Monday, March 19, 2018


ဦးကိုနီ အမှု စွဲချက်များ ပြင်ဆင်ရေး တိုင်းတရားလွှတ်တော် ကြားနာမည် တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုတွင် သေနတ်သမားကြည်လင်း အပါအဝင် လေးဦးအပေါ် စွဲချက် တင်ထားသည့် ပုဒ်မများအား ပြင်ဆင်ပေးရေး နှစ်ဖက်ရှေ့နေများ၏ လျှောက်ထားမှုအပေါ် ကြားနာစစ်ဆေးရန် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ရုံးက လက်ခံလိုက်သည်။ ယနေ့မနက် တိုင်းတရားလွှတ်တော်ရုံး ကြားနားမှုတွင် စွဲချက်များပြင်ဆင်ပေးရန် အမှုမှတရားလို ရှေ့နေ ဦးရောဘတ် ဆန်းအောင်နှင့် ကြည်လင်း အပါအဝင် ဖမ်းဆီးခံထားရသူ လေးဦးတို့၏ ရှေ့နေ ဦးကျော်ကျော်ထိုက် တို့က လျှောက်ထား တင်ပြမှုကို ကြားနာစစ်ဆေးရန် တိုင်းတရားလွှတ်တော်ရုံးက လက်ခံလိုက်ခြင်းဖြစ်သည်။ အမှုတွင် သေနတ်သမား ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုး တို့ကို မြောက်ပိုင်းခရိုင် တရားရုံးမှ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ခ)/ ၃၄ ဖြင့် စွဲချက်တင်ထားသည်။ ထို့ပြင် တရားခံ ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့သည့် လေဆိပ် အငှားယာဉ်မောင်း ဦးနေဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး သေနတ်သမား ကြည်လင်း တဦးတည်းအား လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့်လည်း စွဲချက်တင်ထားသည်။ လုပ်ကြံမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်များနှင့် ပတ်သက်၍လည်း ကြည်လင်းနှင့် အောင်ဝင်းဇော် တို့ကို ၁၈၇၈ ခုနှစ် လက်နက်အက် ဥပဒေပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) တို့ဖြင့် သီးခြားစွဲချက်တင်ထားသည်။ အမှုဖြစ်ပွားပြီးနောက် အောင်ဝင်းဇော်နှင့် အတူ ဖမ်းမိခဲ့သည့် အောင်ဝင်းထွန်းကိုမူ မြောက်ပိုင်းခရိုင် တရားရုံးမှ တရားခံ အားပေးကူညီမှု ပုဒ်မ၂၁၂ ဖြင့် စွဲချက်တင်ခဲ့ပြီး ကျပ်သိန်း ၅၀၀ ဖြင့် အာမခံပေးထားသည်။ ဖမ်းဆီးထားသူများအပေါ် အထက်ပါ စွဲချက်ပုဒ်မများသည် တရားတွင် စစ်ဆေးခဲ့ပြီး တရားလိုသက်သေ၊ ပြန်ခေါ် သက်သေများ၏ ထွက်ဆိုချက်များအရ မျှတမှုမရှိဟု ယူဆသည့်အတွက် စွဲချက်ပုဒ်မများအား ပြင်ဆင်ပေးရန် လျှောက်ထားခြင်း ဖြစ်ကြောင်း စွဲချက်တင်ခံထားရသူများ၏ ရှေ့နေ ဦးကျော်ကျော်ထိုက် က မီဒီယာများအား ပြောသည်။ ယနေ့ကြားနားမှုတွင် အမှုတွင် စွပ်စွဲခံထားရသည့် အောင်ဝင်းထွန်းအပေါ် စွဲချက်တင်ထားသည့်ပုဒ်မ၂၁၂ မှာ လျော်ကန်မှု မရှိဘဲထပ်တိုး ပုဒ်မများဖြင့် ပြင်ဆင်သင့်ကြောင်း၊ အမှုတွင် အငှားယာဉ်မောင်း ဦးနေဝင်းအား သေဆုံးစေခဲ့သည့် ပြစ်မှုကျူးလွန်သူ ကြည်လင်းအပေါ် ပုဒ်မများ ထပ်မံဖြည့်စွက်ကာ ပြင်ဆင်သင့်ကြောင်းတို့ကို ဦးရောဘတ်ဆန်းအောင်က ပြန်လည် တင်ပြခဲ့ကြောင်းသိရသည်။ စွဲချက်ပုဒ်မများ ပြင်ဆင်ရန် နှစ်ဖက်ရှေ့နေများ၏ လျှောက်ထားမှုအပေါ် လက်ခံကြားနာရန် တိုင်းတရားလွှတ်တော်မှ ယနေ့ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း ကြားနာမည့်ရက်အားထုတ်ပြန်ခြင်းတော့ မရှိသေးပေ။ The post ဦးကိုနီ အမှု စွဲချက်များ ပြင်ဆင်ရေး တိုင်းတရားလွှတ်တော် ကြားနာမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2IAiliH
via IFTTT

No comments:

Post a Comment