Thursday, March 22, 2018


သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားသည့်အပေါ် သူတို့အမြင်များ နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် “လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့်” ဟုဆိုကာ မတ်လ ၂၁ ရက်နေ့ က နိုင်ငံတော် သမ္မတရာထူးမှ နုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့ပြီး လစ်လပ်သွားသည့် ထိုရာထူး နေရာအတွက် အလုပ်လုပ်ရက် ၇ ရက်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။ ထို့ကြောင့် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များကို သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားသည့်အပေါ်သဘောထား၊ သမ္မတ သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် အသစ်တက်လာမည့် သမ္မတ သစ်အပေါ် မျှော်လင့်ထားချက်များကို ဧရာဝတီ သတင်းထောက်များက ဆက်သွယ်မေးမြန်းထားသည်။ ပဒိုစောကွယ်ထူးဝင်း (ဒုဥက္ကဋ္ဌ) ကရင်အမျိုးသား အစည်းအရုံး (KNU) သူတာဝန်ထမ်းဆောင်နေတဲ့ ၂ နှစ်မှာ ကျန်းမာရေးမကောင်းလို့ အနားယူတယ်လို့ပဲ ကျနော်ယူဆတယ်။ ဒီလိုအပြောင်း အလဲက ဘယ်နိုင်ငံမှာမဆို ဖြစ်တတ်ပါတယ်။ မှတ်ချက်တော့ ထူးထူးထွေထွေ မရှိပါဘူး။ နောက်တက်မယ့်သမ္မတကိုတော့ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဖို့တော့ လိုအပ်တာပေါ့။ ကျနော်တို့လည်း အဲလို ဖြစ်စေချင်တာပေါ့။ ဦးအေးလွင် မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ကျနော် သိထားတာကတော့ ဦးထင်ကျော်က တကယ့် သူတော်ကောင်းကြီးပါ။ နောက်ပြီး ပညာလည်း တတ်တယ်။ တတ်တဲ့ပညာကိုလည်း လက်တွေ့ အသုံးချတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လိမ်မာပါးနပ်စွာဖြင့် ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လမ်းတဲ့အခါမှာ အထောက်အကူပြုဖို့အတွက် သူ့အနေနဲ့ ယန္တရားမှာ ပါဝင်ရတာ။ ကျရာကဏ္ဍကနေ ပါဝင်ရတယ်။ သူ့အနေနဲ့ မကျေနပ်လို့ စိတ်သဘောကွဲလွဲ လို့ ထွက်တာမဟုတ်ဘဲ အနားယူဖို့ပါ။ သူ့ကျန်းမာရေး အခြေအနေက ဘယ်လိုလဲဆိုတာ သိချင်ပါ တယ်။ သူ့အနေနဲ့က မြန်မာ့သမိုင်းမှာရှိတဲ့ တခြား သမ္မတတွေနဲ့ မတူဘဲနဲ့ ထူးခြားသော အခန်းကဏ္ဍကနေ လုပ်ဆောင်သွားရတာ။ သူ့မှာ အတွေ့အကြုံတွေလည်း ရှိတယ်။ အဲဒါကို ပီပီပြင်ပြင်နဲ့ သိက္ခာရှိရှိနဲ့ လုပ်သွားနိုင်တဲ့ အတွက် အတိုက်အခံတွေကတောင် အပြစ်ရှာနေတဲ့ သူတွေကတောင် ချီးကျူးဂုဏ်ပြုခဲ့ရတယ်။ လက်ရှိအစိုးရအပေါ် ဘာပဲလုပ်လုပ် လှုပ်တာနဲ့ကို အပြစ်ရှာနေတဲ့သူတွေကတောင် သမ္မတကြီးရဲ့ သီလဂုဏ်ကြောင့် နိုင်ငံရဲ့ ပုံရိပ်ရော အစိုးရရဲ့ ပုံရိပ်ကိုရော ထွန်းပြောင်းအောင် လုပ်ဆောင်နိုင်တယ်။ နောက်တက်လာမယ့် သမ္မတအပေါ်မှာ ထင်မြင်ချက်တော့ ကျနော်မြင်တာ တဦးတယောက် ခေါင်းဆောင်နေတာ မဟုတ်ဘဲ စုပေါင်းခေါင်းဆောင်နေတာ။ အလုပ်က မပြီးသေးဘူး ဒီမိုကရေစီပန်းတိုင်ကို မရောက်သေးဘူး။ အကူးအပြောင်း ကာလမှာ စုပေါင်းအင်အားနဲ့ ကိုယ်ကျရာ ကဏ္ဍကနေလုပ်ကိုင် ဆောင်ရွက်ရမယ်။ စာရွက်ပေါ်မှာ အလုပ်သဘောအရတော့ သမ္မတ၊ ဝန်ကြီးတွေကို သူ့တာဝန်နဲ့သူ ခွဲထားပေမယ့် လက်တွေ့အခြေအနေက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကျရာ ကဏ္ဍကနေ အသုံးတော်ခံနေရတာ ဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ သမ္မတွေပုံစံလို မလုပ်ခြင်းကို အပြစ်ပြောလို့ မရဘူး။ တကယ့် ပီပြင်တဲ့ ဒီမိုကရေစီ ဖြစ်သွားပြီးတော့မှ တကယ် အာဏာကို အသုံးချရမယ့် သမ္မတ တယောက်က သူလုပ်ရမယ့် အလုပ်က တသီးတခြား ရှိလိမ့်မယ်။ ပြီးခဲ့တဲ့ သမ္မတကြီးရော အခုတက်တဲ့ သမ္မတကရော ဒီမိုကရေစီ အကူးအပြောင်း ကာလမှာ ကျရာ တာဝန်ထမ်းဆောင်သွားကြတာ ဖြစ်တဲ့အတွက် နောက်တက်မယ့် သမ္မတက ကောင်းကောင်း သ ဘောပေါက်ပြီး အသွင်ကူးပြောင်းရေးအတွက်သူ့အခန်းကဏ္ဍကနေသူ လုပ်သွားပါလိမ့်မယ်။ ဒေါက်တာ မေဝင်းမြင့် (ဗဟိုအမျိုးသမီး ကော်မတီ ဥက္ကဋ္ဌ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သမ္မတ နှုတ်ထွက်တယ်ဆိုတာ ရိုးရိုးပါပဲ ကျန်းမာရေး မကောင်းလို့ပါ။ အားလုံးလဲ မြင်မှာပါ သူစတင် တာဝန်ထမ်းဆောင်ချိန်က ဥပဓိရုပ်နဲ့ အခုကအရမ်းကြီးကို အားပျော့ပြီးတော့ လာတာလဲတွေ့ရတယ်။ ကျမကတော့ ကျန်းမာရေးကြောင့်ပဲလို့ မြင်ပါတယ်။ သမ္မတကြီးဟာ ကျမတို့ တင်မြှောက်ထားတဲ့ သူပါ။ သူဟာအင်မတန်မှ ဖြောင့်မတ်ရိုးသားတယ်။ သမ္မတ သက်တမ်း တလျှောက်မှာလဲ သူလုပ်နိုင်သလောက် ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့တာကို ကျမတို့အနေနဲ့ ဂုဏ်ယူပါတယ်။ နောက်ထပ် တက်လာမယ့် သမ္မတကိုလဲ ကျမတို့ ရွေးချယ်ပေးရမှာပါ။ ရွေးချယ်ပေးတဲ့ နေရာမှာ နိုင်ငံသူ နိုင်ငံသားတွေအပေါ် စေတနာ မေတ္တာ ထားပြီးတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်အောင် လုပ်ပေးနိုင်တဲ့ ထက်မြတ်တဲ့ သမ္မတမျိုးကို လိုချင်ပါတယ်။ အဲဒီလိုလူမျိုးဖြစ်အောင်လဲ ကျမတို့ ရွေးချယ်သွားမှာပါ။ ဒေါက်တာ နန္ဒာလှမြင့် (ပြောရေးဆိုခွင့်ရှိသူ) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ -(USDP) သမ္မတကြီး ဦးထင်ကျော်က သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ တာဝန်က အနားယူတယ်လို့ပဲ မြင်တယ်။ တကယ်လည်း သမ္မတကြီးရဲ့ ကျန်းမာရေးအခြေအနေက ဒီတာဝန်ကိုထမ်းဆောင်နိုင်ဖို့ အခက်အခဲရှိတဲ့ အတွက်လေ။ အဓိကကတော့ သမ္မတကြီး ဦးထင်ကျော်ကို ကျနော်တို့ မြင်တာက ရိုးသားမှုရှိတယ်။ လူကောင်းတယောက်။ စိတ်ရင်းလည်း ကောင်းတယ်။ ဒီလိုပုံစံမျိုးတွေ့ပါတယ်။ သို့သော်လည်းပဲ တိုင်းပြည်အတွက်ကျတော့ အစိုးရအဖွဲ့ကို သမ္မတအနေနဲ့ တာဝန်ယူထားပေမယ့် တကယ်တမ်း အစိုးရအဖွဲ့ကို ဦးဆောင်တာကကျတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တာဝန်ယူ ဦးဆောင်နေတာ ဖြစ်တယ်။ ဆိုတော့ သမ္မတကြီးအနေနဲ့ သိသာထူးခြားတဲ့ နိုင်ငံအတွက် လုပ်ဆောင်ချက် မရှိဘူးလို့ပဲပြောရမှာပေါ့။ ကျနော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတက နိုင်ငံတော်ရဲ့ နိုင်ငံသားအားလုံးရဲ့ အထွဋ်အထိပ်ဖြစ်တယ်။ အစိုးရ အဖွဲ့အကြီးအကဲ၊ နိုင်ငံတော်အကြီးအကဲလည်း ဖြစ်တယ်။ ဒီတော့ သမ္မတအနေနဲ့ တိုင်းပြည်ကို မှန်ကန်တဲ့ ဦးဆောင်မှု ပေးပြီးတော့မှ ဒီကနေ့ နိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအားလုံးကို သူ့ရဲ့အရည်အချင်း၊ အတွေးအခေါ်၊ လုပ်ရည်ကိုင်ရည်နဲ့ အကောင်းဆုံးဖြစ်အောင် ပြန်လည်ဆွဲတင်ရမှာပေါ့။ သို့သော် အခုဖြစ်ပေါ်လာတဲ့ သမ္မတအနေနဲ့ NLD ပါတီနဲ့အစိုးရရဲ့အခြေအနေအရ သမ္မတကြီး အနေနဲ့တော့ ဦးဆောင်မှု အခန်းကဏ္ဍမှာ သိပ်မထင်ဘူး။ ဘာလို့ဆို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပဲ အစိုးရအဖွဲ့ကို ဦးဆောင်သွားတာဖြစ်တယ်။ သူကိုယ်တိုင်ကလည်း သမ္မတရဲ့အထက်မှာ နေပြီးတိုင်းပြည်ကို ဦးဆောင်မယ်လို့ ပြောထားပြီးသားဖြစ်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ မူတည်ပြီး အနိုင်ရလာတဲ့ ပါတီဖြစ် တဲ့အခါကျတော့ အစိုးရ ဦးဆောင်မှု အခန်းကဏ္ဍမှာ သမ္မတအပြောင်းအလဲ ဖြစ်တာသိပ်မထူးခြားဘူး။ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ကပဲ ဦးဆောင်သွားလိမ့်မယ်လို့ မြင်ပါတယ်။ ကျနော်တို့အနေနဲ့တော့ ဘယ်သူပဲဖြစ်ဖြစ်ပါ။ ခုအများဆုံးရေပန်းစားပြီး ပြောနေကြတာကတော့ ဦးဝင်းမြင့်လို့ ပြောနေကြတယ်။ ဘယ်သူပဲဖြစ်လာဖြစ်လာပါ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သစ္စာရှိတဲ့။ ဒေါ်အောင်ဆန်းစုကြည် ယုံကြည်စိတ်ချ ရတဲ့ သူ့ရဲ့မူဝါဒတွေ အကောင်အထည်ဖော်ပေးနိုင်မယ့် သူ့ရဲ့လူရင်းထဲကပဲ ဖြစ်လာမယ်လို့ မြင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သိပ်တော့ထူးခြားတဲ့ ပြောင်းလဲမှုရှိမယ်လို့ မထင်ဘူး။ ဘာလို့ဆိုဒေါ်အောင်ဆန်းစုကြည်က Key Player ပဲ။ အဓိကသူ့ရဲ့ ဦးဆောင်မှုအောက်မှာပဲ သွားနေကြတာဆိုတော့လေ။ တိုင်းပြည်ကဒီနေ့ ရင်ဆိုင်နေရတဲ့ စီးပွားရေးအကြပ်အတည်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအကြပ်အတည်း အားလုံးကို ပြည်တွင်းစည်းလုံး ညီညွတ်မှုအားနဲ့ပဲ တည်ဆောက်ရမယ်လို့ နားလည်တယ်။ ဒါကြောင့် ဘယ်သူပဲ ဖြစ်လာဖြစ်လာ အရည်အချင်းရှိတဲ့ သူတွေ တကယ်လုပ်ရည်ကိုင်ရည် လုပ်နိုင်ကိုင်နိုင်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာစေချင်တယ်။ ပြီးတော့ တယောက်နဲ့ တယောက် စကားလုံးတွေနဲ့ အပြစ်တွေပြောနေမယ့်အစား တယောက်လိုအပ်ချက်ကို တယောက်ဖြည့်ပြီး အပြုသဘောဝေဖန် ထောက်ပြပြီးမှ စည်းလုံးညီညီညွတ်နဲ့ တိုင်းပြည်ကို ဦးဆောင်သွားနိုင်တဲ့ ခေါင်းဆောင်မှု အရည်အချင်းရှိတဲ့ သဘောထားရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာစေချင်တယ်။ ဒေါက်တာစိုးထွန်း (ဥက္ကဋ္ဌ) မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများအသင်း ကျနော်အမြင်တာတော့ အများကြီးတော့ ပြောင်းလဲသွားမယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိ သမ္မတကြီး ဦးထင်ကျော် အနေနဲ့လည်း ပြောရရင်တော့ actively (တက်တက်ကြွကြွ၊ စိတ်ဝင်တစား) တော့ ဘာမှ လုပ်တာတော့ မရှိဘူးပေါ့နော်။ မရှိတော့ သူကအထူးသဖြင့်တော့ နိုင်ငံရဲ့ ဂုဏ်ထူးဆောင်သမ္မတ အနေနဲ့ပဲရှိတယ်။ ဆောင်ရွက်တာတော့ သမ္မတက အဓိကမဟုတ်တော့ ကျနော်တို့ မြင်တာကတော့ အများကြီးပြောင်းလဲမယ်လို့တော့ ကျနော်မမြင်ဘူး။ တခုရှိတာကတော့ နောင်ဖြစ်လာမယ့် သမ္မတအနေနဲ့ သူ့ရဲ့ အခန်းကဏ္ဍ အပြည့်အ၀ ထမ်းဆောင်ခွင့်ရမယ် ဆိုရင်တော့ တမျိုးမှာပေါ့နော်။ အကြံပြုချင်တယ်ဆိုရင်တော့ သမ္မတ အသစ်တက်တယ်ဆိုရင်လဲ NLD ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါ်ယူမယ့် အပိုင်းနဲ့ တချို့ဟာဆိုရင်လဲ သမ္မတကို တာဝန်ခံခိုင်းရင် ပိုပြီးတော့ကောင်းမယ်။ ဥပမာစီးပွားရေးနဲ့ ပတ်သတ်တာမျိုးဆိုရင် သမ္မတကို တာဝန်ပေးနိုင်ရင် နဲနဲပိုပြီးတော့ တိုင်းပြည်အတွက် ကောင်းပါမယ်။ ဒါက ပြီးခဲ့တဲ့ ၂ နှစ်အတွေ့အကြုံကိုယူပြီးတော့ နောင်သမ္မတ တယောက်ရွေးကောက်ပြီးတဲ့ အခါကျရင် သူ့ကိုဆောင်ရွက်ဖို့ ကျနော်အနေနဲ့ တိုက်တွန်းချင်တာပါ။ ဒေါက်တာ မြတ်စန္ဒာသန့် မြင့်မိုရ်မေတ္တာခိုနားရာ၊ Single Mother ဂေဟာ တည်ထောင်သူ ကျမတို့ သမ္မတသည် အရမ်းမထက်မြက်ဘူး။ ဒါပေမယ့် လူငယ်တွေအတွက် စံနမူနာထားစရာ သမ္မတတယောက်တော့ ဖြစ်ခဲ့တယ်။ အခုနှုတ်ထွက်သွားတဲ့ သမ္မတသည် မာန်မာနနည်းသော အတ္တနဲ့ ကိုယ်ကျိူးရှာနည်းသော သမ္မတဖြစ်တဲ့ အတွက် ကျမသဘောကျတယ်။ သူသည် လူယဉ်ကျေးမိသားစု၊ တကယ့် လူကောင်းမိသားစုက ပေါက်ဖွားတယ်ဆိုတာတော့ ကျမတို့ လက်ခံလို့ရတယ်။ သမ္မတသက်တမ်း အတွင်းမှာ သူ ခြေတော့မပေါ်ဘူး။ ခြေပေါ်အောင်တော့ မကစားနိုင်ခဲ့ဘူး။ ဒါပေမယ့် တိုင်းပြည် နစ်နာအောင်တော့ သူမလုပ်ခဲ့ဘူး။ ကိုယ့် အကျိုးအတွက်၊ ကိုယ့်မိသားစု အကျိုးအတွက် ဆိုပြီးတော့မှ သူမဆောင်ရွက်ခဲ့ဘူး။ လူတစုအကျိုးအတွက် လူတန်းစားတခုကို နှိပ်ကွတ်ခဲ့တဲ့ သမ္မတတွေထဲမှာတော့ သူမပါဘူး။ ကျမတို့ လူကောင်းနဲ့တော့ တွေ့ခဲ့တယ်။ ဒါပေမယ့် လူတော်တော့ မရသေးဘူး။ နောက်တက်လာမယ့် သမ္မတသည် ထက်မြတ်ပြီးတော့ ကိုယ့်ကျိုးမကြည့်တဲ့ သမ္မတမျိုးကိုမျှော်လင့်တယ်။ နိုင်ငံရေးကစားကွက် ပြည့်ဝတဲ့ သူမျိုး ဖြစ်စေချင်တယ်။ အဲဒီလို ဖြစ်လာရင်တော့ နောက်ကျန်တဲ့ ၂ နှစ်အတွင်းမှာကစားကွက် လှသွားမယ်၊ ရှုံးပွဲမရတော့ဘူးပေါ့။ အခုကတော့ သရေကျအောင်ပဲ ကစားနေသလားမသိဘူး။ ဦးခင်မောင်ဆွေ (ဥက္ကဌ) အမျိုးသားဒီမိုကရက်တစ်ပါတီ(NDF) ဦးထင်ကျော်ကတော့ နုတ်ထွက်သွားပြီးပေါ့။ ပြည်သူကို တိုက်ရိုက် မိန့်ခွန်းကိုသော်လည်းကောင်း၊ သူအနေနဲ့ ဘယ်လို ထွက်ရပါတယ်ဆိုတဲ့ အကြောင်းပေါ့။ ပြည်သူကိုတော့ ပြောသွားတာမရှိဘူးပေါ့။ နုတ်ထွက်မှ ထွက်ပြီးလို့ ပြောတာကတော့ နည်းနည်းလေးတော့ တုံးတိကြီး ဖြစ်နေတာပေါ့။ မြန်မာနိုင်ငံမှာ အမြင့်ဆုံးပုဂ္ဂိုလ်ပေါ့။ နံပါတ် ၁ လိုဖြစ်တဲ့ ပုဂ္ဂိုလ်က ပြည်သူကို လေးလေး စားစားတော့ တခုခုတော့ ပြောသွားဖို့ လိုတာပေါ့။ ကျနော်တို့က မှန်းဆပြီးတော့ ကျန်းမာရေးကြောင့် ဖြစ်နေတာ ၄၊ ၅၊ ၆ လရှိသွားပြီ။ ဆေးရုံဆေးသွားကုနေတာလည်း ရှိနေတော့ နားလည်မှုနဲ့ ကျနော်တို့ကတို့သမ္မတကြီးတော့ နုတ်ထွက်သွားပြီးဆိုပြီဒ ီလိုပဲလက်ခံထားလိုက်တာပေါ့။ ဦးထင်ကျော်ကနာမည်ကတော့ သမ္မတပေါ့။ ဒါပေမယ့် အစိုးရအဖွဲ့မှာသူက ၂၀၀၈ အခြေခံဥပဒေမှာ ပါတဲ့အတိုင်း သမ္မတ အစိုးရအဖွဲ့ကို မဖွဲ့နိုင်ခဲ့ဘူး။ သမ္မတက ဦးဆောင်တဲ့ အစိုးရအဖွဲ့မဟုတ်ပဲနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ သူကပါလီမန်အဖြစ်နဲ့ ဆိုရင်တော့ သူကဂုဏ်ထူးဆောင် နေရာလောက်မှာပဲရှိနေတာတွေ့ရတယ်။ သူလုပ်သွားတာကို ကြည့်မယ်ဆိုရင်တော့ ဘဏ္ဍာရေးကော်မတီမှာ ဥက္ကဋ္ဌ လုပ်တာကတော့ တိုင်းပြည်အတွက် အကျိုးသက်ရောက်မှု အထိုက်အလျောက်တော့ ရှိမယ်လို့ ပြောလို့တော့ ရတာပေါ့။ အဲလောက်ပဲကျနော်တို့ တွေ့ရပါတယ်။ သမ္မတအနေနဲ့ ဘာမှထူးထူးခြားခြား ရပ်တည်ပြီးတော့ ငြိမ်းချမ်းရေးဘက်မှာသော်လည်းကောင်း၊ ရခိုင်အရေးဘက်မှာ သော်လည်းကောင်း၊ လုံခြုံရေးဘက်မှာ သော်လည်းကောင်း၊ ဒီလို ပြတ်ပြတ်သားသားရပ်တည်ပြီးတော့ ပြောတဲ့ သမ္မတတယောက် မဟုတ်ခဲ့ဘူးဆိုတာသမိုင်းသက်သေရှိပါတယ်။ ရှင်းရှင်းပြောရရင်တော့ ဒီလိုပုံစံနဲ့သွားနေတဲ့ သမ္မတကိုတော့ ကျနော်တို့ သိပ်စိတ်မဝင်စားဘူး။ သမ္မတက သမ္မတလို တည်တည်တံ့တံ့နဲ့ သမ္မတတယောက်ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ အုပ်ချုပ်ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ မရှိတဲ့ အတွက်ကြောင့်မလို့ သမ္မတအပြောင်းအလဲဟာ ကျနော်တို့အတွက်ကတော့ ဘာမှ မထူးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာခံတယောက်ကို ထုတ်လိုက်ပြီးနောက်တယောက်ကို သူ့သြဇာခံမယ့် တယောက်ကို ပြောင်းမှာပဲဆိုတာ သိနေတဲ့အတွက်ကြောင့်မလို့ သိပ်လှုပ်လှုပ်ခက်ခက်တော့ မရှိပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း သမ္မတတယောက် လူသစ်လည်းလို့ ပြောင်းလဲသွားလို့လည်း သိသာပြောင်းလဲမှုတွေ ဖြစ်လာမယ့်လို့ မမျှော်လင့်နိုင်ပါဘူး။ ကျနော်ကတော့ ဒီအပေါ်မှာသိပ်ပြီးတော့ အားမရပါဘူး။ ဒေါက်တာ ခလမ်ဆမ်ဆွန် (အထွေထွေ အတွင်းရေးမှူး) ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်- (KBC) ကျနော်တို့လည်း သမ္မတ နှုတ်ထွက်သွားတာ အံ့သြတယ်။ စိတ်လည်းမကောင်းဘူး။ သမ္မတ ပြည်သူတွေ ရွေးကောက်ထားတဲ့ သမ္မတက အကြောင်းပြချက်ဘာမှ ခိုင်လုံခြင်းမရှိပဲ ထွက်သွားတာ တခုခုများလားလို့ ကျနော်တို့က စိတ်ထဲမှာ သံသယ ဖြစ်မိတယ်။ သူ့ရဲ့ သက်တမ်းမှာလည်းသူ့ရဲ့ ကဏ္ဍကလည်းဘာမှ ပေါ်ပေါ် လွင်လွင် ထင်ထင်ရှားရှား လုပ်ဆောင်ခဲ့တာ မရှိဘူးဆိုတော့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက တခုခုများသမ္မတရဲ့ ကဏ္ဍက မှိန်သွားပြီလားဆိုပြီး ကျနော်တို့လည်း စဉ်းစားမိတယ်။ အရပ်သားသမ္မတ စတတ်လာတုန်းက မျှော်လင့်ချက်နဲ့ တတ်လာတော့ မျှော်လင့်ချက်က ကွာတယ်လို့တော့ မြင်တယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ကျနော်တို့ အရပ်သားအစိုးရရဲ့ ပြည်သူတွေ အပေါ်မှာ လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ချက်တွေက အထူးသဖြင့် ကျနော်တို့ ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာဘာမှ ထိရောက်မှု မရှိဘူးဆိုတာ ပိုတွေ့ရတယ်။ သမ္မတ ဦးထင်ကျော်ကို ရုပ်သေးလို့တော့ မမြင်ဘူး။ သမ္မတရဲ့ စိတ်နေသဘောထားကလည်း ပြည်သူတွေ အတွက် ကောင်းဖို့ ဆိုပြီးသူ့ရဲ့ စိတ်ရှည်မှုတွေကြောင့်ပဲ အာဏာကို မက်မောခြင်း မရှိပဲနဲ့ သူ့ရဲ့တိုင်းပြည် အပေါ် ချစ်တဲ့ စိတ်စေတနာက လုပ်နိုင်တဲ့ သူတွေ လုပ်တာကို ထောက်ခံတယ်ဆိုတာကိုပဲ ကျနော်တို့ မြင်ပါတယ်။ ရုပ်သေးဆိုတာကိုတော့ ကျနော်တို့ သိပ်ပြီးမမြင်ဘူး။ အဲ့လိုရုပ်လုံးကို သူ့ကိုမမြင်ပါဘူး။ နောက်တတ်လာမယ့် သမ္မတက နောက်ခံက အရပ်ဘက်ကလား။ စစ်ဘက်ကလားဆိုတဲ့ အပေါ်မှာလည်းကျနော်တို့ မျှော်လင့်ချက်က မူတည်လိမ့်မယ်။ တခြားတော့ ပြောကြတာတွေ ရှိတယ်။ သူတို့ထဲမှာပဲ အလှည့်အပြောင်းနဲ့ မျက်လှည့် ပြသလိုမျိုးလားပေါ့ ။ သိပ်တော့ အယုံကြည် မရှိကြသေးဘူး။ အခုချိန်မှာကျနော်တို့ ဘာမှ ခန့်မှန်းလို့ မရသေးပါဘူး။ ကျနော်တို့ကတော့ ပြည်သူတွေဘက်ကတော့ ပြည်သူ့အစိုးရအဖြစ် ပီပီပြင်ပြင် လုပ်ဆောင်တဲ့ လုပ်ဆောင်နိုင်တဲ့ သမ္မတမျိုး ဖြစ်စေချင်ပါတယ်။ ဦးမျိုးကျော် (အထွေထွေအတွင်းရေးမှူး) ရခိုင်ဒီမိိုကရေစီအဖွဲ့ချုပ် (ALD) လူတော် တယောက်ပေါ့နော်။ လူတော် ပညာတတ် တယောက်အနေနဲ့တော့ နုတ်ထွက်သွားတယ်။ ဒီတော့ အကယ်၍ အသစ်ဖြစ်လာမယ့် လူကရောအဲလိုပညာတတ်တယောက်၊ လူတော်တယောက် ရနိုင်မလားဆိုတာ တချက်ပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအရတော့ အကြပ်အတည်းဖြစ်နေတယ်။ ဒီပေါ်မှာနေပြီးတော့ တက်လာတဲ့ အခုဖြစ်လာမယ့် သမ္မတကရော ကျော်လို့ ရောက်နိုင်မလားပေါ့။ အဲဒါတွေကိုတော့ နည်းနည်းပါးပါးတော့ အန်ကယ်တို့ကတော့ စိုးရိမ်မိတယ်။ တိုင်းပြည်ရဲ့ ပုံရိပ်ပေါ့နော်။ တနည်းအားဖြင့် ပြောရင်တော့ ပြည်သူတွေ ကြိုက်တဲ့ပုံရိပ်ကတော့ နိုင်ငံတကာသွားတဲ့အခါ သူတို့ကပညာတတ်တွေ ဖြစ်တယ်လေ။ အဲဒါလေးတခုကြိုက်တယ်။ နောက်တခုကဘာပဲဖြစ်ဖြစ် တိုင်းပြည်အတွက် သူ့အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ဟာက သက်သေပြလို့ မရပေမယ့် ထင်သာ မြင်သာရှိတာတခုကတော့ အရိုးသားဆုံးနဲ့ ခြံစားမှု မရှိဘူး။ နိုင်ငံကိုအကောင်းဆုံး အရိုးသားဆုံး အင်မတန် ဖြူစင်တဲ့ သမ္မတတယောက်အနေနဲ့ စီမံခဲ့တယ်။ အန်ကယ်တို့ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကတော့ ငြိမ်းချမ်းရေးရလဒ်အပေါ်မှာ မူတည်တာပေါ့နော်။ ဒီတော့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရအောင် ယူပြီးတော့ ဒီအစိုးရအဖွဲ့တွေနဲ့ ဘယ်လိုကိုင် တွယ် ဆောင်ရွက်မလဲပေါ့နော်။ တပ်နဲ့ရောသူတို့ ဘယ်လိုညှိနှိုင်းမလဲ၊ တပ်ကိုရော သြစာပေးလို့ရမလား၊ အဲလိုပေးနိုင်တဲ့ လူမျိုးကို လိုချင်တာပေါ့။ ဦးနေမျိုးထွန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သမ္မတဆိုတာက နိုင်ငံတော် တခုရဲ့ ပြယုဒ်ပေါ့၊ အစိုးရကို ထိန်းကျောင်းသွားတာကတေ့ာ လူထုခေါင်းဆောင် မေစုကိုယ်တိုင် ဖြစ်ပါတယ်။ ကျန်းမာရေးခြေနေကြောင့် သူ့ အနေနဲ့ ဒီကာလမှာ ကောင်းကောင်းမလုပ်နိုင်တာရှိတယ်။ ကျနော်တို့ အနေနဲ့ ကတေ့ာ သမ္မတအရည် အချင်း၊ မျိုးရိုးဂုဏ်၊ သမာဓိအားရော တည်ကြည်တဲ့ သမ္မတကြီး ကျန်းမာရေးမကောင်းလို့ နုတ်ထွက် ရတာတေ့ာစိတ်မကောင်းပါဘူး။ အစိုးရက မူအတိုင်းသွားတာ ဖြစ်ပါတယ်။ သမ္မတကြီးကသူလုပ်နိုင်တဲ့ ဘောင်အတွင်းကနေတေ့ာ အကုန် လုပ်သွားပါတယ်။ နောက်တက်လာမယ့် သမ္မတက အစိုးရဲ့ ရလုပ်ထုံးလုပ်နည်း၊ မူဝါဒတွေကို ပိုင်နိုင်စွာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်၊ ဒီအစိုးရအဖွဲ့ ကပ်ဘိနပ် ဝန်ကြီးတွေကို ထိန်းကျောင်းနိုင်တဲ့ သမ္မတမျိုး ဖြစ်စေချင်ပါတယ်။ နန်းစေးဝါး (ဒုဥက္ကဌ ) (ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ – ကရင်ပြည်နယ်/ JMC-S) ကျမကတော့ လေ့လာမှု အားနည်းလို့လားမသိဘူး။ အားရတာမတွေ့ရဘူး။ အရင်အစိုးရ လက်ထက်တုန်းကဆို ဝန်ထမ်းတွေကို လစာတိုးပေးတာ ရှိခဲ့တယ်လေ။ ငြိမ်းချမ်းရေးအတွက် ခေါ်တာတို့ ထူးခြားဖြစ်စဉ်လေးတွေ လုပ်ပေးတာရှိတယ်။ သမ္မတကြီး လက်ထက်မှာတော့ ထူးထူးခြားခြား မတွေ့ရပါဘူး။ ကျမကြည့်တာ သမ္မတက သမ္မတယောက်ဖြစ်ပေမယ့် သူ့ရဲ့ ကျန်းမာရေးကြောင့်ပဲလား မသိဘူး။ အားရမှု မရှိဘူး။ အစက တိုင်းရင်းသားအရေးမှာ ကိုယ့်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးမှာ လုပ်ကိုင်ခွင့် ရတဲ့ သမ္မတအဖြစ် မားမားမတ်မတ် တတ်တတ် ကြွကြွနဲ့ ဦးဆောင် ပါဝင်ဖို့ မျှော်လင့်ခဲ့တယ်။ နောက် သူကလေမဲနဲ့ ရွေးချယ်တင်မြှောက် ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်းထဲက မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြင်ပကနေပါတီတခုရဲ့ ကိုယ်စားပြုမှုနဲ့ ဝင်လာတဲ့ သူတယောက် ဖြစ်လို့ သူ့မှာလည်း ပြန်ထောက်ထားရတာတွေ ရှိရင်ရှိမှာပေါ့။ ဒါ့ကြောင့် အနှောင်အဖွဲ့ကင်းတဲ့ လွှတ်တော် ကိုယ်စားလှယ်ထဲက နေဖြစ်ရင် နည်းနည်း ပိုပြီးလုပ်ချင် ကိုင်ချင်စိတ်များ ပိုရှိမလားပေါ့။ အခုက ပါတီက တင်မြှောက်လိုက်တယ် ဆိုတော့ ပြည်သူက ရွေးချယ် ထားတဲ့ မဲဆန္ဒနယ်လည်းမရှိဘူး။ ပြည်သူက ရွေးချယ်တင်မြှောက်တာ မဟုတ်တော့ သူ့မှာလည်း အားနည်းချက် ရှိတာပေါ့။ ခုဏလိုမျိုးရုပ်ပြလိုပဲ ဖြစ်နေသလိုပါပဲ။ တခုခုလုပ်ပေးခဲ့တာမျိုး မတွေ့ရဘူးနော်။ သမ္မတလုပ်ပိုင်ခွင့်က လက်မှတ်ထိုးတာ ထုတ်ပြန်တာတွေပဲတွေ့တယ်။ တခါ တလေတချို့ကိစ္စတွေမှာ ထုတ်ပြန်တာတောင် သမ္မတနာမည်နဲ့ မဟုတ်တာတွေ တွေ့ရတယ်။ စိတ်မကောင်းဖြစ်တယ် သူ့အတွက်။ သမ္မတကတော် အမဒေါ်စုစုလွင်ကလည်း အရမ်းတော်တဲ့ အမျိုးသမီး တယောက်ပါ။ အခုတတ်လာမယ့် သမ္မတအသစ် အတွက် ထပ်မျှော်လင့်တာက ပါတီအကျိုးထက် ပြည်သူ့အကျိုးကိုပိုပြီးတော့ လုပ်နိုင် ကိုင်နိုင်တဲ့သူ ပိုဦးစားပေးလုပ်မယ့် သူကိုပဲ ဖြစ်စေချင်တယ်။ ပြည်သူ့အကျိုးဆိုတာ ပြည်တွင်း ငြိမ်းချမ်းရေးရယ် အခြား ကိစ္စတွေလည်း ထဲထဲဝင်ဝင် လုပ်နိုင်တဲ့ သမ္မတမျိုး ဖြစ်စေချင်ငတယ်။ ဘာလို့ဆိုတော့ ကျမတို့ နိုင်ငံက အားနည်းတယ်။ ဒါပေမယ့် အတိုင်ပင်ခံလည်း ရှိနေတာကိုး။ အတိုင်ပင်ခံကလည်း နေရာပေးပေးရမယ်လို့ ကျမမြင်တယ်။ ဒါပေမယ့် နိုင်ငံတော် အတိုင်ပင်ခံ ဦးဆောင်နေပေမယ့် သမ္မတအနေနဲ့တော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ပီပီပြင်ပြင် လုပ်ပြစေချင်တယ်။ သမ္မတဆိုတာ တနိုင်ငံလုံးရဲ့ ဥသျှောင်ပဲလေ။ နိုင်ငံရေးဖြစ်ဖြစ် စီးပွားရေးဖြစ်ဖြစ် သူ့မှာတာဝန်ရှိတယ်လေ။ သမ္မတဆိုတာ အခရာပဲ ။ ပီပီပြင်ပြင် လုပ်စေချင်ပါတယ်။ The post သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားသည့်အပေါ် သူတို့အမြင်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2HYtxES
via IFTTT

No comments:

Post a Comment