အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခု လုံခြုံရေး အဆင့်မြှင့်မည် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခုကို ယခုနှစ်အတွင်း လုံခြုံရေး အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြည်တွင်း လေကြောင်း ဦးစီးဌာနမှ သိရသည်။ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထွဋ်အောင်က “ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ လမှာ ဦးကိုနီ လုပ်ကြံခံရတယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံက ဒီလေဆိပ်တွေရဲ့ လုံခြုံရေးအဆင့််မြှင့်ဖို့ နိုင်ငံတကာ နည်းပညာ၊ နိုင်ငံတကာ အတွေ့အကြုံနဲ့ ဟိုမှာလုပ်နေတာတွေနဲ့ တပြေးညီဖြစ်အောင် လုပ်ဖို့ဆိုပြီး လမ်း ညွှန်ခဲ့တယ်။ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခုစလုံးမှာ Security maintained contract (လုံခြုံရေး စီမံခန့်ခွဲမှု စာချုပ်) နိုင်ငံတကာ တင်ဒါနဲ့ ခေါ်ခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ တင်ဒါမှာ လုံခြုံရေးနှင့်ပတ်သက်သည့် တင်ဒါဖြစ်သည့်အတွက် နိုင်ငံပိုင် သတင်းစာများမှ ခေါ်ယူခြင်းမျိုး မဟုတ်ဘဲ စိတ်ဝင်တစား ဆက်သွယ်လာသော နိုင်ငံတကာ ကုမ္ပဏီ ၆ ခုကို ရွေးချယ်ပြီး တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း လည်း ၎င်း က ပြောပြသည်။ ယင်းပြည်ပ ကုမ္ပဏီ ၆ ခု ကို အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခုတွင် လုံခြုံရေး ကုမ္ပဏီများအဖြစ် လုပ်ကိုင်ဆောင်ရွက် ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ရွေးချယ် ရေး ကော်မတီ အဖွဲ့မှ ရွေးချယ်မည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ “ဒီကုမ္ပဏီ ၆ ခုကိုပဲ တင်ဒါသဘောမျိုးနဲ့ ခေါ်လိုက်တယ်။ အခုနောက်ဆုံး ကုမ္ပဏီ တာဝန်ရှိသူတွေ ရောက်လာပြီးတော့ ကျနော်တို့နဲ့ ဆွေးနွေးတယ်။ ပြီးတဲ့အခါ သူတို့လုပ်ချင်တာတွေ ပြောပြတယ်။ ဘယ်စနစ်နဲ့ လုပ်မယ်။ လိုအပ်တာကတော့ ကျနော်တို့က လေဆိပ်တွေရဲ့ လုံခြုံရေးစနစ်က အသွင်သဏ္ဌာန်ရော အနှစ်သာရရော ပြောင်းလဲ သွား ရမယ်” ဟု ညွှန်ကြား ရေးမှူး ဦးရဲထွဋ်အောင်က ပြောသည်။ ထိုသို့ လုပ်ဆောင်ရာတွင် လက်ရှိလေဆိပ်များတွင် လုံခြုံရေး ဆောင်ရွက်နေသော ဝန်ထမ်းများကို ပြန်လည်၍ နိုင်ငံ တကာ အဆင့်အတန်းနှင့် ကိုက်ညီစေရန် သင်တန်းများပေးရမည် ဖြစ်ပြီး တင်ဒါအောင်မြင်သော နိုင်ငံတကာ ကုမ္ပဏီ မှ စီမံခန့် ခွဲမှုပိုင်း လုပ်ဆောင်ပေးရမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ယင်းအပြင် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခုတွင် တပ်ဆင်ထားသော လုံခြုံရေးနှင့် သက်ဆိုင်သည့် စက်ပစ္စည်း ကိရိယာများကို အဆင့်မြှင့်သော စက်များ တပ်ဆင်ခြင်း၊ လိုအပ်သော နေရာများတွင် ထပ်မံတပ်ဆင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ်၏ ပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံ၏ အမျိုးသား မြို့ပြလေကြောင်းတွင် ပါဝင်သော လေကြောင်း လုံခြုံရေး အစီစဉ်နှင့် ကိုက်ညီသော အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရမည် ဖြစ်သည်ဟု ဆို သည်။ “ဒါမျိုးတွေကို လုပ်ဖို့အတွက်ကို ပေးလိုက်တယ်။ အဲဒါကို ကုမ္ပဏီ ၆ ခုပြန်တင်ပြလာတယ်။ အဲဒီအပေါ်မှာ ကော်မတီ ၂ ရပ်ကို ဖွဲ့ပြီးတော့မှ စိစစ်ရေး ကော်မတီနဲ့ ရွေးချယ်ရေး ကော်မတီ ဖွဲ့စည်းတယ်။ စိစစ်ရေး ကော်မတီ ဦးဆောင်သူက ညွှန်ကြားရေးမှူးချုပ် လေကြောင်း ဦးစီးဌာန ဖြစ်တယ်။ ဒီမှာ ရန်ကုန်လေဆိပ်ဆိုရင် ရန်ကုန်နဲ့ သက်ဆိုင်တဲ့ အစိုးရ အဖွဲ့၊ ပြည်ထဲရေး တာဝန်ရှိသူတွေ ပါမယ်။ မန္တလေးနဲ့ နေပြည်တော်ဆိုရင် အစိုးရအဖွဲ့တွေ ပါတယ်။ အခုက ရွေးချယ် မယ့် အဆင့် ရောက်နေပြီ”ဟု ညွန်ကြားရေးမှူး ဦးရဲထွဋ်အောင်ကပြောသည်။ ထိုသို့ ရွေးချယ်ပြီးနောက် ပြည်ထောင်စုအစိုးရသို့ တင်ပြပြီး အတည်ပြုချက် ရယူသွားမည် ဖြစ်ကာ တင်ဒါအောင်သော ကုမ္ပဏီမှ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခု လုံခြုံရေး အဆင့်မြှင့်တင်ခြင်းများကို ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက “လေဆိပ်အနေနဲ့ လုံခြုံရေး ဆိုတာက ကျနော် ထင်တာ ခရီးသွားတွေ ပြန်စစ်တယ်။ လေဆိပ်အပိုင်းကတော့ ဒါပဲ သူဦးစားပေး လုပ်မယ် ထင်တယ်။ အပြင် လုံခြုံရေး ကတော့ အပြင်လုံခြုံရေးပေါ့။ စက်ပစ္စည်းတွေကို အဆင့်မြှင့်ဖို့ ဖြစ်မှာပါ။ ကျနော်တို့ နိုင်ငံတကာ အတွေ့အကြုံကတော့ ခရီးသည်တွေက တန်းစီပြီးတော့ X Ray ပေါ်မှာ ဖြတ်တယ်။ လူကိုယ်လုံးမှာ ပါတဲ့ ပစ္စည်းတွေကိုလည်း ဖြတ်လိုက်တာ ပဲ။ လူက ဒီအတိုင်း ရှေ့ကို ဖြတ်သွားတာပဲ ရှိတယ်”ဟု ပြောသည်။ ဆက်လက်၍ ၎င်းက “ကြည့်လိုက်ရင် ကိုယ်လုံးမှာ ဘာမှ မပါတဲ့ အတွက်ကြောင့် သူက အသံမမြည်ဘူး။ တချို့တွေ က ပစ္စည်းပါရင် မီးပြတယ်။ အဲဒီတော့ ဘာမှ မမြည်ရင်တော့ မစစ်တော့ဘူးပေါ့ နော်။ ဒီမှာတော့ ဖြတ်လို့ရှိရင် မမြည် လည်း ခေါ်ပြီးတော့ ခုံပေါ်တက်ပြီး စစ်တာပဲ ဆိုတော့ အချိန်ကုန်တယ်။ လူတွေကလည်း တန်းစီနေတာပဲ ဖြစ်တယ်။ အခုလို နိုင်ငံတကာ လုံခြုံရေးဖြစ်မယ် ဆိုရင်တော့ ဒါတွေက သက်သာလာနိုင်တယ်”ဟုလည်း ပြောဆိုသည်။ အထက်ပါ လုံခြုံရေးဆိုင်ရာ အဆင့် မြှင့်တင်ခြင်းများကို ဦးကိုနီဖြစ်စဉ် ပြီးသည့် နောက်ပိုင်းတွင် စတင် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး ၁ နှစ်ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေး ဆောင်ရွက်နေသော ဝန်ထမ်း ၆၀၀ ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထွဋ်အောင်က ပြောသည်။ နေပြည်တော် လေဆိပ်တွင်လည်း ၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွင်း က ဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သား ဖြစ်သူ ဖြိုးကိုကိုတင့်ဆန်း နှင့် လူ ၂ ဦးကို တရားမဝင် လက်နက်များ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု တခု ဖြစ်ပွား ခဲ့သည်။ The post အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခု လုံခြုံရေး အဆင့်မြှင့်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2pvJSci
via IFTTT
No comments:
Post a Comment