Saturday, March 24, 2018

7Day News Journal

ဩစတြေးလျတွင် သောင်တင်ခဲ့သည့် ဝေလငါး ၁၅၀ အနက် ၆ ကောင်ကိုသာ ကယ်ဆယ်နိုင်ခဲ့ ဩစတြေးလျ ကမ်းခြေတစ်ခုတွင် လာရောက် သောင်တင်နေသည့် ဝေလငါး ၁၅၀ မျှအနက် ၆ ကောင်ကိုသာ ပင်လယ်ထဲသို့ အသက်ရှင်လျက် ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ မတ် ၂၃ ရက် မနက်အစောပိုင်းက ဟာမီလင်ကမ်းခြေတွင် လာရောက် သောင်တင်နေသော ဝေလငါးအုပ်ကို ကယ်ဆယ်ရန် ကျွမ်းကျင်ပညာရှင်များက အစွမ်းကုန် အားထုတ် ကြိုးပမ်းခဲ့သော်လည်း အားလုံးနီးပါးကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ ဒေသခံ တံငါတစ်ဦးက ဝေလငါးများ အစုလိုက် အပြုံလိုက် သောင်တင်နေသည်ကို စတင် တွေ့ရှိသည့်နောက် အကြီးစား ကယ်ဆယ်ရေး လုပ်ငန်းများ အစပြုခဲ့သည်။ သို့သော် ရေနေသက်ရှိ ပညာရှင်များ၊ လုပ်အားပေးများ ရောက်ရှိလာချိန်တွင်ပင် ဝေလငါးအုပ်ထဲမှ ထက်ဝက်မျှ အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်နေသည်။ လူပေါင်း ၁၀၀ ကျော် ပါဝင်သည့် ကယ်ဆယ်ရေး အဖွဲ့သည် အသက်ရှင် ကျန်နေရစ်သည့် ဝေလငါးများကို ပင်လယ်ရေနက်ပိုင်းသို့ ပြန်ရောက်ရန် ဖြစ်နိုင်ခြေ နည်းလမ်းအားလုံး အသုံးပြုပြီး ကြိုးစားခဲ့ကြသည်။ “ကံဆိုးတာက ဝေလငါး အများစုဟာ ခြောက်သွေ့တဲ့ ကမ်းခြေမှာ တစ်ညလုံး လာတင်နေပုံရတယ်။ သူတို့ဟာ ဒီဒဏ်ကို ကြာကြာ မခံနိုင်တော့ဘူး”ဟု ကယ်ဆယ်ရေး အဖွဲ့မှာ ပညာရှင် တစ်ဦးဖြစ်သော ဂျရမီ ချစ်ခ်က ပြောကြားခဲ့သည်။ ဝေလငါး အသေကောင်များက ငါးမန်းများကို ဆွဲဆောင်နိုင်သဖြင့် အနီးဝန်းကျင်တွင် ရေထဲမဆင်းကြရန်လည်း ကမ်းခြေသို့ လာရောက်သူများအား တာဝန်ရှိသူများက လိုက်လံ တားမြစ် ညွှန်ကြားနေသည်။ ဝေလငါးကြီးများ၏ အရွယ်အစား ကြီးမားလေးလံမှု၊ ပင်လယ်ပြင် လှိုင်းထန်မှုနဲ့ ငါးမန်းအန္တရာယ် ခြိမ်းခြောက်မှုများကလည်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို နှောင့်နှေး ကြန့်ကြာစေခဲ့သည်။ ဝေလငါးများ ယခုလို အုံလိုက်ကျင်းလိုက် ကမ်းတင် သေဆုံးမှုနှင့် ပတ်သက်၍ အကြောင်းရင်းကိုမူ သုတေသီများက ဆန်းစစ် ရှာဖွေနေဆဲ ဖြစ်သည်။ “ဒါဟာ သဘာဝရဲ့ လျှို့ဝှက်ဆန်းကြယ် ပဟေဠိ တစ်ခုပါပဲ”ဟု ချစ်ခ်က မှတ်ချက်ပေးခဲ့သည်။ ပညာရှင်များက ဝေလငါးများ အနေဖြင့် ဒဏ်ရာရခြင်း၊ ဖျားနာခြင်းများ ရှိသည့်အခါ ရေတိမ်ပိုင်းသို့ ရောက်လာတတ်သလို ရံဖန်ရံခါတွင် ဝေလငါးအုပ်၏ လမ်းပြ ဦးဆောင်မှု မှားယွင်းရာမှ သောင်တင်သည့် အခြေအနေသို့ ဆိုက်ရောက်နိုင်ကြောင်း ပြောကြားထားသည်။ ထို့အပြင် သောင်တင်နေသည့် ဝေလငါးများ၏ ၎င်းတို့၏ ဘေးဒုက္ခကို အသံပြု အချက်ပြရာမှာ မျိုးနွယ်တူ ဝေလငါးများ ထပ်မံ ရောက်ရှိလာပြီး အစုလိုက် သောင်တင်မှုမျိုး ဖြစ်နိုင်ကြောင်းလည်း ပညာရှင်များက ယူဆလျက်ရှိသည်။ Ref: BBC More in World News Section
Source : https://ift.tt/2G2VWwM
via IFTTT

No comments:

Post a Comment