Thursday, March 22, 2018


ဆီးရီးယားနျူကလီးယား စီမံကိန်းနေရာကို ၂၀၀၇ ခုနှစ်က ဗုံးကြဲဖျက်ဆီးပစ်ခဲ့ကြောင်း အစ္စရေး ဝန်ခံပြောကြား တဲလ်အဗစ် မတ် ၂၁ ဆီးရီးယားနိုင်ငံ အတွင်းပိုင်းရှိ သံသယရှိသော နျူကလီးယား စီမံကိန်းနေရာကို ၂၀၀၇ ခုနှစ်က လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု အစ္စရေးစစ်ဘက်က တရားဝင်အတည်ပြု ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။ ၂၀၀၇ စက်တင်ဘာ ၆ ရက်က တိုက်ခိုက်မှုကို အစ္စရေးက စီမံခဲ့သည်ဟု အများကယုံကြည်ထားကြပြီး ဖြစ်သော်လည်း အစ္စရေးတို့က လုံးဝဝန်ခံခဲ့ခြင်းမရှိဘဲ မီဒီယာသတင်းများကိုလည်း ပိတ်ပင်ထားခဲ့သည်။ ဆီးရီးယားအရှေ့ပိုင်း ဒီယာအယ်လ်ဇိုဒေသရှိ သံသယရှိသော ပလူတိုနီယံစက်ရုံကို ညပိုင်းတွင် ဂျက်တိုက်လေယာဉ် ရှစ်စင်းဖြင့် အနိမ့်ပျံသန်း တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု အစ္စရေးစစ်ဘက်က ပြောကြားသည်။ “ဆီးရီးယား ပလူတိုနီယံစက်ရုံက ပြီးစီးလုနီးပါး ဖြစ်နေပြီ။ အစ္စရေးအတွက် အန္တရာယ်ဖြစ်လာတော့မယ့်အရာကို အဲဒီစစ်ဆင်ရေးမှာ အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဆီးရီးယားသည် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရာတွင် မြောက်ကိုရီးယားထံမှ အကူအညီရခဲ့သည်ဟု ယုံကြည်ရသည်။ ဒမတ်စကတ်အစိုးရက နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မှုကို လုံးဝဝန်ခံခြင်းမပြုခဲ့ဘဲ အစ္စရေးတို့၏ တိုက်ခိုက်မှုအပြီးတွင် နှုတ်ဆိတ်နေခဲ့ပြီး လေကြောင်းပိုင်နက် ချိုးဖောက်ခြင်းခံရသည်ဟုသာ ပြောကြားခဲ့သည်။ ဆီးရီးယားဖက်မှ လက်တုံ့ပြန်နိုင်ခြေရှိပြီး စစ်ဖြစ်နိုင်သည်ကို စိုးရိမ်သောကြောင့် လေကြောင်းစစ်ဆင်ရေး သတင်းအချက်အလက်များကို အများသိအောင် မထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့သည်ဟု အစ္စရေးစစ်ဘက်က ပြောကြားသည်။ ၂၀၀၈ တွင် အမေရိကန်အရာရှိများက ဆီးရီးယားသည် လျှို့ဝှက်နျူဓာတ်ပေါင်းဖို တည်ဆောက်ရန် ကြိုးစားခဲ့ပြီး အစ္စရေးက ဗုံးကြဲဖျက်ဆီးခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ဗုံးကြဲခံရသောနေရာသည် နျူဓာတ်ပေါင်းဖို ဖြစ်နိုင်သည်ဟု IAEA ကလည်း ၂၀၁၀ တွင် ထုတ်ပြန်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို အစ္စရေးစစ်ဘက်က အဘယ်ကြောင့် တရားဝင်အတည်ပြုခဲ့သည်ကို မသိရသေးပေ။ တိုက်ခိုက်မှုကို အမိန့်ပေးခဲ့သူ ဝန်ကြီးချုပ်ဟောင်း အီဟွတ်အိုလ်မား၏မှတ်တမ်း ထွက်ပေါ်လာခါနီး ဖြစ်သောကြောင့်လည်း ဖြစ်နိုင်သည်။ ဆီးရီးယားသမ္မတ အာဆတ်ကို အကူအညီပေးရင်း ဆီးရီးယားနယ်မြေအတွင်း အမြဲတမ်းစစ်စခန်းနှင့် ဒုံးကျည်စက်ရုံများ တည်ဆောက်နေသည့် အီရန်နိုင်ငံကို သတိပေးခြင်းလည်း ဖြစ်နိုင်သည်။ အစ္စရေးသည် ဆီးရီးယားစစ်ပွဲအတွင်း ဟစ်ဇဘိုလာအဖွဲ့ထံ အီရန်မှ လက်နက်ပေးပို့သည်ဟု သံသယရှိသော နေရာများကိုလည်း လေကြောင်းမှ အကြိမ်ပေါင်းမြောက်မြားစွာ တိုက်ခိုက် ဖျက်ဆီးခဲ့သည်။ ၂၀၀၇ ခုနှစ်က စစ်ဆင်ရေးသည် ၁၉၈၁ ခုနှစ်က အီရတ်နျူဓာတ်ပေါင်းဖိုကို အစ္စရေးတို့ တိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်နှင့် အတူတူပင်ဖြစ်သည်။ “အစ္စရေးအတွက် အန္တရာယ်ဖြစ်လာစေမယ့် စီမံကိန်းတွေကို အစ္စရေးက သည်းခံမှာမဟုတ်ပါဘူး။ ၁၉၈၁ ခုနှစ်တုန်းကလည်း သတိပေးခဲ့တယ်။ ၂၀၀၇ မှာလည်း သတိပေးခဲ့တယ်။ အခုလည်း အစ္စရေးရဲ့ ရန်သူတွေကို ထပ်မံသတိပေးလိုက်ပါတယ်”ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂါဒီအီဆင်ကွတ်က ပြောကြားသည်။ ၂၀၀၇ ခုနှစ်က နျူဓာတ်ပေါင်းဖို တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းသည် နောက်ပိုင်း ဆီးရီးယားစစ်ပွဲအတွင်း ဒီယာအယ်လ်ဇိုဒေသရှိ နယ်မြေအချို့ကို IS အဖွဲ့က သိမ်းယူသည့်အခါတွင် အကြမ်းဖက်အဖွဲ့ လက်တွင်းသို့ နျူကလီးယားပစ္စည်းများ ကျရောက်မသွားအောင် တားဆီးနိုင်ခဲ့သည်ဟု အစ္စရေးစစ်ဘက်က ပြောကြားသွားသည်။ http://ift.tt/2GW4HGp
Source : http://ift.tt/2GW4HGp
via IFTTT

No comments:

Post a Comment