ်နေသော သွင်းကုန် မြင့်နေခြင်းနှင့် အစိုးရ၏ အသုံးစရိတ်များကြောင့် လက်ရှိ ကုန်သွယ်ရေးလိုငွေပြမှုက ဆက်ရှိနေမည်ဟု မျှော်လင့်ရပါသည်။ အကျဖက်သို့ ဦးတည်သည့် စွန့်စားရမှုများလည်း ရှိနေသည်။ ငွေချေးမှု တိုးပွား လျှင်မြန်လာသော ကာလတခု နောက်ပိုင်းတွင် ဘဏ်လုပ်ငန်းကဏ္ဍက အရေးပါသော လုပ်ထုံးလုပ်နည်း အသစ်များကို ပြန်လည်ချိန်ညှိရန် လိုအပ်ပါသည်။ ယခုအချိန်အထိ တိုက်ရိုက်စီးပွားရေး သက်ရောက်မှုက ဒေသတွင်းမှာသာ အဓိက ဖြစ်ခဲ့သည့် အသွင်ရှိသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ပြည်တွင်း ပဋိပက္ခနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများက ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်မှု နှင့် ရင်းနှီးမြှုပ်နှံသူတို့၏ သဘောထားကို သက်ရောက်မှု ရှိနိုင်ပါသည်။ ကုန်ပစ္စည်းဈေးနှုန်းများ၊ အပြောင်းအလဲမြန်သည့် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် နှင့် တရုတ်နိုင်ငံဘက်မှ သက်ရောက်လာမှု ကို ကာကွယ်နိုင်စွမ်း နည်းခြင်းများ အပါအဝင် ပြင်ပအရင်းအမြစ်များက နောက်ထပ် ရှိနိုင်သည့် စွန့်စားရမှုများတွင် အဓိက အရင်းခံများ ဖြစ်သည်။ ယခုနှစ်တွင် ရေလွှမ်းမိုးခြင်း၏ သက်ရောက်မှုက အတော်အသင့်သာ ရှိခဲ့သော်လည်း သဘာဝ ဘေးအန္တရယ်က အမြဲတမ်း ရှိနေမည့် အန္တရာယ်တခု ဖြစ်နေဆဲ ဖြစ်သည်။ အကောင်းဘက်ကို ကြည့်မည်ဆိုလျှင် ပိုမို၍ တိကျသည့် ဗျူဟာမြောက် ပြုပြင် ပြောင်းလဲရေး အစီအစဉ်နှင့် အခြေခံ အဆောက်အဦးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပိုမိုမြင့်မားခြင်းက အလားအလာရှိသော ဖွံ့ ဖြိုးတိုးတက်မှုကို မြင့်တက်စေပါလိမ့်မည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ဖြေလျှော့မှု ကနဦးအဆင့်က အထင်ကြီးလောက်စရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ဦးတည်ခဲ့သည်။ ယခုအခါ ပြုပြင်ပြောင်းလဲရေး၏ အရှိန်အဟုန်ကို ဆက်ထိန်းသိမ်းရန် ဒုတိယလှိုင်း လိုအပ်နေသည်။ ပြုပြင်ပြောင်းလဲရေးက စိုက်ပျိုးရေး၊ ဘဏ်လုပ်ငန်းစနစ်နှင့် အတိုးနှုန်းများ တဖြည်းဖြည်းချင်း လွတ်လပ်ခွင့်ပေးရေး၊ အခြေခံ အဆောက်အအုံ၊ ကုန်သွယ်ရေး၊ သဘာဝ အရင်းအမြစ် စီမံခန့်ခွဲရေးနှင့် နိုင်ငံခြားလုပ်ငန်းများ စီးပွားရေး အတွင်းသို့ ပူးပေါင်းနိုင်အောင် နောက်ထပ် လမ်းဖွင့်ပေးခြင်း (ကုမ္ပဏီများ ဥပဒေပြင်ဆင်ခြင်း) များ အပါအဝင် ဥပဒေမူဘောင်များကို အာရုံစူးစိုက်သင့်ပါသည်။ အစီအစဉ်ကောင်းသည့် ပြုပြင်ပြောင်းလဲရေး ဒုတိယလှိုင်းနှင့် ကြီးမားသော အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု စွမ်းဆောင်ရည်ကောင်းခြင်းတို့က စီးပွားရေးကို ကမ္ဘာကုန်သွယ်ရေးနှင့် ထပ်မံ ပူးပေါင်းလာနိုင်စေရန်နှင့် ကမ္ဘာ့ ဈေးကွက်တွင် ပါဝင်မှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အထောက်အကူ ဖြစ်စေပါလိမ့်မည်။ ကြွေးမြီများ ပြန်လည်ပေးဆပ်နိုင်ရေးနှင့် လိုငွေပြမှုတွင် ဗဟိုဘဏ်က ဝင်ရောက် ထောက်ပံ့နေရမှု လျှော့ချရေးတို့ကို စွဲကိုင်ထားရင်း ဘဏ္ဍာရေးမူဝါဒက ရေရှည်ခိုင်မြဲမည့် ဖွံ့ဖြိုးရေး ဦးတည်ချက်များ (Sustainable Development Goals) ကို ရရှိရေးသို့ ဦးတည်သင့်ပါသည်။ လူမှုရေးအတွက် သုံးစွဲမှု အချိုးမြင့်မားလာခြင်းနှင့် ဒေသချင်း ကွာခြားချက်များကို ဖြေရှင်းရန် ဘဏ္ဍာငွေ ပိုမို ချထားပေးသည့် လတ်တလော ဆောင်ရွက်ချက်များကို IMF ဝန်ထမ်းများက ကြိုဆိုပါသည်။ အထူးသဖြင့် ရခိုင်ပြည်နယ် ပြန်လည် တည်ဆောက်ရေးနှင့် ဒုက္ခသည်များ ပြန်လည်နေရာ ချထားရေးတို့ အတွက် ဖြစ်ပါသည်။ ကာလလတ် တခုအတွင်းတွင် အဆိုပါ သုံးစွဲမှုများနှင့် အခြေခံအဆောက်အဦးအတွက် ဘဏ္ဍာငွေ သုံးစွဲမှု တိုးမြှင့်နိုင်ရေးမှာ အသုံးစရိတ် ပြန်လည်ချိန်ညှိခြင်း၊ အစိုးရ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် ဝင်ငွေ စုစည်း ကောက်ခံနိုင်မှုကို အဆင့်မြှင့်ခြင်း၊ ပြင်ပနှင့် ကုန်သွယ်ရာတွင် အပြန်အလှန် အခွန်လျှော့ချရေး သဘောတူညီချက်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချခြင်းမှ ရလာနိုင်မည့် အလားအလာတို့ကို ပေါင်းစပ်အသုံးချခြင်းမှ ရရှိနိုင်ပါသည်။ ဘဏ္ဍာငွေ စုစည်းမှုကို အခွန်စီမံခန့်ခွဲရေးမှ ရရှိသည့် တိုးတက်မှုကောင်း အပေါ်တွင် အခြေခံသင့်ပြီး နောက်တဆင့်တွင် အခွန် ဥပဒေများ ခေတ်မီအောင်ပြုလုပ်ရေး အကောင်အထည်ဖော်ရမည် ဖြစ်သည်။ အစိုးရ ဘဏ္ဍာရေး စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးနှင့် ဘတ်ဂျက်အတွက် ပို၍ ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေသည့် အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးတွင်လည်း အလေးအနက် အာရုံစိုက်ရန် လိုအပ်ပါသည်။ အထူးသဖြင့် လျှပ်စစ်နှင့် ဘဏ္ဍာရေး ကဏ္ဍတွင် ဖြစ်သည်။ နိုင်ငံပိုင် ဘဏ်များကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်း သင့်ပါသည်။ ဆင်းရဲနွမ်းပါးသူများအပေါ် သက်ရောက်မှုများကို ရှောင်ရှားရင်း အစိုးရပိုင် လျှပ်စစ်လုပ်ငန်းသို့ နိုင်ငံဘဏ္ဍာငွေမှ ဖြည့်စွက်ကျခံနေရခြင်းကို လျှော့ချနိုင်ရန် လျှပ်စစ်ဓာတ်အားခများကို ဆီလျှော်ညီညွတ်မှု ရှိအောင်ပြုလုပ်ရန် လိုအပ်ပါသည်။ ဈေးကွက်က ဆုံးဖြတ်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းက စီးပွားရေးတွင် မျှော်လင့်မထားသည့် သက်ရောက်မှုများကို သက်သာစေမည် ဖြစ်ပြီး ငွေကြေးမူဝါဒ အကောင်အထည်ဖော်မှုကိုလည်း ခိုင်မာ အားကောင်းစေမည် ဖြစ်ပါသည်။ ဈေးကွက်က ဆုံးဖြတ်သည့် ငွေလဲလှယ်နှုန်းသို့ ဦးတည်ခြင်းနှင့် တက်ကြွသော ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများဆိုင်ရာ စီမံခန့်ခွဲမှုတို့က ငွေကြေးနှင့် နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာ မူဝါဒ ဘောင်များကို ခိုင်မာအားကောင်းစေသည့် အချိန်တွင် ပြောင်းလွယ်ပြင်လွယ်ဖြစ်မှု မြင့်မားသော နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ဘဏ်အချင်းချင်း (နိုင်ခြားငွေလဲလှယ်သည့်) ဈေးကွက် နက်ရှိုင်းလာခြင်းတို့က မူဝါဒ ဖြန့်ကျက် အကောင်အထည်ဖော်မှုကို ခိုင်မာ အားကောင်းစေမည် ဖြစ်သည်။ မြန်မာနိုင်ငံက ဘဏ္ဍာရေးတည်ငြိမ်မှုကို ကာကွယ်ရေး ဆက်လက် ဦးတည်လုပ်ဆောင်နေသည်။ နိုင်ငံတကာ စံနှုန်း နှင့် ကိုက်ညီရေးသို့ ဦးတည်သော စည်းမျဉ်းစည်းကမ်း မူဘောင်များ အဆင့်မြှင့်တင်ပြင်ဆင်ရေးတွင် လိုအပ်အရေးပါသော ထိန်းချုပ်ရေး ဥပဒေနည်းလမ်းများ ထုတ်ပေးရန် ဘဏ်လုပ်ငန်း စနစ်ကို ချိန်ညှိဆောင်ရွက်နေသည်။ ဘဏ္ဍာရေး တည်ငြိမ်မှုနှင့် နက်ရှိုင်းမှု ရှိစေရေးကို အထောက်အကူဖြစ်မည့် နည်းလမ်းဖြင့် ဥပဒေ စည်းကမ်းများကို အကောင်အထည်ဖော်ရန် (IMF) ဝန်ထမ်းများက အာဏာပိုင်များကို အကြံပြုခဲ့ပါသည်။ ဘဏ္ဍာရေးကဏ္ဍနှင့် အတိုးနှုန်း လွတ်လပ်မှုရှိရေး နောက်ထပ်တိုးတက်မှုများကို ဗဟိုဘဏ်၏ ကြီးကြပ်ကွပ်ကဲနိုင်မှု စွမ်းဆောင်ရည်နှင့် လိုက်လျော ညီထွေမှုရှိသော အရှိန်အဟုန်တခုဖြင့် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ သဘောတူညီချက် အပိုဒ် ၄ အရ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကို သုံးသပ်စိစစ်ရန် လာရောက်သည့် မစ္စတာ ရှန်နကာပီးရစ် Shanaka J. Peiris ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ Article IV သည် နိုဝင်ဘာ ၁၈ ရက် မြန်မာပြည်မှ ပြန်မထွက်မီ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချက်ကို ဧရာဝတီက ဘာသာပြန်ဆို ဖော်ပြသည်။) The post ၂၀၁၆/၁၇ မြန်မာ့စီးပွားရေးအပေါ် IMF ၏ ကနဦး တွေ့ရှိချက်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2AmJK6H
via IFTTT
No comments:
Post a Comment