ထရမ့်နှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့သည်ဆိုသော အပြာဇာတ်ကားမင်းသမီး၏ ပြောကြားချက်မှန်ကန်ကြောင်း မုသားဖော်စက် သက်သေရှိ ဝါရှင်တန်၊မတ် ၂၀ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် ဇာတ်လမ်းရှိခဲ့သည်ဆိုသော အပြာဇာတ်ကား သရုပ်ဆောင်မင်းသမီးကို ၂၀၁၁ ခုနှစ်အတွင်း မုသားဖော်စက်ဖြင့် စစ်ဆေးမှုအရ အမှန်ပြောခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်ခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။ စတုန်မီဒန်နီယယ် (အမည်ရင်း စတက်ဖနီကလစ်ဖို့ဒ်) က ၂၀၀၆ ခုနှစ်တွင် ထရမ့်နှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့သည်ဟု ပြောကြားခဲ့ကြောင်း CBS သတင်းဌာနက လက်ခံရရှိသော မုသားဖော်စက် စစ်ဆေးမှုတွင် ဖော်ပြထားသည်။ ထရမ့်သည် မယ်လာနီယာထရမ့်နှင့် ၂၀၀၅ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ဒန်နီယယ် ခေါ် ကလစ်ဖို့ဒ်သည် လျှို့ဝှက်ထားရှိမှု သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ သမ္မတ၏ရှေ့နေများက အပြာဇာတ်ကားမင်းသမီးထံမှ ဒေါ်လာသန်း ၂၀ နစ်နာကြေးတောင်းခံရန် ကြိုးပမ်းနေကြသည်။ စတုန်မီဒန်နီယယ်သည် ၂၀၀၁ ခုနှစ်က In Touch မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထရမ့်နှင့် လိင်ကိစ္စကို ပထမဆုံးအကြိမ် ဖွင့်ချပြောကြားခဲ့ဖူးပြီး မုသားဖော်စက်ဖြင့် စစ်ဆေးမှုမှာ Life & Style မဂ္ဂဇင်းအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ယခင်က ပုံနှိပ်ဖော်ပြခဲ့ခြင်းမရှိခဲ့ပေ။ မုသားဖော်စက်ဖြင့် စစ်ဆေးမှုကို အမေရိကန်ပြည်နယ် အများအပြားရှိ တရားရုံးများတွင် သက်သေအဖြစ် လက်ခံခြင်းမရှိပေ။ ကလစ်ဖို့ဒ်သည် ၂၀၁၁ ခုနှစ် မေလ ၁၉ ရက်နေ့တွင် မုသားဖော်စက် စစ်ဆေးမှု ခံယူခဲ့သည်ဟုဆိုသည်။ ကွန်ပျူတာ အယ်လ်ဂိုရစ်သမ်ဖြင့် ဆန်းစစ်သည့် မုသားဖော်စမ်းသပ်မှုကို ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ် ရူပဗေဒဓာတ်ခွဲခန်းက ဖန်တီးထားခြင်းဖြစ်သည်။ မုသားဖော်စက်ဖြင့် စမ်းသပ်မှုအရ ၂၀၁၆ ဇူလိုင်ဝန်းကျင်တွင် ဒေါ်နယ်ထရမ့်နှင့် လိင်ဆက်ဆံခဲ့သလား၊ ၂၀၀၆ ဇူလိုင်ဝန်းကျင်တွင် ဒေါ်နယ်ထရမ့်နှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့သလား၊ ဒေါ်နယ်ထရမ့်က သင့်ကို The Apprentice ရုပ်သံအစီအစဉ်တွင် ပါဝင်ခွင့်ပေးမည်ဟု ပြောခဲ့သလားဆိုသော မေးခွန်းသုံးခုကို ဒန်နီယယ်က YES ဟု ဖြေကြားခဲ့သည်ဟုဆိုသည်။ စမ်းသပ်မှုအရ မစ္စကလစ်ဖို့ဒ်သည် ၂၀၀၆ ခုနှစ်ဇူလိုင်လတွင် ဒေါ်နယ်ထရမ့်နှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရကြောင်း ကောက်ချက်ဆွဲနိုင်ခဲ့သည်။ မစမ်းသပ်မီ စစ်ဆေးသူ ရော်နယ်ဒီဆလေးနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဒန်နီယယ်ခေါ်ကလစ်ဖို့ဒ်က သူနှင့်ထရမ့်တို့ ကာလီဖိုးနီးယားပြည်နယ် တာဟိုးကန်ရှိ ဂေါက်သီးအားကစားပွဲတစ်ခုတွင် ပထမဆုံး လိင်ဆက်ဆံခဲ့ကြသည်ဟု ဖြေကြားခဲ့သည်။ သို့သော်လည်း မုသားဖော်စက် စစ်ဆေးမှုများအရ ကလစ်ဖို့ဒ်ကို The Apprentice ရုပ်သံအစီအစဉ်တွင် ပါဝင်ခွင့်ပေးမည်ဟု ထရမ့်က ကတိပေးခဲ့သည်ဆိုသော အချက်မှာ မခိုင်မာဟု သုံးသပ်ထားသည်။ ကလစ်ဖို့ဒ်သည် လိမ်လည်လိုဟန်မရှိဟု စစ်ဆေးသူက ကောက်ချက်ဆွဲခဲ့သည်။ ကလစ်ဖို့ဒ်သည် ယခုအခါ ထရမ့်နှင့်ထရမ့်၏ ရှေ့နေမိုက်ကယ်ကိုဟင်ကို တရားစွဲဆိုထားသည်။ ရှေ့နေ ကိုဟင်သည် ကလစ်ဖို့ဒ်ကို နှုတ်ပိတ်ရန် လျှို့ဝှက်ထားရှိမှု သဘောတူစာချုပ် ချုပ်ဆိုစေခဲ့ပြီး သူပိုင်ငွေမှ ဒေါ်လာ ၁၃၀,ဝဝ၀ ပေးအပ်ခဲ့သည်ဟု ဝန်ခံထားသည်။ ကလစ်ဖို့ဒ်က အဆိုပါစာချုပ်တွင် ထရမ့် လက်မှတ်မထိုးခဲ့သောကြောင့် တရားမဝင်ဟုဆိုကာ ကန့်ကွက်ထားခြင်းဖြစ်သည်။
Source : https://goo.gl/bB6ru9
via IFTTT
No comments:
Post a Comment