Myanmar International Fashion Week 2017 ရန်ကုန်မှာ ပြုလုပ်မည် နာမည်ကျော် ဒီဇိုင်နာများရဲ့ လက်ရာဒီဇိုင်းများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ မိတ်ကပ်ပညာရှင်များရဲ့ မိတ်ကပ် ဖန်တီးမှုများကို လေ့လာကြည့်ရှုနိုင်မယ့် ၅ ကြိမ်မြောက် Myanmar International Fashion Week 2017 ကို ဒီဇင်ဘာ ၈၊ ၉၊ ၁၀ ရက်များမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၃ ရက်တာ ကျင်းပပြုလုပ်မယ့် အဆိုပါပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ ရွှေထွဋ်တင်ကွင်းရှိ Hexagon Complex မှာ ပြုလုပ်မှာဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ “မြန်မာနိုင်ငံမှာ ကျင်းပတာ ၅ ကြိမ်မြောက်ရှိပါပြီ။ တခြားတိုင်းပြည်မှာဆိုရင် တနှစ်မှာ ၂ ကြိမ်ကျင်းပတယ်။ မြန်မာနိုင်ငံ မှာက တနှစ်ကို တကြိမ်ပဲကျင်းပဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီဇိုင်နာတွေရဲ့ အခက်အခဲတွေလည်း ပါတဲ့အတွက်ကြောင့် ပါ။ ဒီနှစ်ကတော့ ၃ ရက်ကို ၁၃ ပွဲပြသပါမယ်။ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပမှာပါ။ ဒီနှစ်ပွဲကို ပြည်တွင်းက ဒီဇိုင်နာတွေနဲ့ ပြုလုပ်မှာဖြစ်တဲ့အတွက် The Biggest Fashion Show In Myanmar လို့သတ်မှတ်ထားပါတယ်” လို့ ပွဲစီစဉ်သူ Star Event Production မှ ဂျွန်လွင်ကပြောပါတယ်။ Myanmar International Fashion Week 2017 မှာတော့ Star & Models Int’l မှ မော်ဒယ်လ် ကျား/မ အယောက် ၁၀၀ နဲ့ Star & Models Int’l မှ မွေးထုတ်ခဲ့တဲ့ နာမည်ကြီးအနုပညာရှင်များဖြစ်ကြသော နိုင်းနိုင်း၊ အောင်ရဲလင်း၊ အောင်မင်းခန့် ၊ ထက်အောင်ရှိုင်း၊ မိုးဟေကို၊ အေးမြတ်သူ၊ သန္တာဗိုလ်၊ အွန်ဆိုင်း၊ နန်းခေးမား၊ ယွန်းမှီမှီကျော် အစရှိတဲ့ မော်ဒယ်လ်များ၊ သရုပ်ဆောင်များက ပါဝင်သွားမှာ ဖြစ်ပါတယ်။ Fashion Show ၃ ရက်တာကို Star Event Production Myanmar Int’l Fashion Week by John Lwin Page မှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပြီး Channel 9 မှလည်း ဒီဇင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက် ည ၇ နာရီခွဲ အချိန်တွေမှာ ပြန်လည်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ The post Myanmar International Fashion Week 2017 ရန်ကုန်မှာ ပြုလုပ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2hIWh9t
via IFTTT
No comments:
Post a Comment