Friday, March 23, 2018

7Day News Journal

မက်မာစတာကို ထုတ်ပယ်ပြီး ဘော်လ်တန်ကို အမျိုးသား လုံခြုံရေး အကြံပေးအဖြစ် ထရမ့်ခန့်အပ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ၎င်း၏ အမျိုးသား လုံခြုံရေး အကြံပေး ဟားဘတ် ရေမွန် မက်မာစတာကို ရာထူးမှ ထုတ်ပယ်ပြီး ဂျွန်ဘော်လ်တန်နှင့် အစားထိုးလိုက်ကြောင်း အတည်ပြု ကြေညာခဲ့သည်။ ယင်းသတင်းကို ထရမ့်က Twitterပေါ်တွင် ဖော်ပြခဲ့ပြီး မက်မာစတာသည် အလွန်ထူးချွန်စွာ အလုပ်လုပ်ခဲ့ပြီး မိမိ၏ မိတ်ဆွေရင်း တစ်ဦးအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ရေးသားထားသည်။ ဘော်လ်တန်သည် ဝါရင့် ရီပတ်ဘလစ်ကန် နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး သမ္မတဟောင်း ဂျော့ဘုရှ် လက်ထက်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။ ၎င်းသည် နိုင်ငံတကာရေးရာ သဘောထား တင်းမာသူ တစ်ဦးဟု ယူဆနိုင်ပြီး အမေရိကန် အနေဖြင့် မြောက်ကိုရီးယား၊ အီရန်တို့ကို စစ်ပြုသင့်ကြောင်း ဘုရှ်ကို အကြံပေး တိုက်တွန်းခဲ့ဖူးသည်။ ဘော်လ်တန်သည် ဧပြီ ၉ ရက်မှစ၍ အမေရိကန် အစိုးရ၏ အမျိုးသား လုံခြုံရေး အကြံပေး ရာထူးကို ဆက်ခံသွားမည် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်း မက်မာစတာသည် ထရမ့်၏ အစိုးရအဖွဲ့အတွင်း အကြီးအကျယ် ပြောင်းလဲ ပြင်ဆင်မှုများ ပြုလုပ်နေမှုတွင် ဖယ်ရှားခံရသည့် နောက်ဆုံး သားကောင်လည်း ဖြစ်လာသည်။ ထရမ့်သည် မကြာသေးမီကလည်း နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ကို ထုတ်ပယ်ခဲ့သည်။ ဘော်လ်တန်ကို အမျိုးသား လုံခြုံရေး အကြံပေးအဖြစ် ခန့်အပ်ရန် ရွေးချယ်မှုအတွက် ထရမ့်အနေဖြင့် လွှတ်တော်၏ ထောက်ခံ ခွင့်ပြုချက်ကို တောင်းခံစရာ မလိုချေ။ ဘော်လ်တန်သည် ထရမ့် သမ္မတအဖြစ် တာဝန်ယူခဲ့သည့် ၁၄ လအတွင်း သုံးဦးမြောက် ပြောင်းလဲသည့် အမျိုးသား လုံခြံုရေး အကြံပေးလည်း အနေဖြင့်လည်း မှတ်တမ်းဝင်လာခဲ့သည်။ အသက် ၆၉ နှစ် ရှိပြီဖြစ်သော ဘော်လ်တန်သည် ရီပတ်ဘလစ်ကန် နိုင်ငံရေး အသိုက်အဝန်း၏ သိန်းငှက်ကြီး တစ်ကောင်အဖြစ် တင်စားခံခဲ့ရပြီး သမ္မတဘုရှ် မတိုင်မီ အမေရိကန် သမ္မတများဖြစ်ခဲ့သည့် ရော်နယ်လ်ရေဂင်၊ ဂျော့ဘုရှ် (စီနီယာ)တို့ကိုလည်း အမှုထမ်းခဲ့ဖူးကြောင်း သိရသည်။ Ref: Reuters
Source : http://ift.tt/2FXa1vU
via IFTTT

No comments:

Post a Comment