ကမ္ဘာ့ကိုယ်ခံပညာဘက်စုံသုံး – MMA ပြိုင်ပွဲ၏ ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်း ကမ္ဘာ့ကိုယ်ခံပညာဘက်စုံသုံး – MMA ပြိုင်ပွဲ၏ ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်း အနေဖြင့် ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် Hero’s Dream ပြိုင်ပွဲတွင် ပြိုင်ဘက် အလိန်း ငလာနီ (Alain Ngalani) ကို ပထမအချီမှာပင် အနိုင်ယူကာ မြန်မာပြည်တွင် ရာနှုန်းပြည့်နိုင်ပွဲစံချိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ One Championship အဖွဲ့က စီစဉ်သည့် Hero’s Dream ပြိုင်ပွဲတွင် အောင်လအန်ဆန်းနှင့် ဟဲဗီးဝိတ် ဖိုက်တာ အလိန်း ငလာနီတို့ ထိုးသတ်မည်ဟု ကြေညာပြီးနောက် အလိန်း ငလာနီ၏ ဓာတ်ပုံများပေါ်ထွက်လာချိန်တွင် မြန်မာပြည် ပရိသတ်များက သန်မာထွားကျိုင်းသည့် အလိန်း ငလာနီကို အောင်လအန်ဆန်း နိုင်ချေ ရှိပါမည်လား ဟု မေးခွန်းထုတ် စိုးရိမ်မှုများ ရှိခဲ့ကြသည်။ ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်းနှင့် ထိုးသတ်ရမည့် ပြိုင်ဘက် မစ်ဒယ်ဝိတ်ကစားသမားက ထိုးသတ်ရန် ငြင်းဆန်ခဲ့သည့်အတွက် One Championship အဖွဲ့က အလိန်း ငလာနီနှင့် ထိုးသတ်လိုပါက စီစဉ်ပေးမည်ဟု ကမ်းလှမ်းခဲ့ရာ အောင်လအန်ဆန်းက ထိုးသတ်ရန် လက်ခံခဲ့ခြင်း ဖြစ်သည်။ ဟောင်ကောင်နိုင်ငံသား ခံယူထားသူ ကင်မရွန်းနွယ်ဖွား အလိန်း ငလာနီမှာ ကမ္ဘာ့မွေ့ထိုင်း ချန်ပီယံ ၄ ကြိမ် ရရှိထားပြီး ဂျူဒို၊ ကာရာတေး၊ ကစ်ဘောက်ဆင် ချန်ပီယံဆုများ ရရှိထားသူ၊ One Championship တွင် ပြိုင်ဘက်ကို ၁၁ စက္ကန့်ဖြင့် အမြန်ဆုံး ပွဲသိမ်းသည့် စံချိန်ကို ရေးထိုးထားသူ၊ တိုက်ခိုက်ရာတွင် လျင်မြန် ကြမ်းတမ်းသည့်အတွက် အမေရိကန် တောင်ခြေင်္သ့ (Puma) အမည် ခံယူထားသူ ဖြစ်သလို အောင်လအန်ဆန်း ထက်လည်း ဝိတ်တန်းမြင့်သည့် ဟဲဗီးဝိတ်ကစားသမား ဖြစ်သည်။ ထိုကဲ့သို့သော ပြိုင်ဘက်ကို စွန့်စားမှုများသည့် စိန်ခေါ်ပွဲကို အောင်လ က လက်ခံခဲ့သည့်အတွက် မြန်မာ့မြေပေါ်တွင် မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းကိုု အလိန်း ငလာနီက အလဲထိုးအနိုင်ယူသွားမည့်အပေါ် ပရိသတ်က စိတ်ပူပန်ခဲ့ကြသည်။ One Championship ၏ ပွဲကြို မိတ်ဆက်ပွဲ၌ အောင်လက လူသန်ကြီး အလိန်း ငလာနီကို ၂ ချီအတွင်း အလဲထိုး အနိုင်ယူမည်ဟု ပြောဆိုလိုက်ရာ မြန်မာပရိသတ်များမှာ ပို၍ အံ့သြသွားခဲ့ကြသည်။ မြန်မာပြည်ရှိ တိုက်ခိုက်ရေးအားကစားလောကတွင် ယခုလို ပြိုင်ပွဲကြီးများ၌ ပြိုင်ဘက်ကို ဘယ်နှစ်ချီအတွင်း အလဲထိုးမည်ဟု ကြိုတင်ပြီး ပြောလေ့ပြောထ မရှိ။ ကြိုးဝိုင်းထဲ၌ သူတင်ကိုယ်တင် ထိုးကြကြိတ်ကြရင်း ဘာမဆို ဖြစ်သွားနိုင်သည့် အနေအထားတခုတွင် မိမိပြောသည့်အတိုင်း လုပ်မပြနိုင်လျှင် ပရိသတ်၏ ဝေဖန် ပြစ်တင်မှုများစွာ ရင်ဆိုင်ရနိုင်သော်လည်း အလိန်း ငလာနီကို ၂ ချီအတွင်း ပွဲသိမ်းမည်ဟု အောင်လက ကြိုပြောခဲ့သည်။ အောင်လအနေဖြင့် ဟဲဗီးဝိတ်ဖိုက်တာ ငလာနီနှင့် မထိုးသတ်မီ ကြိုတင်လေ့ကျင့်မှု အနေဖြင့် ဟဲဗီးဝိတ် လေ့ကျင့်ဖက်များနှင့် လေ့ကျင့်ထိုးသတ်ခဲ့သလို ၎င်း၏ ကိုယ်အလေးချိန်ကိုလည်း ပေါင်အနည်းငယ် မြှင့်တင်ခဲ့ကာ တနေ့လျှင် ၅ ကြိမ် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ကျင်းပသည့် Hero’s Dream ပြိုင်ပွဲ၌ ဖိုက်တာနှစ်ဦး ရင်ဆိုင်တွေ့ကြချိန်တွင် ပထမအချီ အစပိုင်း စက္ကန့် ၄၀ ကာလအတွင်း တယောက်နှင့်တယောက် ခြေကန်ချက်၊ လက်သီးထိုးချက်အချို့ဖြင့် အကဲစမ်းခဲ့ကြပြီးနောက် ပွဲချိန် ၄၆ စက္ကန့်တွင် ငလာနီကို လက်သီးဖြင့် ဝင်ထိုးရင်း အောင်လက ဝင်ရောက်ချုပ်ကိုင်ဖို့ စတင်ကြိုးစားခဲ့သည်။ လူချင်းလုံးထွေးသွားချိန်တွင် ချုပ်ကိုင်ဖို့ ကြိုးစားသည့်အောင်လကို သန်မာလှသည့် ဟဲဗီးဝိတ်ဖိုက်တာ ငလာနီက ဆွဲရမ်းပစ်လိုက်ရာ အောင်လမှာ ငလာနီ၏ ချုပ်ကိုင်မှုအတိုင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ရာမှ အောင်လကို အပေါ်စီးမှ ချုပ်ကိုင်၍ ထိုးသတ်ရန် ငလာနီမှ ကြိုးပမ်းတော့သည်။ သို့သော် ငလာနီ အဓိကအသုံးပြုသည့် ညာလက်ကို အောင်လက ချုပ်ထားခဲ့ပြီး ငလာနီ၏ ဘယ်လက်ကိုလည်း ထိုးခွင့် မရအောင် ကာထားသည့်အတွက် ထိုးခွင့်မရခဲ့ပေ။ ပွဲချိန် ၄ မိနစ် ၁၀ စက္ကန့်မှ ပွဲချိန် ၂ မိနစ် ၁၀ စက္ကန့်အထိ အချိန် ၂ မိနစ် အတွင်း အောင်လ အသာစီး မရဘဲ ငလာနီ၏ အပေါ်စီးမှ ချုပ်ကိုင်ထိုးသတ်မှုဒဏ် မခံရအောင် အလူးအလဲ ကာကွယ်နေခဲ့ရသည်။ အကယ်၍ အဆိုပါ ပွဲချိန်အတွင်း ငလာနီ၏ ပြင်းထန်အားပါသည့် လက်သီး ၂ ချက်ခန့် ချက်ကောင်းထိုးမိပါက အောင်လ တယောက် ပထမအချီမှာပင် ငလာနီကို ရှုံးနိမ့်သွားနိုင်သည့် အခြေအနေ ရှိခဲ့သည်။ အပေါ်စီးမှ ချုပ်ကိုင်ထိုးသတ်ရန် ကြိုးစားသည့် ငလာနီ၏ ချုပ်ကိုင်မှုကို သတိကြီးစွာထား၍ တဆင့်ချင်း ဖြည်ထုတ် အလွတ်ရုန်းခဲ့ရာ ပွဲချိန် ၂ မိနစ် ၅ စက္ကန့်တွင် အောင်လ မတ်တပ်ပြန်ရပ်နိုင်ခဲ့သည်။ ထို့နောက် နှစ်ဦးသား လုံးထွေးနေသည့် အနေအထား၌ ပွဲချိန် ၂ မိနစ် ၃ စက္ကန့်အရောက်တွင် တန်ပြန် တိုက်ခိုက်မှု စတင်သည့် အနေဖြင့် အောင်လမှ ငလာနီ၏ ဦးခေါင်းကို ညာဘက်ချိုင်းအောက်သို့ ရုတ်တရက် ထည့်သွင်း၍ ချုပ်ကိုင်လိုက်ရာ ငလာနီ အခက်တွေ့ သွားခဲ့သည်။ မြန်မာ့စပါးအုံးမြွေဟု နာမည်ကြီးထင်ရှား စေခဲ့သည့် အောင်လ၏ ချုပ်ကွက်အတွင်း ငလာနီတယောက် မရုန်းနိုင်သည့် အနေအထားတွင် အောင်လမှာ ခန္ဓာကိုယ်တခုလုံး၏ အလေးချိန်ကို အသုံးပြု၍ ငလာနီ၏ ခေါင်းကိုချိုးပြီး ကြမ်းပြင်ပေါ် လှဲချကာ ချုပ်ကိုင်ခဲ့သည်။ ငလာနီတယောက် အောင်လ၏ နာမည်ကြီး ချုပ်ကွက်အတွင်း သက်ဆင်းကာ ပွဲပြီးသွားပြီဟု ထင်မှတ် ထားချိန်တွင် ငလာနီမှာ အောင်လချိုင်းအောက်ရောက်နေသည့် ၎င်းဦးခေါင်းကို ရုတ်တရက် ဆွဲထုတ်ကာ ရုန်းထွက်သွားခဲ့သည်။ ကြမ်းပြင်ပေါ်၌ ဆက်ပြီး လုံးထွေးနေလျှင် အရေးနိမ့်တော့မည်ဟု ရိပ်မိနေသည့် ကစ်ဘောက်ဆာဖိုက်တာ ငလာနီမှာ အောင်လ လက်ထဲမှ ရုန်းထွက်ကာ လူချင်းခွဲပြီး ထိုးသတ်ရန် ကြိုးစားခဲ့သည်။ သို့သော် အောင်လမှာ ငလာနီကို အလွတ်မပေးဘဲ ငလာနီ၏လည်ဂုတ်ကို ဖက်တွယ်ထားခဲ့ပြီး မတ်တပ်တဖန် ပြန်ရပ်၍ ပွဲချိန် ၁ မိနစ် ၇ စက္ကန့်တွင် ဒုတိယအကြိမ်မြောက် ချုပ်ကိုင်ခဲ့ရာ မအောင်မြင်ခဲ့ဘဲ ငလာနီမှ ထပ်မံ ရုန်းထွက်ခဲ့သည်။ ထို့နောက် လူချင်းပူးကပ်နေသည့် အနေအထားမှ ပွဲချိန် ၃၄ စက္ကန့်အရောက်တွင် ငလာနီ၏ ဦးခေါင်းကို တတိယအကြိမ်မြောက် ချုပ်ကိုင်ကာ လှဲချခဲ့ပြီး ဇက်ကိုပါ လိမ်ချိုးထားခဲ့သည့်နောက် ပွဲချိန် စက္ကန့် ၃၀ ၌ အမေရိကန် တောင်ခြေင်္သ့ ငလာနီတယောက် ကြမ်းပြင်ကို လက်ဖြင့်ပုတ်ကာ မြန်မာ့စပါးအုံး အောင်လအန်ဆန်းကို အရှုံးပေးခဲ့ရသည်။ အောင်လအန်ဆန်းအနေဖြင့် ၎င်း၏ စကားအတိုင်း ဟဲဗီးဝိတ်ဖိုက်တာ ငလာနီကို ပထမအချီ ၄ မိနစ် စက္ကန့် ၃၀ မှာပင် အလဲထိုး အနိုင်ယူကာ MMA ကစားသမားဘ၀ ၂၁ ပွဲမြောက်နိုင်ပွဲကို ရယူသွားနိုင်ခဲ့သည်။ ပွဲပြီးချိန်တွင် အနိုင်ရသည့် အောင်လက ငလာနီကို နှစ်သိမ့်အားပေးခဲ့သလို ရှုံးနိမ့်ခဲ့သည့် ငလာနီမှာလည်း အောင်လ၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုကို ချီးကျူးဂုဏ်ပြုခဲ့သည်။ အောင်လအန်ဆန်း အနိုင်ရရှိချိန်တွင် နိုင်ငံတဝှမ်းရှိ အောင်လ၏ ပရိသတ်များက လူမှုကွန်ရက်၌ ချီးကျူးမှုများ ပြုလုပ်ခဲ့ကြသလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှလည်း အောင်လအန်ဆန်းထံ စာပေးပို့၍ ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။ “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အန်တီဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာ ပေးပို့လို့ အတိုင်းမသိ ဝမ်းသာဂုဏ်ယူရပါတယ်။ ကျနော် အနိုင်ရရှိသွားတာကလည်း ပရိသတ်တွေရဲ့ အားပေး ဆုတောင်းမှုတွေ ကြောင့်ပါပဲ။ ကျနော်ဆက်လက်ပြီး ကြိုးစားသွားမယ်ဆိုတာကိုလည်း ပရိသတ်ကြီး အားလုံးကို ကတိပေးပါတယ်”ဟု အောင်လအန်ဆန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောဆိုခဲ့သည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သား ဖြစ်ပြီး အမေရိကန် နိုင်ငံသား ခံယူထားသူ အောင်လအန်ဆန်းအနေဖြင့် ၎င်းမွေးဖွားခဲ့သည့် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစတင်၍ ထိုးသတ်မှုများ ပြုလုပ်ခဲ့ရာ ၂၀၁၆ အတွင်းထိုးသတ်သည့်ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရခဲ့သည်။ ထို့နောက် ၂၀၁၇ ဇွန်လ ၃၀ ရက်နေ့တွင် ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ ရုရှားနိုင်ငံသား ဘစ်တာလီ ဘစ်ဒက်ရှ်ကို ရန်ကုန်မြို့ တွင် ထိုးသတ်အနိုင်ယူ၍ MMA ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ် လွဲှပြောင်းရယူခဲ့ပြီး ယမန်နေ့ တွင်လည်း မိမိထက် ဝိတ်တန်းမြင့်သည့် ဟဲဗီးဝိတ်ဖိုက်တာကို အလဲထိုးဖြင့် အနိုင်ယူကာ မြန်မာ့မြေပေါ်တွင် ၄ ပွဲကစား ၄ ပွဲနိုင်ရလဒ်ဖြင့် ရာနှုန်းပြည့် နိုင်ပွဲဆက်နေသည့်မှတ်တမ်းကို ရေးထိုးထားနိုင်ခဲ့သည်။ The post ကမ္ဘာ့ကိုယ်ခံပညာဘက်စုံသုံး – MMA ပြိုင်ပွဲ၏ ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်း appeared first on ဧရာဝတီ.
Source : http://ift.tt/2AklgrR
via IFTTT
No comments:
Post a Comment