ပြည်သူ့ဘဏ္ဍာငွေ အလေအလွင့် မဖြစ်ဖို့ ဥပဒေကြမ်းကော်မတီ ရန်ကုန်တိုင်းအစိုးရကိုအကြံပြု မတ် - ၂၂ ၊၂၀၁၈ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ထောက်ပံ့ငွေ၊ ချေးငွေနဲ့ဆောင်ရွက်မယ့် လုပ်ငန်းတွေမှာ ပြည်သူ့ဘဏ္ဍာအလေအလွင့် မဖြစ်စေဖို့ အထူးကြပ်မတ်သင့်တယ်လို့ ဥပဒေကြမ်းကော်မတီက အကြံပြုလိုက်ပါတယ်။ ဒီနေ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ ၂၀၁၈ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းစဉ် ပြောကြားခဲ့တာပါ။ ဦးသော်တာအောင် (ဥပဒေကြမ်းကော်မတီဝင်) လုပ်ငန်းလုပ်ကိုင်ရန် သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန် သော်လည်းကောင်း တိုင်းဒေသကြီး အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရထံမှ ထောက်ပံ့ငွေဖြစ်စေ၊ ချေးငွေဖြစ်စေ ဆောင်ရွက်နိုင်ရန် ထည့်သွင်းထားသောကြောင့် ထောက်ပံ့ငွေ၊ ချေးငွေတို့ဖြင့် ဆောင်ရွက်ရသော လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများကို အကောင်အထည်ဖော်ရာတွင် ပြည်သူ့ဘဏ္ဍာ အလေအလွင့် မရှိစေရေးနဲ့ ပြည်သူများအပေါ် ကြွေးမြီဝန်ထုပ်ဝန်ပိုး မပိစေရေးအတွက် အထူးကြပ်မတ်ရန် အကြံပြုအပ်ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးအဆင့် ဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ရဲ့ ရငွေနဲ့သုံးငွေအတွက် စီမံခန့်ခွဲခွင့် ရှိသူတွေက တာဝန်ယူတာဝန်ခံမှုအပြည့်နဲ့ လုပ်ဆောင်မှု ရှိမရှိကိုလည်း အစိုးရအဖွဲ့အနေနဲ့ အကဲဖြတ် ထိန်းကျောင်းဖို့လိုတယ်လို့လည်း အကြံပြုထားပါတယ်။ ၂၀၁၈ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းဟာ ၂၀၁၈ခုနှစ်ဧပြီလကနေ စက်တင်ဘာလအထိ ၆လအတွက်ရေးဆွဲထားတာဖြစ်ပါတယ်။ အဲဒီ့ဥပဒေကြမ်းမှာ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ခြောက်လတာကာလအတွက် ရငွေစုစုပေါင်း ကျပ်သန်းပေါင်းနှစ်သိန်းကျော်ရှိပြီး သုံးငွေကလည်း ကျပ်သန်းပေါင်းနှစ်သိန်းကျော်ဖြစ်တဲ့အတွက် ဘက်ညီရသုံးမှန်းခြေငွေစာရင်းဖြစ်တယ်လို့လည်းသိရပါတယ်။ ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော် #7DayTV #Hluttaw
Source : http://ift.tt/2DPnSy6
via IFTTT
No comments:
Post a Comment