ငါးကြီးဆယ်အင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု ရေလုပ်သား ၅၀ အမှုဖွင့်ခံရ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ ငါးကြီးဆယ်အင်းထဲတွင် ငါးကန် လုပ်ငန်းရှင်၏ လူများနှင့် ဒေသခံ ရေလုပ်သားများ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်ဘက်က ရေလုပ်သား ၅၀ ဦးကို ပုဒ်မ ၇ ခုဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ ငါးကြီးဆယ်အင်းထဲတွင် မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက ငါးကန်လုပ်ငန်းရှင် ဦးဉာဏ်လင်းနှင့် ၎င်း၏ အဖွဲ့က အစိုးရ တားမြစ် ထားသည့် နေရာတွင် မြေတူးစက် ၄ စီးဖြင့် ကန်တူးနေချိန်တွင် အဆိုပါ ငါးကြီးဆည်အင်းအား လုပ်ပိုင်ခွင့် ရရှိထားသည့် ပန်းတနော်မြို့နယ်၊ အကယ်ချောင်း ကျေးရွာအုပ်စု ရေလုပ်သားများက တားမြစ်မှုများ ပြုလုပ်ခဲ့ရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် ရေလုပ်သားများက မြေတူးစက်မောင်းသူကို လေးခွဖြင့်ပစ်ခတ်ခြင်း၊ တုတ်၊ ဓားများဖြင့် ရိုက်နှက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ငါးကန်လုပ်ငန်းရှင် ဦးဉာဏ်လင်းက တရားလိုပြုလုပ်ပြီး ဦးသန်းဦး ဦးဆောင်သည့် ရေလုပ်သား ၅၀ ဦးကို ပန်းတနော်မြို့မ ရဲစခန်း၌ မတ်လ ၁၉ ရက်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောနေရာတွင် တွေ့ရသည့် လုပ်ငန်းရှင်ဦးဉာဏ်လင်း၏ မြေတူးစက်အားတွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ) ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က “ရေလုပ်သားတွေက ဆဲဆိုခြိမ်းခြောက်တာတွေ ဘတ်ဟိုးကို လေးခွနဲ့ပစ် တုတ်၊ ဓားနဲ့ ရိုက်တာတွေ လုပ်တဲ့အတွက် ဘတ်ဟိုးမှန် ကွဲသွားတယ်။ နောက်ပြီးတော့ ဘတ်ဟိုး မောင်းတဲ့ ဇင်မျိုးကျော်ကို လက်သီးနဲ့ ထိုးခဲ့တယ်ဆိုပြီး ငါးကန်လုပ်ငန်းရှင် ဦးဉာဏ်လင်းက အမှုဖွင့်ထားတာပါ” ဟု ဧရာဝတီကို ပြောသည်။ ပန်းတနော်၊ ဓနုဖြူ၊ ညောင်တုန်းမြို့နယ် ၃ ခုနှင့် နယ်နိမိတ်ထိစပ်နေသည့် ငါးကြီးဆယ်အင်းမှာ မြေယာအငြင်းပွားမှုများ ဖြစ်နေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီလက်ထက်၂၀၁၇ ခုနှစ် မတ်လက စတင်၍ မည်သူမှ ကန်တူးခြင်း၊ တာပတ်ခြင်းမပြုလုပ်ရန် နှစ်ကြိမ်တိုင် တားမြစ်မိန့် ထုတ်ပြန်ထားကြောင်းသိရသည်။ ညောင်တုန်းမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက “ဦးဉာဏ်လင်းနဲ့ အဖွဲ့က တိုင်းအစိုးရ တားမြစ်မိန့်ထုတ်ထားတဲ့ နေရာတွေမှာ မြေတူးစက်တွေနဲ့ ကန်တူးတယ်။ အဲဒါကို ဒေသခံ ရေလုပ်သားတွေက အသံချဲ့စက်နဲ့ လှမ်းအော်ပြီးတားတယ်။ ဒီနေရာက အစိုးရတားမြစ်ထားတဲ့ နေရာဖြစ်လို့ အငြင်းပွားမှုတွေ ဖြေရှင်းပြီးမှ ကန်တူးတာ ဆက်လုပ် ပါလို့ ပြောတာကို ဦးဉာဏ်လင်းတို့ဘက်က ဂရုမစိုက်ဘဲ ငါးကန်ဆက်တူးတော့ အဲဒီမှာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ကုန်တယ်။ ဒေသခံလူငယ်တယောက်ကို မြေတူးစက်လက်တံနဲ့ရိုက်မိလို့ ခြေထောက်နဲ့ ပေါင်မှာ ဒဏ်ရာရသွားတယ်” ဟု ပြောသည်။ အခင်းဖြစ်ပွားရာနေရာသို့ ပန်းတနော်ရဲတပ်ဖွဲ့မှ ရဲအင်အား ၂၀ ခန့်ရောက်ရှိလာပြီး လူစုခွဲကာ ဖြန်ဖြေခဲ့သဖြင့် လူစုကွဲသွားပြီးနောက် လုပ်ငန်းရှင် ဦးဉာဏ်လင်းက အကယ်ချောင်းကျေးရွာအုပ်စုမှ ရေလုပ်သားခေါင်းဆောင် ဦးသန်းဦး အပါအဝင် လူ ၅၀ အား ရာဇသတ်ကြီးပုဒ်မ ၂၉၄ (ဆဲဆိုမှု)၊ ၃၃၆ (ဘေးဖြစ်စေသောပစ်ခတ်မှု)၊ ၄၄၇ (ကျူးကျော်မှု)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု)၊ ၅၀၆ (ခြိမ်းခြောက်မှု)၊ ၃၂၁ (နာကျင်စေမှု)၊ ၁၁၄ တို့ဖြင့် ပန်းတနော်မြို့မ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အကယ်ချောင်းကျေးရွာမှ ရေလုပ်သားခေါင်းဆောင် ဦးသန်းဦးက “လုပ်ငန်းရှင် ဦးဉာဏ်လင်းတို့က ကျနော်တို့ ရှာဖွေစားသောက်နေတဲ့ အင်းချောင်းတွေကို ပိတ်ပြီးငါးကန် တူးဖော်ဖို့လုပ်နေတာ။ အင်းချောင်းတွေ ပိတ်လိုက်ရင် ငါးမဝင်တော့ဘဲ အကုန်ပျက်စီးကုန်မှာလေ။ ဒါကြောင့် မလုပ်ပါနဲ့လို့ တောင်းပန်တာကို ဘက်ဟိုး (မြေတူးစက်) က ပြန်လှည့်လာပြီး ကျနော်တို့ ရေလုပ်သားတွေကို လိုက်တိုက်လို့ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တာ။ အဲတော့ ကျနော်တို့ဘက်က ပန်းတနော်မြို့ပေါ်က ရဲစခန်းကိုအမှုသွားဖွင့်တော့ သူတို့အပိုင်မဟုတ်တဲ့အတွက် အပိုင်စခန်းဖြစ်တဲ့ မင်းတစု ရဲစခန်းမှာ သွားဖွင့်ဖို့ပြောပြီးအမှုကို လက်မခံဘူး” ဟု ပြောသည်။ ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောနေရာတွင် တွေ့ရသည့် လုပ်ငန်းရှင်ဦးဉာဏ်လင်း၏ မြေတူးစက်အားတွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ) အဆိုပါ ငါးကြီးဆယ်အင်း ဒေသအား လွှတ်တော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အကြိမ်ကြိမ် ကွင်းဆင်းစစ်ဆေး တားမြစ်မှုများ ပြုလုပ်ခဲ့ပြီး စစ်ဆေးရေးအဖွဲ့များ ပြန်ချိန်တွင် လုပ်ငန်းရှင် ဦးဉာဏ်လင်းမှ ငါးကန်ဆက်တူးမှုများ လုပ်ဆောင် ခဲ့ကြောင်း၊ ယင်းအခြေ အနေအား ဥပဒေအရ အရေးယူဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများအား ဝန်ကြီးချုပ် မန်းဂျော်နီလက်ထက်က တာဝန်ပေးခဲ့ကြောင်း သိရသည်။ သို့သော်လည်း ထိရောက်သည့် အရေးယူမှုများ မပြုလုပ်ခဲ့သဖြင့် ဒေသခံ ရေလုပ်သားများနှင့် လုပ်ငန်းရှင်တို့ ထိပ်တိုက်တွေ့ကာ ရုန်းရင်း ဆန်ခတ် အခြေအနေအထိ ရောက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သူ ညောင်တုန်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောသည်။ ပန်းတနော်၊ ဓနုဖြူ၊ ညောင်တုန်းမြို့နယ် ၃ ခုထိစပ်နေသည့် သုံးပွင့်ဆိုင်ဒေသရှိ အကယ်ချောင်း၊ နတ်ဆည်၊ ကြိမ်ပင်ဆည် အပါအဝင် ရွာ ၉ ရွာနှင့် ထိစပ်နေသော ဒေသရှိ မြေဧက ၃၂၀၈ ဧကကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရက ၂၀၀၈ ခုနှစ်တွင် အေးရှားမိုက် ကုမ္ပဏီ ဒါရိုက်တာ ဦးပြည့်ဖြိုးအောင်လှိုင်အား ချထားပေးခဲ့ပြီး၂၀၁၆ ခုနှစ်တွင် အေးရှားမိုက် ကုမ္ပဏီမှ အဆိုပါမြေများအား လုပ်ငန်းရှင် ဦးဉာဏ်လင်းကို ထပ်မံလွဲှပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း မအူပင်ခရိုင် မြေစာရင်းဌာန စာရင်းများအရ သိရသည်။ မအူပင်ခရိုင်ရှိ မအူပင်၊ ပန်းတနော်။ ညောင်တုန်းနှင့် ဓနုဖြူမြို့နယ်များတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရလက်ထက် ၁၉၉၀ ဝန်းကျင်နှစ်များက ရေကြီးကွင်း၊ ရေနက်ကွင်း ဖော်ထုတ်ရေး စီမံချက်အရ စစ်အစိုးရက ကုမ္ပဏီပေါင်း ၂၇၀ ကျော်သို့ မြေဧကပေါင်း ၁ သိန်း ၇ သောင်းကျော် လုပ်ပိုင်ခွင့် ချထားပေးခဲ့ကြောင်းသိရသည်။ ၂၀၁၇ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD အစိုးရက သိမ်းဆည်းမြေများအား ပြန်လည်စိစစ်ခဲ့ရာ ချထားပေးသည့် မြေများအနက် ကုမ္ပဏီများမှ လုပ်ငန်း အမှန်တကယ် အကောင်အထည် ဖော်သည့်မြေမှာဧက ၆ သောင်း ၇ ထောင် ကျော်သာ ရှိပြီး မြေဧက ၁ သိန်းခန့်မှာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်း မရှိကြောင်း သိရသည်။ NLD အစိုးရက စီမံကိန်း အကောင်မဖော်သည့် မြေများကို ပြန်လည် စိစစ်နေချိန်တွင် လုပ်ငန်းရှင်တချို့မှ ယခင်က အကောင်အထည် မဖော်နိုင်၍ ပစ်ထားခဲ့ရသည့် မြေများကို တာပတ်ခြင်း၊ ငါးကန်တူးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် လုပ်ဆောင်နေကြကြောင်း သိရသည်။ ယင်းအခြေအနေအား ဌာနဆိုင်ရာများမှ ထိရောက်စွာတားမြစ်ခြင်း၊ အရေးယူခြင်းမရှိပါက ငါးကြီးဆယ်အင်းကဲ့သို့ အလားတူ ရုန်းရင်းဆန်ခတ်မှုများ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း လယ်ယာမြေအရေး လှုပ်ရှားသူများနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။ The post ငါးကြီးဆယ်အင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု ရေလုပ်သား ၅၀ အမှုဖွင့်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2FYmD1H
via IFTTT
No comments:
Post a Comment