Sunday, November 5, 2017

The Voice

ဒေါ်အောင်ဆန်းစုကြည် မောင်တောခရီးစဉ်ကို ရခိုင်အသိုင်းအဝိုင်း ဝေဖန် ရန်ကုန်၊ နိုဝင်ဘာ ၄ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရီးစဉ်တွင် ရခိုင် တိုင်းရင်းသား ဒေသခံများ၏ အသံကို နားထောင်ခဲ့ခြင်း မရှိဟုဆိုကာ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်မှုများ ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ခြမ်း မောင်တောခရိုင် ပန်းတောပြင်၊ ခုံတိုင်(မြို) ရွာသစ်၊ တောင်ပြိုလက်ဝဲ၊ ကျီးကန်းပြင်ဒေသများသို့ အစိုးရအဖွဲ့ဝန်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါခရီးစဉ်သည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မောင်တောသို့ အစိုးရ တာဝန်ယူပြီး နောက်ပိုင်း ပထမဦးဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး ယင်းခရီးစဉ်အပေါ် အပေါင်းလက္ခဏာဆောင်သည့် အမြင်များလည်း ရှိနေသော်လည်း ရခိုင်အသိုင်းအဝိုင်းတွင်မူ ဒေသခံ ရခိုင် တိုင်းရင်းသားများကို တွေ့ဆုံခဲ့ခြင်း မရှိဟုဆိုကာ ဝေဖန်မှုအချို့ ရှိနေသည်။ အဆိုပါခရီးစဉ်တွင် မြိုတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့သည်ကို ဝမ်းသာသော်လည်း အစုလိုက် အပြုံလိုက် အသတ်ခံရထားသည့် ဟိန္ဒူများနှင့် ယင်းဒေသတွင်နေထိုင်သည့် ဒေသခံတိုင်းရင်းသားများကို တွေ့ဆုံရန် လိုအပ်နေသေးပြီး ဒေသခံ ရခိုင်တိုင်းရင်းသားများတွင် ရခိုင် ပဋိပက္ခများနှင့်ပတ်သတ်၍ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ခံစားနေရသေးကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သုံးသပ်သည်။ မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်နေသည့် ကိစ္စရပ်များကို ဖြေရှင်းနိုင်ရေးနှင့် ဒေသခံများ ပူးပေါင်းပါဝင်ရေးအတွက် ဒေသခံ တိုင်းရင်းသားများ၏အသံကို နားထောင်ရန်လိုအပ်ပြီး ရခိုင် ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အသံများနှင့် အရပ်ဘက်အဖွဲ့များ၏ အသံများကိုလည်း နားထောင်ပေးရန် လိုအပ်ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။ “သူ့အနေနဲ့ အခုတစ်ကြိမ်မှာ အချိန်မရှိလို့ မတွေ့လိုက်ရဘူးဆိုရင်လည်း နောက်သွားဖြစ်ခဲ့ရင် ဒေသခံ တိုင်းရင်းသားတွေနဲ့ပါ တွေ့ဆုံဖို့ ပြောလိုပါတယ်။ ဒီဒေသခံတွေရဲ့ အသံတွေနဲ့ ပူးပေါင်း ပါဝင်ဖို့လိုပါတယ်”ဟု ၎င်းကဆိုသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များတွင် တိုင်းရင်းသားဒေသခံများက ပိုမို ထိခိုက်ခံစားနေရပြီး ယင်းဒေသခံများကို ထဲထဲဝင်ဝင် လေ့လာမှသာ အနှစ်သာရ ရှိသည့်ခရီးစဉ်ဟု ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်း အောင်ကျော်ကလည်း သုံးသပ်သည်။ “ဒါက ရခိုင်ပြည်နယ်မှာ ခံစားနေရတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မျိုးနွယ်စုတွေအတွက် လုံးဝ လုံလောက်မှု မရှိဘူးလို့ ဆိုချင်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီခရီးစဉ်ကို ဒီလိုမျိုး ခံစားရပါတယ်”ဟု ၎င်းကဆိုသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တွေမြို့တွင် မောင်တောဒေသသို့ အကူအညီ ပေးအပ်မည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးလူငယ်အဖွဲ့ (YHCG) နှင့်လည်း တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် လူငယ်များက အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဒေသခံများ ပူးပေါင်း ပါဝင်အောင် လုပ်ဆောင်ရမည်ဟု နိုင်ငံတော် အတိုင်ပင်ခံက ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ခရီးစဉ်ကို ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း ကော်မတီဥက္ကဋ္ဌအနေနှင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်ရေးအတွက် အရှိန်အဟုန် မြှင့်တင်နိုင်ရန်၊ လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့်အတူ မြေပြင်သို့ကွင်းဆင်း၍ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့သည်။ ယင်းသို့ တစ်ဖက်သတ်က တွေ့ဆုံခဲ့သည်ဟုသည် စွပ်စွဲချက်များကို နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ငြင်းဆိုသွားခဲ့ပြီး တိုင်းရင်းသားများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ပြန်လည် ရှင်းပြသည်။ “ကျွန်တော်တို့ သတင်းထုတ်ထားတယ်။ မြိုတွေနဲ့တွေ့တယ်။ ဒိုင်းနက်တွေနဲ့ တွေ့တယ်။ ကျီးကန်းပြင်မှာတွေ့တာ ရခိုင်တွေ၊ အဲဒီမှာ အများဆုံး တာဝန်ထမ်းဆောင်တာ ရခိုင်တွေ ဖြစ်ပါတယ်။ အဲဒီလိုပြောတာ မှားပါတယ်။ စစ်တွေကို မဝင်ခဲ့တာ အချိန်မရလို့ မဝင်ခဲ့တာပါ”ဟု ဦးဇော်ဌေးက ပြောကြားသည်။ #ဒေါ်အောင်ဆန်းစုကြည် #ရခိုင်အရေး
Source : https://goo.gl/cUS1ch
via IFTTT

No comments:

Post a Comment