လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် အစိုးရခွင့်မပြုသဖြင့် ရခိုင်ကော်မတီ ၂ ရပ် ဖျက်သိမ်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင် ရန် ရခိုင်တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့နှင့် အနိုင်ရ ရခိုင်ပါတီတို့ ဦးဆောင် ဖွဲ့စည်းထားသည့် ကော်မတီ ၂ရပ်ကို မတ် လ ၂၀ ရက်က ဖျက်သိမ်းလိုက် ဟု သတင်းရရှိသည်။ အဆိုပါ ကော်မတီ နှစ်ရပ်မှာ “ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ” နှင့် “ရခိုင် လူထုတွေ့ ဆုံပွဲကျင်းပရေးကော်မတီ” တို့ဖြစ်ပြီး၊ အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ချုပ်ဆိုထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ရခိုင်အမျိုးသား ပါတီ (ANP) တို့က ဦးဆောင်ဖွဲ့စည်းထားပြီး ကော်မတီတွင်း ရခိုင်ပြည်နယ် အခြေ စိုက် အခြားနိုင်ငံရေး ပါတီများနှင့် လူမှုအဖွဲ့ အစည်းကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်း ထားခြင်းဖြစ် သည်။ ALP မှ ဒေါ်စောမြရာဇာလင်းက ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် လူထု တွေ့ဆုံပွဲများ ကျင်းပ ရန် အစိုးရက ခွင့်ပြုချက်မပေးသဖြင့် ကော်မတီများ ဖွဲ့ထားပြီးနောက် ဆွေးနွေး ပွဲနှင့် လူထုတွေ့ဆုံပွဲများ လုပ်နိုင်ရန် ကော်မတီဝင် များက ကြိုးစားရာတွင် စိတ်အနှောင့်အယှက်များ ၊ စိတ်မကောင်းစရာများ ကြုံတွေ့လာ ရသဖြင့် ဖျက်သိမ်း ရန် ရွေးချယ် လိုက်ရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။ “အနာဂတ်မှာ ရှေ့ဆက် ဘယ်လိုလုပ်သွားကြမလဲ ဆိုတာက စဉ်းစားရမှာ ဖြစ်တယ်။ လက်ရှိ အနေ အထားမှာတော့ ဒီ ကော်မတီတွေကို မထားသင့်တော့ဘူးဆိုပြီးတော့မှ အနိုင်ရပါတီ ANP နဲ့ ကျမတို့ ဆွေးနွေးပြီးတော့ ဒီကော်မတီ ၂ ရပ် လုံးကို ကျမတို့ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်” ဟုလည်း ဒေါ်စောမြရာဇာလင်းက ဆိုသည်။ “ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ” ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၁ ရက်က ဖွဲ့စည်း ခဲ့ပြီး “ရခိုင်လူထုတွေ့ဆုံပွဲကျင်းပရေးကော်မတီ”ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်က ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ NCA လုပ်ငန်းစဉ်အရ အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က သက်ဆိုင်ရာပြည် နယ်တွင် လူထုနှင့် တွေ့ ဆုံပွဲများ ပြုလုပ်ပြီး အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကျင်းပပြီး ရလာ သည့် အချက်အလက်များကို စာတမ်းပြုစုကာ ၂၁ ရာစုပင်လုံ- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တင်သွင်း ဆွေးနွေးရမည် ဖြစ်သည်။ NCA ၏ နိုင်ငံရေးလမ်းပြမြေပုံ၌ အဆင့် (၁) အပစ်ရပ်စာချုပ်ချုပ်ခြင်းနှင့် အဆင့် (၂) နိုင်ငံရေး ဆွေး နွေးမှုဆိုင်ရာ မူဘောင် ကို သဘောတူပြီးပါက အဆင့် (၃) တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲ များ ကျင်းပရန် ပါရှိသည်။ သို့သော် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် နယ်စပ် ပဋိပက္ခပြဿနာများ ဖြစ်ပွားနေ သဖြင့် ထိလွယ်ရှလွယ်ဧရိယာဟု ဆိုကာ အမျိုးသား အဆင့်နိုင်ငံ ရေးဆွေးနွေးပွဲကျင်းပခြင်းမလုပ်ရန် ၂၀၁၇ ခုနှစ်ကစ၍ ယနေ့ထိ တားမြစ်ထားခြင်း ဖြစ်သည်။ ရခိုင်ခေါင်းဆောင်များအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ၍ မရပါက လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် ထပ်မံ ဆောင်ရွက်ခဲ့သော်လည်း လူထုနှင့်လည်း တွေ့ဆုံပွဲများ မလုပ်ရန် အစိုးရဘက်မှ ထပ်မံ တားမြစ်ထားသည်။ ဒေါ်စောမြရာဇာလင်းက “ဒီအကြောင်းပြချက်ပဲ ကျမတို့ကို ပြောတာဒါပါပဲ။ ကျမတို့လည်း မေးပါတယ်။ ရခိုင်ပြည်ကို ဒီမိုက ရေစီလမ်းကြောင်းကနေ သွေဖယ်အောင်ထိ စဉ်းစားတာမျိုးလား။ ဒါမှမဟုတ် ဖက်ဒရယ်လမ်းကြောင်းကနေ သွေဖယ် အောင် ချန်ထားခဲ့ဖို့ဆိုတဲ့ အမြင်မျိုးရှိသလားဆိုပြီးတော့ မေးရတဲ့ အကြောင်းတွေ ဖြစ်ခဲ့ဖူးပါတယ်” ဟု ပြောသည်။ ALP အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရာ၌ NCA လက်မှတ်ထိုးထားသည့် အဖွဲ့ အစည်း အချင်းချင်း ကြားမှာပင် အစိုးရဘက်မှ ခွဲခြားဆက်ဆံခံရခြင်းများကိုလည်း ကြုံရပြီး မကျေလည်မှု များကို အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် ၅ကြိမ်ထက်မနည်း တောင်းဆိုသော်လည်း မပြေလည် ခဲ့ဟု ၎င်းက ပြောသည်။ ANP ဒုဥက္ကဌ ဦးခိုင်ပြည်စိုးကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပြည်တွင်းရှိ တိုင်းရင်း သား လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းစေရန် ဆောင်ရွက်နေသည့် တိုင်းရင်းသား ကိစ္စဖြစ် ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် အရ ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ဘဂါၤလီများ တက်ရောက် ဆွေးနွေးခွင့် မရှိသဖြင့် ၎င်းတို့ ကိစ္စသည် တိုင်းရင်းသား ပြဿနာ မဟုတ်ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ပေးသည့် အကြောင်းပြချက်မှာ ခိုင်လုံမှု မရှိကြောင်း ပြောသည် ။ ထို့ပြင် အစိုးရဘက်မှ ရရှိသည့် ကန့်သတ်ချက်ထဲတွင် လူထုတွေ့ဆုံပွဲများ လုပ်ဆောင်မည်ဆိုပါက ရခိုင် နိုင်ငံရေးပါတီမှ ခေါင်းဆောင်များနှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များမှ ဦးမဆောင်ရဘဲ အရပ်ဘက်လူမှု အဖွဲ့အ စည်းများကသာ ဦးဆောင်ရမည်ဟူသည့် အချက်လည်း ပါဝင်လာသည်ဟု ပြောသည်။ “ကျနော်တို့က ဒီဟာကို လုပ်စရာမလိုတော့ဘူး။ စိတ်လည်း မဝင်စားတော့ဘူး။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လုပ်လို့ ရခြင်း မရခြင်းနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ဒီ ၂၁ ပင်လုံကိုလည်း ကျနော်တို့ စိတ်ဝင်စားမှု အားနည်းသွား ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ တစုံတခုလည်း လုပ်စရာ ပြောစရာမလိုတော့ဘူးဆိုပြီး ဒီကော်မတီကို ဖျက် သိမ်းလိုက်တာပါ” ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများတွင် အစိုးရ၊ တပ်မတော်တို့က တိုုင်းရင်းသား ခေါင်း ဆောင်များအပေါ် အထက်စီးဖြင့် ဆက်ဆံနေသည်ဟုလည်း ဦးခိုင်ပြည်စိုးက ဆိုသည်။ ဆက်လက်၍ ၎င်းက “ ဒီနိုင်ငံရေးစကားဝိုင်းကို နိုင်ငံရေးပါတီတွေ လုပ်ခွင့်မရှိဘူး ဆိုတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက နိုင်ငံရေးပါတီနဲ့ မလုပ်နဲ့ပေါ့ဗျာ။ လူမှုအဖွဲ့အစည်းတွေနဲ့ လုပ်လို့ အဆင်ပြေမယ်ဆိုရင် အဲဒါနဲ့ပဲ လုပ်ပေါ့။ နိုင်ငံရေးပါတီတွေ ကိုလည်း ၂၁ပင်လုံမှာ ဖိတ်စရာလည်း မလိုဘူး။ တက်ရောက်ပြီး ဆွေးနွေးစရာ လည်း မလိုတော့ဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။ ALPကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရှေ့ဆက်ပါဝင်ရမည့် အခြေအနေနှင့် ပတ်သတ်၍ ALP ဗဟိုကော်မတီတွင်း အစည်းအဝေးများ ပြုလုပ်သွားမည်ဟုလည်း သိရသည်။ ဧရာဝတီမှ အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ အစိုးရဘက်မှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြောရေး ဆိုခွင့်ရှိသူများကို မေးမြန်းရန် ဆက်သွယ်ရာ မရခဲ့ပေ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် လူထုတွေ့ဆုံပွဲများ ပြုလုပ်ထားခြင်းမရှိပါက မေလတွင် ကျင်းပရန် လျာထား သည့် ၂၁ရာစုပင်လုံ -ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (တတိယအကြိမ်) အစည်းအဝေးတွင် အဖွဲ့ အစည်းအသီးသီးမှ ရခိုင်ခေါင်းဆောင်များအနေဖြင့် ရခိုင်လူထုထံမှ အခြေခံသည့် အချက်အလက်များ ဆွေးနွေးရန် ရှိမည်မဟုတ်ဟု သိရသည်။ NCA ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)သည်လည်း အမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပ ရန် လူထုနှင့် လိုက်လံတွေ့ဆုံရာ တပ်မတော်က တားမြစ်သဖြင့် ဆွေးနွေးပွဲ ကျင်းပရန် ယာယီရွှေ့ ဆိုင်းထားသည်။ NCAထိုးထားသည့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကလည်း ဇန်နဝါရီလက အရေးပေါ်အစည်းအဝေးတရပ်ကျင်းပပြီး ရခိုင်နှင့် ရှမ်းတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်း ပရန် ပြေလည်မှသာ ၂၁ရာစုပင်လုံ- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (တတိယ အကြိမ်) အစည်းအဝေးကို ဆက်လက် ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။ The post လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် အစိုးရခွင့်မပြုသဖြင့် ရခိုင်ကော်မတီ ၂ ရပ် ဖျက်သိမ်း appeared first on ဧရာဝတီ.
Source : http://ift.tt/2G4n8aE
via IFTTT
No comments:
Post a Comment