Sunday, November 5, 2017

The Voice

သင်္ကန်းဝတ်ဖြင့် အရက်သောက်သူများကို အရေးယူမည်ဟု သပိတ်ကျင်း သံဃနာယက သတိပေး သပိတ်ကျင်း၊ နိုဝင်ဘာ ၄ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်သော သံဃာတော်များ သင်္ကန်းဝတ်ဖြင့် အရက်သေစာ သောက်သုံးကြောင်း စစ်ဆေးတွေ့ရှိပါက ဗုဒ္ဓဘာသာ သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူမည်ဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော် ဦးဇောတိပါလက သတိပေး မိန့်ကြားသည်။ မြို့နယ်သာသနာရေး ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၇၀ဝ ပါးရှိရာ ယခုနှစ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် သာသနာ့ဘောင်သို့ ဝင်ရောက်လာသူများသည် သာသနာ ညှိုးနွမ်းအောင် ပြုလုပ်လာကြသည့်အတွက် အရေးယူရန် စီစဉ်ရခြင်းဖြစ်သည်ဟု ဆရာတော်ကြီးက မိန့်ဆိုသည်။ “အခုနောက်ပိုင်း လူအများစုက အရက်ဖြတ်ချင်လို့ သင်္ကန်း ဝတ်တယ်။ ဝတ်ပြီးတော့ အရက်မပြတ်ဘဲ ခိုးသောက်တယ်။ နောက် သင်္ကန်းဝတ်နဲ့ ဆိုင်ကယ် စီးတာတွေ၊ အပြင်ထွက်ပြီး ဝတ္ထုငွေ အလှူခံတာတွေ၊ ဆရာတော်ကြီးတွေရဲ့ ညွှန်ကြားချက်ကို မလိုက်နာဘဲ ပြုမူနေထိုင်ကြတာကို တွေ့နေရတယ်”ဟု ၉ မိုင်ကျေးရွာ ရာအိမ်မှူး ဦးသန်းမိုးက ပြောကြားသည်။ သင်္ကန်းဝတ်ဖြင့် ယင်းသို့ပြုမူနေထိုင်သူများကို မြို့နယ် သံဃနာယက ဆရာတော်ကြီးများနှင့် သာသနာရေး ဦးစီးဌာနတို့ကသာ ကိုင်တွယ် ဖြေရှင်းပေးနိုင်မည်ဟု ၎င်းက ပြောဆိုသည်။ သာသနာရေး ဦးစီးဌာနက ကောက်ယူထားသော စာရင်းများအရ သပိတ်ကျင်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း ၈၄ ကျောင်းရှိရာ သင်္ကန်းဝတ်ဖြင့် သာသနာ ညှိုးနွမ်းအောင် ပြုမူနေထိုင်သူများကို တွေ့ရှိပါက သာသနာ ညှိုးနွမ်းစေမှု ဥပဒေပုဒ်မ ၂၉၅ (က) အရ အနည်းဆုံး ထောင်ဒဏ် ခြောက်လ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ လတ်တလောတွင် သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူခံရသူ မရှိသေးကြောင်း သပိတ်ကျင်းမြို့နယ် သာသနာရေး ဦးစီးဌာန ဦးစီးမှူး ဦးထိန်လင်းက ပြောကြားသည်။
Source : https://goo.gl/2F2jbN
via IFTTT

No comments:

Post a Comment