Monday, March 19, 2018

The Voice

မြို့ပတ်ရထားလမ်း အရှေ့ခြမ်း အဆင့်မြှင့်တင်ရေး ရွှေတောင်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရ ရန်ကုန်၊ မတ် ၁၈ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင် အရှေ့ခြမ်းနှင့်အနောက်ခြမ်းဟူ၍ နှစ်ပိုင်းခွဲထားပြီး အရှေ့ခြမ်းကို စတင်အဆင့်မြှင့်တင်ရန် ရွှေတောင်ကုမ္ပဏီနှင့် မတ်လ ၁၇ ရက်က သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။ “မနေ့က ရွှေတောင်ကုမ္ပဏီနဲ့ လက်မှတ်ရေးထိုးလိုက်ပါပြီ။ လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းအပိုင်းက လုပ်ငန်းစဉ်တွေ များတယ်။ ဘယ်လုပ်ငန်းကို စမယ်ဆိုတာကတော့ အသေးစိတ် မပြောနိုင်သေးဘူး။ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကတော့ မကြာခင်စမှာပါ”ဟု ၎င်းက ဆိုသည်။ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် ရထားလမ်းဘေး ရေမြောင်းများဖော်ခြင်း၊ ကျောက်စလစ်များခင်းခြင်း၊ လမ်းသန့်ရှင်းရေးလုပ်ခြင်း၊ ပလက်ဖောင်းများမြှင့်ခြင်း၊ အချက်ပြစနစ်တပ်ဆင်ခြင်း၊ ခြံစည်းရိုးခတ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ ရထားလမ်းပိုင်းအရှေ့ခြမ်းတွင် အပိုင်း ၁ တညင်းကုန်း၊ ဂေါက်ကွင်း၊ ကျိုက္ကလဲ့၊ မင်္ဂလာဒုံဈေး၊ မင်္ဂလာဒုံ၊ ဝေဘာဂီ၊ ဥက္ကလာပ၊ ပုရွက်ဆိတ်ကုန်း၊ ကျောက်ရေတွင်း၊ တံတားကလေး၊ ရေကူး၊ ပါရမီ၊ ကံဘဲ၊ ဘောက်ထော်၊ တာမွေ၊ မေတ္တာညွှန့်၊ မလွှကုန်း၊ ပုဇွန်တောင်ဘူတာတို့ ပါဝင်သည်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအနေနှင့် ကနဦးရထားလမ်းအနောက်ခြမ်းကို ဖေဖော်ဝါရီလ ၂၁ ရက်က တင်ဒါအောင်မြင်သည့် A1 ကုမ္ပဏီက လုပ်ငန်းစတင်ခဲ့ပြီး ရထားအနောက်ခြမ်းကိုလည်း တစ်ပြိုင်တည်း လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အကြီးတန်းအရာရှိက ပြောကြားသည်။ “လုပ်ငန်းက တစ်ခုပြီးမှ တစ်ခုလုပ်မှာ မဟုတ်ပါဘူး။ ဒီကာလတွေအတွင်းမှာကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်မှာပါ။ အခုက စာချုပ်ချုပ်လိုက်ပြီးဆိုတော့ မကြာခင်အချိန်ပိုင်းအတွင်း စမှာပါ” ဟု ၎င်းက ဆိုသည်။ အဆိုပါစီမံကိန်းကို JICA ချေးငွေနှင့် နိုင်ငံတော်ဘတ်ဂျက်အပါအဝင် ကန်ဒေါ်လာ ၃၀၁ ဒသမ ၂၉ သန်း သုံးစွဲမည်ဖြစ်ပြီး ၂ နှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
Source : https://goo.gl/grQcMs
via IFTTT

No comments:

Post a Comment