Monday, March 5, 2018


ငြိမ်းစုစီ ဥပဒေ ထပ်မံ ပြင်ဆင် ဖြည့်စွက်မှု ကန့်ကွက် ဆန္ဒပြပွဲ ရန်ကုန်တွင် ပြုလုပ် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ) ကို ပိုမိုဖိနှိပ်သော အချက်များဖြင့် ထပ်တိုး ပြင်ဆင်ရန် ဆောင်ရွက်နေသည့်အပေါ် ဆန့်ကျင်ကန့်ကွက်သော လူထုဆန္ဒပြပွဲတခုကို ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သည်။ ဆန္ဒပြပွဲတွင် နိုင်ငံတဝန်းရှိ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ လူမှုရေး တက်ကြွလှုပ်ရှားသည့် အရပ်ဘက် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြပြီး ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ သခင်မြပန်းခြံမှ ဗိုလ်ချုပ် အောင်ဆန်း လမ်း၊ အနော်ရထာလမ်း တလျှောက်နှင့် မဟာဗန္ဓုလ ပန်းခြံအထိ ချီတက် ဆန္ဒပြကြခြင်း ဖြစ်သည်။ ယခုပြင်ဆင်မည့် အချက်များသည် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကျင့်သုံးရာတွင် ပိုမို အခက်အခဲ ဖြစ်စေရန် ကန့်သတ်မည့် အချက်များဖြစ်နေပြီး ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်မည့် အာဏာပိုင်များက နိုင်ငံရေး အရ မလိုလားသူများကို လိုသလိုဖိနှိပ်နိုင်သော ဥပဒေတရပ် ဖြစ်လာနိုင်သဖြင့် အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောသည်။ “ဒီဥပဒေက ဒီမိုကရေစီစံနှုန်းအရ လွတ်လပ်စွာပြောဆိုခွင့် စီတန်းလှည့်လည်ခွင့်ကို ပိတ်ပင်တားဆီးတယ်။ ထောင် ၃ နှစ် ချ လို့ရတယ်။ တခုခု ဆန္ဒပြတော့မယ်ဆိုရင် သူတို့ကို ခွင့်ပြုချက်တင်ရတာ ငွေရေးကြေးရေး ကအစ ကျနော်တို့ရဲ့ အာမခံ ချက်၊ လုံခြုံရေးတွေကို ထိပါးလာလို့ ကန့်ကွက်ဆန္ဒပြရတာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သော ဒို့မြေကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး ကိုစည်သူ က ဧရာဝတီသို့ ပြောသည်။ ယနေ့ ရန်ကုန်မြို့၌ ဆန္ဒပြမှုအပြင် ဆန္ဒပြသည့် အဖွဲ့အစည်းများပါဝင်သော အရပ်ဘက်အဖွဲ့အစည်း ၁၈၀ ကျော်နှင့် တသီးပုဂ္ဂလ ၁၆ ဦးတို့ကလည်း ငြိမ်းစုစီ ဥပဒေကြမ်းနှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် တစောင်ကိုလည်း နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။ ယင်း ထုတ်ပြန်ချက်တွင် အဓိက ပြင်ဆင်ချက် ၃ ချက်ကို ထောက်ပြ ဝေဖန်ထားသည် ကို တွေ့ရသည်။ အဆိုပြုထားသည့် ပုဒ်မ ၂ တွင် ပြည်သူများသည် “နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး သို့ မဟုတ် အများပြည်သူ ကိုယ်ကျင့်တရား” တို့နှင့် မဆန့်ကျင်မှသာ ၎င်းတို့၏ အခွင့်အရေးဖြစ်သော ဆန္ဒထုတ်ဖော်ခွင့်ကို ကျင့်သုံးနိုင်သည်ဟု ဖော်ပြထားသည်။ ယင်းပြင်ဆင်ချက်သည် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိဘဲ အာဏာပိုင်များ အလိုအတိုင်း ကျယ်ပြန့်စွာ အနက်ဖွင့် သုံးစွဲနိုင်သည်ကို တွေ့ရပြီး ယနေ့တိုင် ဝေဖန်မှုများကြုံတွေ့နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ ပြဋ္ဌာန်း ချက် ကို ထပ်မံပြင်ဆင်မည့် ငြိမ်းစုစီဥပဒေတွင် ထည့်သွင်းရန် ကြိုးစားနေခြင်းကြောင့် ယင်းအချက်ကို ပြင်ဆင်ချက် မူကြမ်း မှ ပယ်ဖျက်သင့်ကြောင်း အရပ်ဘက် ဖွဲ့အစည်းများက ဆိုသည်။ ဒုတိယအချက် အဖြစ် ပုဒ်မ ၃ တွင် “ဆန္ဒထုတ်ဖော်မှုကို စီစဉ်သူများသည် ၎င်းတို့၏ ခန့်မှန်း ကုန်ကျစရိတ်နှင့် ကုန်ကျခံ မည့် အရင်းအမြစ်ကို အာဏာပိုင်တို့ထံ တင်သွင်းရသည့် အသိပေး အကြောင်းကြားစာတွင် အသေးစိတ် ထည့်သွင်း ဖော်ပြ ရန်” ဟူသည့် ပြင်ဆင်ချက်သည် ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ကိုသော် လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြ လိုသူများ၏ သတင်း အချက်အလက် လုံခြုံမှုကိုသော် လည်းကောင်း တိုက်ရိုက် ထိခိုက်စေကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် ပုဒ်မ ၄ ပြင်ဆင်ချက်တွင် “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး သို့မဟုတ် အများ ပြည်သူ ကိုယ်ကျင့်တရား” တို့ကို ဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုကို ငွေ သို့မဟုတ် ပစ္စည်းအားဖြင့်ဖြစ်စေ၊ တခြားနည်း လမ်းအားဖြင့်ဖြစ်စေ အားပေးထောက်ခံသည့် မည်သည့် ပုဂ္ဂိုလ်ကိုမဆို ထောင်ဒဏ် ၃ နှစ်နှင့် အကန့်အသတ်မရှိသော ငွေဒဏ် ကျခံစေရန်ဟု ဖော်ပြထားသည်။ ယင်းပြင်ဆင်ချက်သည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လိုသူများ၏ အကူအညီ ရယူပိုင်ခွင့်နှင့် ဆန္ဒထုတ်ဖော်မှုကို ငွေအား၊ လူ အား၊ ရိက္ခာပစ္စည်းအား သို့မဟုတ် တခြားနည်းလမ်းအားဖြင့် အားပေး ထောက်ခံပါဝင်လိုသူများ၏ အကူအညီ ပေးပိုင်ခွင့် များ ကို ကန့်သတ်ထိခိုက်နေပြီး အဆိုပြုထားသော ပြစ်ဒဏ်မှာလည်း မူရင်းဥပဒေပါ အမြင့်ဆုံးပြစ်ဒဏ်ထက် အဆများစွာ ပိုမို နေသည်ကို တွေ့ရကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ထောက်ပြထားသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒေါက်တာ ညိုညိုသင်းက “NLD အစိုးရက ဖွဲ့စည်းပုံအ ခြေခံ ဥပဒေကို ပြင်မယ်ပြောပြီး ရွေးကောက်ပွဲ အနိုင်ရသွားတဲ့ အစိုးရဖြစ်တယ်။ ဒါကို မပြင်ဆင်နိုင်သေးခင် ကာလမှာ ဖွဲ့ စည်းပုံထဲမှာ ပါတဲ့ ပြည်သူလူထုကို ဖိနှိပ်တဲ့ စကားလုံးတွေကို အသက်ဝင်စေမယ့် ဥပဒေပြဋ္ဌာန်းတာဟာ ဆိုလို့ရှိရင် ဘယ် လိုနည်းနဲ့မှ လက်သင့်ခံနိုင်စရာ အကြောင်းမရှိဘူး။ နိုင်ငံသားတွေ အခွင့်အရေးရအောင် ဖန်တီးပေးရမယ့်အစား နိုင်ငံသား တွေရဲ့ မရှိမယ့်ရှိမယ့် အခွင့်အရေးတွေကို နှိပ်ကွက်ဖို့ ဖွဲ့စည်းပုံပါတဲ့ စကားလုံးတွေကို သုံးစွဲပြီး ဖိနှိပ်မယ့် လူတစုကို လက် နက် တပ်ဆင်ပေးသလို ဖြစ်နေတယ်” ဟု ပြောဆိုသည်။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်မည်ဆိုပါက လက်ရှိဥပဒေတွင် ပါရှိနေသည့် ပြည်သူများ၏ မူလ အခွင့်အရေးများကို ချိုးဖောက်နေသော အချက်များ ပယ်ဖျက် ပြင်ဆင်ခြင်းဖြင့်သာ ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိုမိုမြှင့်တင်ပေးရန် ကန့်ကွက် ဆန္ဒပြသူများက တောင်းဆိုလိုက်သည်။ ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသား လွှတ်တော်တွင်လည်း ငြိမ်းစုစီ ဥပဒေ နှင့် ပတ်သက်ပြီး ကိုယ်စားလှယ် များ က ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင် မောင်လတ်က ငြိမ်းစုစီ ဥပဒေသည် ဒီမိုကရေစီနှင့် ဆိုင်သည့် အပြင် ဒီမိုကရေစီနှင့် ပြောင်းပြန် အချိုးကျနေသည့် အတွက် ယင်းဥပဒေကို တင်းကြပ်စွာ ပြင်ဆင် မည် ဆိုပါက ဒီမိုကရေစီ ကျဆင်းနိုင်ပြီး အာဏာရှင် ဘက်ကို ပို၍ နီးကပ်လာနိုင်သည်ဟု ပြောကြားသည်။ ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၄ ရက်မြောက် အစည်းဝေး၌ ယင်းကဲ့သို့ ထောက်ပြ ဆွေးနွေးခြင်း ဖြစ်သည်။ ဦးခင်မောင်လတ်က “ပုဒ်မ(၄) (ဃ)မှာ အခု ပြင်တဲ့ ကုန်ကျစရိတ်နဲ့ ကုန်ကျခံမည့် ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းဆိုတဲ့ စကားရပ်ဟာ ဆန္ဒထုတ်ဖော်သူတွေရဲ့ လုံခြုံရေး၊ ချီတက်ရာ လမ်းကြောင်းရဲ့လုံခြုံရေး ကိစ္စနှင့် မသက်ဆိုင်သလို ဥပဒေ ရဲ့ ဂုဏ်ဒြပ်နဲ့လည်း မဆီလျော်ပါဘူး။ ငွေကြေး ပမာဏကို မကန့်သတ်ထားတဲ့ အတွက် စာရင်းစစ်ဖို့လည်း မဟုတ်တဲ့ အတွက် ဒီစကားရပ်ကို မထည့်သင့်ဟု ယူဆပါတယ်”ဟု အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသည်။ ပြည်သူက ရွေးကောက်ခဲ့သည့် ယခု အစိုးရ လက်ထက်တွင် ဒီမိုကရေစီ အခွင့်အရေးနှင့် ပြည်သူ့အခွင့်အရေးများ လျော့ကျ မသွားရေး ပြင်ဆင်ရန် လိုအပ်ကြောင်းလည်း ဦးခင်မောင်လတ်က ပြောဆိုသည်။ ၂၀၁၆ ခုနှစ် ပြည်ထောင်စု လွှတ်တော်က ဥပဒေအမှတ် (၃၈) နှင့် ပြဋ္ဌာန်းခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြန်လည် ပြင်ဆင်ရန် ဖေဖော်ဝါရီ (၁၉) ရက်က ကျင်းပသည့် အမျိုးသားလွှတ် တော် ၌ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး က တင်သွင်းခဲ့သည့် အဆိုကို ယနေ့တွင် ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြင်ဆင်ထားသည့် ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဃ)၌ ငြိမ်းချမ်းစွာ စုဝေးခြင်း (သို့မဟုတ်) ငြိမ်းချမ်းစွာ စီတန်းလှည့် လည် ခြင်း ပြုလုပ်မည့် အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျ စရိတ်နှင့် ကုန်ကျ ခံရမည့်ပုဂ္ဂိုလ် အဖွဲ့အစည်း တို့ကို တင်ပြရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ က အစားထိုး ရေးဆွဲထားသည်။ အဆိုပါ ဥပဒေကို ပြင်ဆင်မည့် ဥပဒမူကြမ်းသည် နိုင်ငံသားများ၏ မူလအခွင့်အရေး လျော့ပါးစေရန်နှင့် ဥပဒေကို ကိုင် တွယ် အကောင်အထည်ဖော်မည့် ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းများက စိတ်ကြိုက် အခြေအနေ ဖန်တီးနိုင်ခွင့်ရရန် လုပ်ဆောင်သည်ဟု ယူဆသည့် အတွက် ယင်းမူကြမ်းကို အပြင်းအထန် ကန့်ကွက်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၁ ပါတီကလည်း ဖေဖော်ဝါရီ ၂၅ ရက်က ထုတ်ပြန် ကြေညာထား သည်။ ကြံ့ခိုင်ရေး ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က “ကျနော်တို့က ငြိမ်းစုစီ ပြင်တဲ့ ကိစ္စကို ကန့်ကွက်တယ်။ နိုင်ငံသားတွေရဲ့ အခြေခံ ဥပဒေ၊ မူလ အခွင့်အရေး ဖြစ်တဲ့ ကန့်သတ်ထိန်းချူပ်တဲ့ ဥပဒေကို ကိုင်တွယ် ကျင့်သုံးရတဲ့ တာဝန် ရှိ ပုဂ္ဂိုလ်တွေက လိုသလို ပုံဖော်လို့ရတဲ့ အနေအထားမျိုးကို ဖန်တီးယူတယ်လို့ ယူဆတယ်လို့ မြင်ပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။ ဆက်လက်၍ ၎င်းက “နိုင်ငံသားတွေရဲ့ အခြေခံ ဥပဒေကို ကန့်သတ် ထိန်းချူပ်တယ်လို့ ကျနော်ကတေ့ာ အဲဒီလိုမြင် တယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်ကလည်း ဒီဥပဒေနဲ့ အညီ ဆန္ဒဖော်ထုတ်ကြတာ ရှိပါတယ်။ ဘာမှ ပြဿနာ မရှိတာ ဒီမိုကရေစီ နိုင်ငံမှာရှိတဲ့ ပြည်သူလူထုရဲ့ ရပိုင်ခွင့်ပဲလေ”ဟုလည်း ပြောဆိုသည်။ မတ်လ ၅ ရက်၌ အမျိုးသား လွှတ်တော်တွင် ယင်းဥပဒေကို ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ် ၅ ဦး အနက် ၄ ဦးသည် ထောက်ပြ ဆွေးနွေးခဲ့ပြီး ၁ ဦးက ထောက်ခံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ရည်ရွယ်ချက် သံန္နိဋ္ဌာန်မှာ အာဏာရှင်ဆန်တဲ့ အပြုအမူတွေ၊ ပြည်သူတွေကို ဖိစီးနှိပ်စက်မှုတွေ၊ ဗမာ ပြည်မြေပေါ်မှာ ဘယ်သောအခါမှ မရှိအောင်လုပ်မယ်လို့ ကျနော်တို့က သံန္နိဋ္ဌာန်ချထားတာ။ အဲ့ဒီ ရည်မှန်းချက်တွေနဲ့ လည်း ဒီစကားလုံးတွေက မကိုက်တဲ့အတွက် ပြင်ဖို့ ကျနော်က ဆွေးနွေးတာပါ”ဟု လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများသို့ ပြောသည်။ တတိယအကြိမ်မြောက် ပြင်ဆင်သည့် ယခုဥပဒေကြမ်းသည် အစိုးရသစ် လက်ထက်တွင် လွှတ်တော် က ဒုတိယအကြိမ် မြောက် ပြင်ဆင်ခြင်းလည်း ဖြစ်သည်။ အဆိုပါ ဥပဒေကို ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးမည် ဖြစ်သဖြင့် မတ်လ ၇ ရက်တွင် ကျန်သည့် ၈ ဦးက ဆက်လက် ဆွေးနွေးပြီး ဖြည့်စွက် ပြင်ဆင်ထားသည့် အကြောင်းအရာများကို အတည်ပြုခြင်း၊ မပြုခြင်းအား လွှတ်တော်က စက်ခလုပ် နှိပ် မဲခွဲ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။ ဧရာဝတီ အကြီးတန်း သတင်းထောက် ဇူးဇူး နှင့် မိုးမိုး ပူးပေါင်း ရေးသားသည်။ The post ငြိမ်းစုစီ ဥပဒေ ထပ်မံ ပြင်ဆင် ဖြည့်စွက်မှု ကန့်ကွက် ဆန္ဒပြပွဲ ရန်ကုန်တွင် ပြုလုပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2FmqBUP
via IFTTT

No comments:

Post a Comment