Saturday, November 4, 2017

The Voice

ဆံပင်ပြဿနာ အဖြေရှာနေရသည့် ဂျပန်နိုင်ငံ ဂျပန်နိုင်ငံ အိုဆာကာမြို့ အထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးကို ကျောင်းအာဏာပိုင်များက ဆံပင်အညိုရောင်အား အနက်ရောင် ဆိုးခိုင်းနေသဖြင့် ပြဿနာ တက်လျက်ရှိသည်။ ကျောင်းမှ သူ့ကို အကြိမ်ပေါင်းများစွာ ဆံပင်အနက်ရောင်ဆိုးရန် ဖိအားများ ပေးနေသည့်အပြင်၊ မလိုက်နာပါက ကျောင်းထုတ်သည်အထိ အရေးယူမည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက် အကျပ်ကိုင်ခြင်း ခံနေရကြောင်း The Japan Times သတင်းတွင် ဖော်ပြထားသည်။ ပြည်တွင်း မီဒီယာများကလည်း ဂျပန်နိုင်ငံ ဟာဘီ ကီနိုမြို့ ကိုင်ဖူကန် အထက်ကျောင်းမှ ကျောင်းသားများကို ကျောင်းစည်းကမ်းအရ ဆံပင်အနက်ရောင်သာဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်ကို ဖော်ပြထားသည်။ ထိုကျောင်းရှိ ကျောင်းသား အများစုမှာလည်း ဆံပင်အနက်ရောင်များ ဖြစ်ကြသည်။ ယခုအရေးယူခြင်း ခံနေရသည့် ကျောင်းသူမှာ ၂၀၁၅ ခုနှစ် ကျောင်းလာအပ်စဉ်ကတည်းက ဆံပင်မှာ သဘာဝ အရောင်အတိုင်း အညိုရောင်ဖြစ်နေပြီး၊ အရောင်ချွတ်ခြင်း၊ ဆေးဆိုးထားခြင်း မရှိကြောင်း ကျောင်းက လက်ခံထားခဲ့ပြီးဖြစ်သည်။ ထိုစဉ်ကတည်းက အတင်းအကျပ် ဆေးဆိုးခိုင်းခြင်း မရှိခဲ့သော်လည်း ယခုမှ လေးရက် တစ်ကြိမ်ဆိုသလို ဖိအားများပေးပြီး အဘယ်ကြောင့် အနက်ရောင် ပြောင်းခိုင်းနေကြောင်းကို နားမလည်ကြောင်း မိန်းကလေး၏ မိခင်ကလည်း ပြောကြားသည်။ ကျောင်းသူကလည်း မိမိအပေါ် ဖိအားများပေးရုံမက ဆံပင်အရောင် မပြောင်းပါက သတ်ပစ်မည်၊ ရိုက်နှက်မည်ဟုပင် ခြိမ်းခြောက်ခြင်းများကို ခံနေရကြောင်း ပြောပြသည်။ ကျောင်းသူလေးက ဆံပင်ကို အရောင်ပြောင်းရန် ငြင်းဆန်နေသောကြောင့် အိုဆာကာပြည်နယ် အစိုးရက ဒဏ်ငွေအဖြစ် ယန်း ၂ ဒသမ ၂ သန်း (ဒေါ်လာ ၁၉၀ဝဝ) ခန့် ပေးဆောင်ရန် အမိန့်ချခံရမည့် အနေအထားကို ရင်ဆိုင်နေရသည်။ လူတစ်ယောက်ကို ဆံပင် အတင်းအကျပ် ဆေးဆိုးခိုင်းခြင်းမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေပြန်သည်။ သူ၏ မိခင်ဖြစ်သူကလည်း ကျောင်းကို အတိုက်အခံ လုပ်ပြီး ကန့်ကွက်ခဲ့သည်။ ဆံပင် ဆေးဆိုးခိုင်းသည့် ပြဿနာကြောင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလကလည်း ကျောင်းဆက် မတက်ဘဲ ရပ်နားလိုက်ရသည်။ Reuters သတင်းဌာနက ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကိုင်ဖူကန် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး မာဆာဟီကို တာကာဟာရှိသို့ ဆက်သွယ် မေးမြန်းရာတွင်လည်း ဥပဒေဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ သို့သော် ကျောင်းတွင် ဆံပင်ဆေးဆိုးခြင်းကိုမူ ငြင်းဆို ခြင်းမပြုပေ။ ဒေသ အာဏာပိုင်များကလည်း ကျောင်းများတွင် ဆေးဆိုးခွင့်၊ အရောင်ထားခွင့်များမှာ ကျောင်းအလိုက် စည်းကမ်းသာဖြစ်ကြောင်း၊ ကျောင်းများတွင် ဆံပင်အရောင် သတ်မှတ်ခြင်းမှာ စကတ်အရှည်ကို မည်မျှအထိ ထားရမည်ဟု ကျောင်းအလိုက်သတ် မှတ်ချက်ပေးထားခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း၊ ကျောင်းဝတ်စုံကို မည်သည့် အရောင်ဝတ်ဆင်ရမည် ဆိုသည်ကအစ ကျောင်း၏သတ်မှတ်ချက် စည်းကမ်းအတိုင်းဖြစ်ကြောင်း ပြောကြားသည်။ Asahi Shimbun သတင်းစာကလည်း ပြီးခဲ့သည့်မတ်လက ကျောင်းသား ကျောင်းသူများ မည်သည့် ဆံပင်အရောင်ထားချင်ကြောင်း သုတေသန လုပ်ခဲ့ကြသေးသည်။ တိုကျိုကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသူ ၆၀ ရာခိုင်နှုန်းခန့်မှာ ဆံပင်အရောင်ကို အနက်ရောင်ထက် ပေါ်ပေါ်လွင်လွင် အရောင်များကို ကြိုက်နှစ်သက်ကြကြောင်း စာရင်းအရ သိရသည်။ သို့သော် ကျောင်းအာဏာပိုင်များကလည်း ဆံပင်ကို ထားချင်သည့်အရောင် ထားခိုင်းလိုက်ပါက ကျောင်းဂုဏ်သိက္ခာကျစေမည့် အရောင်မျိုးတွေကို ဆိုးလာနိုင်သောကြောင့် ကန့်သတ်ရခြင်းဖြစ်ကြောင်း ငြင်းချက်ထုတ်ထားသည်။ ကျောင်းဆိုသည်မှာ အရောင်အသွေး တူညီခြင်း၊ တစ်သွေးတည်း တစ်သားတည်းဖြစ်ခြင်းမှာ ကောင်းသည် မှန်သော်လည်း ကျောင်းသား ကျောင်းသူများဘက်က စိတ်ခံစားချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဝေဖန်ဆွေးနွေးလျက်ရှိသည်။ ဆံပင်က အဓိက ကျသလားဟု မေးခွန်းထုတ်သူတွေ ရှိသလို၊ တစ်ဦးတစ်ယောက်ကြောင့် စည်းကမ်း အားလုံး အဖောက်ခံရမည်ကိုလည်း စိုးရိမ်လျက်ရှိကြသည်။ အမေရိကတွင် ကျောင်းတိုင်း၌ ဆံပင်အရောင်ကို ကန့်သတ်ထားခြင်း မရှိသောကြောင့် ဘာတွေဖြစ်နေသနည်း ဟူ၍လည်း မေးခွန်းထုတ်ခြင်း ခံရသည်။ ဂျပန်တွင် ကျောင်းသူတစ်ယောက်က စည်းကမ်းဖောက်ပြီး ဥပဒေကို ရင်ဆိုင်နေသည်။ ဂျပန်နိုင်ငံမှ ထင်ရှားသည့် ပညာရေးသမား တစ်ဦးဖြစ်သူ နာအိုကီ အိုဂီကလည်း သဘာဝ အရောင်မှန်လျှင် အတင်း ပြောင်းခိုင်းခြင်းမှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဟု ဆိုထားသည်။ ကျောင်းသားများကို ဆက်ဆံရာတွင်လည်း လေးစားစွာ ဆက်ဆံသင့်ကြောင်း သူက ထောက်ပြသည်။ သူဆိုလိုသည်က သဘာဝကို အတင်း ပြောင်းခိုင်းခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည်ဟုဆိုလျှင် ဂျပန်ပညာရေး၌ ဆင်ခြင်စရာတွေ ဝင်လာသည်။
Source : https://goo.gl/SFZ71v
via IFTTT

No comments:

Post a Comment