နည်းပညာအခြေပြု စီးပွားရေးကို ထိုင်းနိုင်ငံ ခုန်ကူးနိုင်မည်လော ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဆုမ်ကစ် ဂျက်တူဆရီပီတက် (Somkid Jatusripitak) သည် ယခုလ အစောပိုင်းက ဂျပန် နိုင်ငံတောင်ပိုင်း ဖူကူရိုကာရှိ စီးပွားရေး လုပ်ငန်းများဆိုင်ရာ ညီလာခံတခုသို့ ရောက်ရှိပြီး ထိုင်းနိုင်ငံ အတွင်း လာရောက် ရင်းနှီးမြုပ်နှံရန် ပြောကြားသည်။ ပြည်တွင်းတွင် တွေ့ရခဲသော အားပါးတရ ရှိလှသည့် အပြုံးကို ပြုံးနေသည့် စီးပွားရေးမူဝါဒ ချမှတ်သူ ဆုမ်ကစ်သည် သူ၏ မိနစ် ၄၀ ကြာ မိန့်ခွန်း အတွင်း ၁၀ မိနစ်ခန့်တွင် ဂျပန်နိုင်ငံကို ရေပူစမ်းများမှ စက်ရုပ်များအထိ လွန်စွာ ချင်ခင်ကြောင်း ပြောကြားခဲ့သည်။ တက်ရောက်လာသည့် ၉၀၀ ခန့်ရှိသော ရင်းနှီးမြှုပ်နှံရန် အလားအလာ ရှိသူများကို သူပေးလိုသော သတင်းစကားမှာ လွန်စွာ ရှင်းလင်းလှသည်။ “ကျနော်တို့ ခင်ဗျားတို့ကို ချစ်သလို ခင်ဗျားတို့ အကူအညီလည်း ကျနော်တို့ လိုအပ်တယ်” ဟု ဖြစ်သည်။ ထိုင်းနိုင်ငံ စစ်အစိုးရသည် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် လွန်စွာ စိတ်အား ထက်သန်နေသည်။ အထူးသဖြင့် လေကြောင်းနှင့် အလိုအလျောက်စနစ်များ ကဲ့သို့သော အဆင့်မြင့်နည်းပညာ အထူး စီးပွားရေးဇုန် ဖြစ်သော အရှေ့ပိုင်း စီးပွားရေး စင်္ကြန် အတွက် အရင်းအနှီး လိုအပ်နေသည်။ ထို လေဆိပ်များ၊ ရေနက် ဆိပ်ကမ်းများနှင့် မြန်နှုန်းမြင့် ရထားလမ်းများနှင့် လမ်းများ ပါဝင်သော အခြေခံ အဆောက်အအုံ စီမံကိန်းတွင် ဘတ်ငွေ ၁ ဒသမ ၅ ထရီလီယံ (ဒေါ်လာ ၄၅ ဘီလီယံ) ရင်းနှီး မြှုပ်နှံရမည် ဖြစ်သည်။ ရည်မှန်းချက်မှာ မကြာသေးမီ နှစ်များ အတွင်း ဒေသတွင်းမှ ပြိုင်ဘက်များအပေါ် နောက်ကျနေသော စီးပွားရေး တိုးတက်မှုနှုန်းကို တွန်းအားပေးရန် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၁၇ ခုနှစ်က ၃ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်သော်လည်း လုပ်အားခ ဖောင်းပွမှုကြောင့် စက်မှုလုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းသည့် အလယ်အလတ် ဝင်ငွေ ထောင်ချောက်တွင် ပိတ်မိနေသည်မှာ ဆယ်စုနှစ် များစွာ ကြာပြီဖြစ်သည်။ “ကျနော်တို့ အနေနဲ့ အဆင့်မြှင့်တင်ပြီး နောက်တဆင့်ကို ကူးပြောင်းနိုင်ဖို့ လိုတယ်” ဟု ဆုမ်ကစ်က Nikkei Asian Review သို့ ပြောသည်။ အရှေ့ပိုင်း စီးပွားရေး စင်္ကြန်အတွက် ထိုင်းအစိုးရက အရင်းအနှီး လိုအပ်နေသည် စီးပွားရေးပညာရှင် ဆုမ်ကစ် အပါဝင် ဝေဖန်သူ အများအပြားက ဈေးချိုသော လုပ်အားနှင့် သဘာ၀ သယံဇာတ အပေါ် ကာလ ကြာမြင့်စွာ မှီခိုပြီး နည်းပညာ အဆင့်မြှင့်တင်ရေးနှင့် ကျွမ်းကျင်လုပ်သား လေ့ကျင့်ပေးမှု မရှိခြင်းကို ဝေဖန်သည်။ ယခုအခါ ထိုင်းနိုင်ငံ၏ လူလတ်ပိုင်း အရွယ်မှာ ၃၈ နှစ်ဖြစ်ပြီး လွန်စွာ ပိုမို ကြွယ်ဝချမ်းသာသော စင်ကာပူ ပြီးလျှင် အရှေ့တောင် အာရှတွင် အမြင့်ဆုံး ဖြစ်သည်။ ထိုထောင်ချောက်မှ ရုန်းထွက်ရန် အတွက် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာ (Prayuth Chan-ocha) ၏ စစ်အစိုးရသည် ၂၀၃၆ ခုနှစ်တွင် ဝင်ငွေ မြင့်မားစွာ ရရှိရေး အတွက် နှစ် ၂၀ မဟာဗျူဟာကို ချမှတ်ထားသည်။ ထိုပမာဏမှာ ၂၀၁၆ ခုနှစ် တဦးချင်း ဝင်ငွေ ဒေါ်လာ ၅၆၄၀ ကို ၂ ဆ တိုးစေရန် ဖြစ်သည်။ ထို အစီအစဉ်ကို ပါလီမန် ၂၀၁၈ ခုနှစ်တွင် ကတိပြုထား သော အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ဇူလိုင်လတွင် အတည်ပြုမည် ဟု မျှော်လင့်ရသည်။ ထိုမဟာဗျူဟာကို အစိုးရက ဂျာမဏီ၏ စက်မှုလုပ်ငန်း ၄ ဒသမ သုည ကို အတုယူပြီး ထိုင်း ၄ ဒသမ သုည ဟု ခေါ်သည်။ ၄ ဒသမ သုညသည် စက်ရုပ် လုပ်ငန်း၊ ဆေးပညာ၊ လေကြောင်းပို့ဆောင်ရေး၊ ဇီဝစွမ်းအင်နှင့် ဇီဝဓာတုဗေဒနှင့် ဒစ်ဂျစ်တယ် နည်းပညာ တို့တွင် အမြင့်ဆုံး အဆင့် တီထွင်စမ်းသစ်သော တန်ဖိုး အခြေခံစက်မှုလုပ်ငန်း ဟု ထိုင်းနိုင်ငံက သတ်မှတ်သည်။ ထိုင်းနိုင်ငံသည် အကြီးစား စက်မှုလုပ်ငန်း နယ်ပယ်တွင် ၃ ဒသမ သုညအဆင့်တွင်သာ ရှိနေသေးသည်။ အရှေ့ပိုင်း စီးပွားရေး စင်္ကြန် အထူးဇုန်တွင် ဘန်ကောက်၏ အရှေ့ဘက်ရှိ ကမ်းရိုးတန်း ပြည်နယ် ၃ ခုပါ ဖြစ်သော ချာချန်ဆောင်၊ ချုံဘူရီ နှင့် ရယောင် ပြည်နယ်များ ပါဝင်ပြီး အထက်ပါ စီမံကိန်း၏ ဗဟိုချက်ဖြစ်သည်။ ပရာရွတ်ကဲ့သို့ပင် ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သော ပရမ်တင်စူလာနွန်ဒါ အစိုးရက ၁၉၈၀ ခုနှစ်များ အစောပိုင်းတွင် စတင်ခဲ့သော အရှေ့ပိုင်း ပင်လယ် ကမ်းခြေ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး စီမံကိန်း အောင်မြင်မှုမျိးကို ပုံတူကူးချရန် ထိုင်းစစ်အစိုးရက ရည်မှန်းထားသည်။ မြန်နှုန်းမြင့် ရထားလမ်းများ တည်ဆောက်ရေးသည် လက်ရှိ စစ်အစိုးရ၏ အခြေခံ အဆောက်အအုံ စီမံကိန်း တစိတ်တပိုင်းဖြစ်သည် ပရမ်တင်စူလာနွန်ဒါ၏ အစီအစဉ်တွင် ဆိပ်ကမ်းများနှင့် လမ်းများကို တိုးချဲ့လုပ်ကိုင်ပြီး ထိုင်းနိုင်ငံကို အင်ဒိုနီးရှားနှင့် ဗီယက်နမ် တို့ကဲ့သို့သော အိမ်နီးချင်းများထက် အသာစီးရစေခဲ့သည်။ ထို အခြေခံ အဆောက်အအုံများကို သက်သာသော လုပ်အားခ၊ တန်ဖိုးတက် နေသော ယန်းငွေနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်မှုတို့နှင့် ပေါင်းစပ်လိုက်သော အခါ ဂျပန်နှင့် အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို ရယူနိုင်ခဲ့သည်။ ထိုင်းနိုင်ငံသည် မော်တော်ယာဉ်၊ လျှပ်စစ်ပစ္စည်းနှင့် ရေနံဓာတု လုပ်ငန်းများ အတွက် ပြည်ပတင်ပို့ရာ ဗဟိုချက်မ ဖြစ်လာခဲ့သည်။ အာရှစီးပွားရေး အကျပ်အတည်း မတိုင်မီ တနှစ်ဖြစ်သော ၁၉၉၆ ခုနှစ်သို့ ရောက်သောအခါ ထိုင်းနိုင်ငံ၏ တဦးချင်း ပြည်တွင်းထုတ်ကုန်သည် ၄ ဆ တိုးလာခဲ့ပြီ ဖြစ်သည်။ ယခုအခါ ရွေးကောက်ပွဲ မတိုင်မီ အချိန် မရှိတော့သောကြောင့် စစ်အစိုးရက ခန့်အပ်ထားသော ပါလီမန်သည် မည်သူ အာဏာရသည် ဖြစ်စေ အရှေ့ပိုင်း စီးပွားရေး စင်္ကြန်ကို ဆက်လက် လုပ်ကိုင်စေရန် အတွက် ၎င်းကို ဥပဒေတခုအဖြစ် ပြဌန်းလိုက်သည်။ “ အစိုးရဟာ ရင်းနှီးမြှုပ်နှံမှုသစ်တွေအတွက် အဆင်သင့်ဖြစ်နေကြောင်း ကျနော်တို့ အာမခံပါတယ်” ဟု ဆုမ်ကစ်က ပြောပြီး အခြေခံအဆောက်အအုံ စီမံကိန်းများ အားလုံး ယခုနှစ်အတွင်း သို့မဟုတ် လာမည့်နှစ် အတွင်း စတင်မည် ဟု ဆိုသည်။ ချုံဘူရီ ပြည်နယ်ရှိ နိုင်ငံ၏ အကြီးမားဆုံး ရေနက်ဆိပ်ကမ်း ဖြစ်သော လန်ချာဘန် ဆိပ်ကမ်းတွင် အလျင်အမြန် လုပ်ဆောင် ရသည်မှာ ထုံးစံဖြစ်သည်။ ၁ ဒသမ ၇ ကီလိုမီတာ ရှည်သော ဆိပ်ကမ်းသစ် တခုကို ၂၀၂၈ ခုနှစ်တွင် စတင် ဖွင့်လှစ်ရန် ဖြစ်သော်လည်း တစိတ်တပိုင်း အားဖြင့် လုပ်ငန်း ဆောင်ရွက်မှုများကို ဇူလိုင်လတွင် စတင်မည် ဖြစ်ပြီး လုပ်ငန်း အပြည့်အ၀ ဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်တွင် စတင်တော့မည် ဖြစ်သည်။ အရှေ့ပိုင်းစီပွားရေး စင်္ကြန် စီမံကိန်း အရ ဆိပ်ကမ်းတိုးချဲ့ရန် လိုအပ်သောကြောင့် အချိန်ဇယားကို ပိုမို စောစီးစွာ လုပ်ဆောင်ရခြင်း ဖြစ်သည် ဟု ထိုဆိပ်ကမ်းကို စီမံခန့်ခွဲနေသော ဟောင်ကောင်မှ Hutchison Ports လုပ်ငန်းက ဆိုသည်။ ထိုဆိပ်ကမ်းသစ်တွင် ဆေးအဝါနှင့် အပြာသုတ်ထားသည့် မြင့်မားလှသော ကုန်သေတ္တာ ကရိန်းကြီး ၃ ခုကို တရုတ် အင်ဂျင်နီယာများက နောက်ဆုံး အဆင့် စစ်ဆေးမှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။ ထိုကရိန်း ကြီးများကို အကြီးစား စက်မှုလုပ်ငန်း Shanghai Zhenhua Heavy Industry က ထုတ်လုပ်ပြီး ထိုင်းနိုင်ငံတွင် ပထမဆုံး အဝေးထိန်း စနစ်သုံး ကရိန်းကြီးများ ဖြစ်သည်။ ဆိပ်ခံတံတားသစ်များ ထပ်မံ တည်ဆောင်ခြင်းလည်း ပါဝင်သော ထို ဆိပ်ကမ်း တိုးချဲ့ခြင်းသည် ဆိပ်ကမ်း၏ စွမ်းရည်ကို ၃ ဆ တိုးစေပြီး တနှစ်လျှင် ပေ ၂၀ ကုန်သေတ္တာ ၁၈ သန်း အထိ ကိုင်တွယ်စေမည် ဖြစ်သည်။ ထိုအခါ အထက်ပါ ဆိပ်ကမ်းသည် ၂၀၁၄ ခုနှစ်က အဆင့် ၂၂ သာ ရှိသော ထိုဆိပ်ကမ်းကို ကမ္ဘာ့ အကြီးဆုံး ဆိပ်ကမ်း ၁၅ ခုတွင် ပါဝင်လာစေမည် ဖြစ်သည်။ နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း PPT က ငွေကြေးထောက်ပံ့သည့် နည်းပညာ အထူးပြု အထက်တန်းကျောင်း KVIS အရှေ့ပိုင်း စီပွားရေး စင်္ကြန်စီမံကိန်းတွင် ပါဝင်သော အခြား အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ဗီယက်နမ် စစ်ပွဲ အတွင်းက အမေရိကန် နိုင်ငံက အသုံးပြုသော လေတပ် အခြေစိုက် စခန်းကို စံချိန်မီ နိုင်ငံတကာ လေဆိပ်အဖြစ် တည်ဆောက်ခြင်းနှင့် ထို ဆိပ်ကမ်းမှ ဘန်ကောက်ရှိ နိုင်ငံတကာ ထွက်ပေါက်ဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ်နှင့် ဒွန်မောင်း လေဆိပ်များသို့ မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ခြင်းတို့ ပါဝင်သည်။ ထို ရထားလမ်း စီမံကိန်း အတွက် တင်ဒါခေါ်ယူခြင်းကို စက်တင်ဘာလတွင် လုပ်ဆောင်မည် ဖြစ်သည်။ အထက်ပါ အူတာပေါင် (U-Tapao) လေဆိပ်သည် ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းကို သာမက လေကြောင်း လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုကိုပါ မြှင့်တင်ပေးမည် ဖြစ်သည်။ ၁၉၈၀ ခုနှစ်များက မော်တော်ယာဉ် လုပ်ငန်း တိုးတက်မှုဖြင့် အရှေ့ပိုင်း ပင်လယ်ကမ်းခြေ စီးပွားရေး အောင်မြင်ခဲ့ သကဲ့သို့ပင် အရှေ့ပိုင်း စီးပွားရေး စင်္ကြန် အတွက် ကျယ်ပြန့်သော လေကြောင်း သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်း ထူထောင်ရန် အစီအစဉ်မှာ တိုးတက်နေသော လေယာဉ် ဝယ်လိုအားကို အသုံးချရန် ဖြစ်သည်။ လွန်ခဲ့သော နှစ်က Airbus သည် လေယာဉ် ပြုပြင်ထိန်းသိမ်းရေးဌာန တခုကို အူတာပေါင် တွင် တည်ထောင်ရန် ထိုင်း နိုင်ငံတကာ လေကြောင်းလိုင်းနှင့် စာချုပ် ချုပ်ဆိုသည်။ Boeing သည် လေယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ရန်နှင့် လေယာဉ်မောင်း သင်တန်းကျောင်း ဖွင့်ရန် ထိုင်းအစိုးရနှင့် ဆွေးနွေးနေသည်။ ဂျပန် တာယာလုပ်ငန်း Bridgestone သည် ၂၀၁၉ ခုနှစ်မှ စတင်ပြီး ထိုဒေသတွင် လေယာဉ်တာယာ များကို ထုတ်လုပ်ရန် စီစဉ်နေသည်။ ပစ်မှတ်ထားသော စီးပွားရေး လုပ်ငန်းများ အတွက် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် အစိုးရသည် မက်လုံးများ ပေးနေသည်။ အခြား ရင်းနှီးမြှုပ်နှံမှုများ အတွက် အခွန် ကင်းလွတ်ခွင့်မှာ ၈ နှစ်သာ ခွင့်ပြုသော်လည်း ထိုလုပ်ငန်းများ အတွက် အခွန်ကင်းလွတ်ခွင့်သည် ၁၅ နှစ်အထိ ရှည်ကြာမည် ဖြစ်သည်။ ကျွမ်းကျင်လုပ်သားများနှင့် အဆင်မြင့် အမှုဆောင် အရာရှိများ အတွက် အထူးဗီဇာကို ၄ နှစ်အထိ ခွင့်ပြုမည်ဟု ကမ်းလှမ်းထားပြီး နိုင်ငံပိုင် မြေများကိုလည်း ၉၉ နှစ်အထိ ငှားရန်းခွင့်ပြုမည် ဟုလည်း ဆိုသည်။ လွန်ခဲ့သော နှစ်က ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့သည် အထက်ပါ ပြည်နယ် ၃ ခုတွင် ရင်းနှီး မြှုပ်နှံမှု စီမံကိန်း လျှောက်ထားမှု ပေါင်း ၃၈၈ ခုအထိ ရရှိထားပြီး စုစုပေါင်း ဘတ် ၂၉၆ ဒသမ ၈၉ သန်း တန်ဖိုးရှိသည် ဟု ဆိုသည်။ ထိုပမာဏသည် တနိုင်ငံလုံးတွင် ရင်းနှီးမြှုပ်နှံရန် လျှောက်ထားမှု၏ ထက်ဝက်နီးပါး ရှိသည်။ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့သည် ဘတ် ၁၁၉ ဒသမ ၈ သန်း တန်ကြေးရှိ စီမံကိန်း ၂၀၃ ခုကို ခွင့်ပြုခဲ့သည်။ ထိုရင်းနှီးမြှုပ်နှံမှု ၏ ထက်ဝက်ခန့်ကို ထိုင်းနိုင်ငံတွင် ထိပ်တန်း ရင်းနှီးမြှုပ်နှံသော နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံသည် ဟု ဆိုသည်။ တရုတ်နိုင်ငံသည် လည်း အရှေ့ပိုင်း စီးပွားရေး စင်္ကြန်နှင့် ၎င်းတို့၏ ရပ်ဝန်းတခု လမ်းတခု စီမံကိန်း အကြား ချိတ်ဆက်ရန် ကြိုးစားပြီး ပိုမိုရင်းနှီး မြှုပ်နှံလာသည်။ တရုတ်နိုင်ငံ၏ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းဖြစ်သော Alibaba Group Holding က အရှေ့ပိုင်း စီးပွားရေး စင်္ကြန်တွင် သယ်ယူပို့ဆောင်ရေး ဌာနတခု တည်ဆောက်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။ တရုတ် နိုင်ငံတွင် အကြီးဆုံး ဖြစ်သည့် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (ICBC) ကလည်း ထိုပြည်နယ်များသို့ ရင်းနှီးမြှုပ်နှံသူများကို ခေါ်ဆောင်ပေးရန် အရှေ့ပိုင်းစီးပွားရေး စင်္ကြန်ရုံးနှင့် နားလည်မှု စာချွန်လွှာ တစောင် လက်မှတ် ရေးထိုးထားသည်။ ထိုင်းနိုင်ငံ၏ အမြင်အရ အရှေ့ပိုင်း စီးပွားရေး စင်္ကြန်ကို ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်နှင့် ချိတ်ဆက်ခြင်းသည် တရုတ် ဦးဆောင်သော အာရှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်မှ အပါအဝင် အရင်းအနှီး ပိုမို ရရှိစေမည် ဖြစ်သည်ဟု ဂျပန်နိုင်ငံ Gakushuin University မှ ပါမောက္ခ အကီရာ ဆူဟီရို က ပြောသည်။ “လွန်ခဲ့တဲ့ ၃၅ နှစ်ကနဲ့ မတူဘဲ အရှေ့ပိုင်းစီးပွားရေး စင်္ကြန်ရဲ့ ကံကြမ္မာဟာ တရုတ်တွေ လက်ထဲ ကျရောက်သွားနိုင်တယ်” ဟုလည်း သူက ပြောသည်။ သို့သော် ရင်းနှီးမြှုပ်နှံမှု တခုတည်းဖြင့် ထိုင်းနိုင်ငံကို ဝင်ငွေ မြင့်မားသော အဆင့်သို့ ပို့ဆောင်ပေးနိုင်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူများက သတိပေးကြသည်။ “လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလုံးလုံး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ကျနော်တို့ လက်လွတ် ဆုံးရှုံးခဲ့ ပြီးပြီ။ ထိုင်းနိုင်ငံဟာ နည်းပညာကို ဒေသပိုင် ပြုလုပ်ရေးကို မလုပ်ဆောင်တဲ့ အတွက် နည်းပညာကို ထိုင်းလုပ်ငန်း တွေကို လွှဲပြောင်းပေးခြင်း မရှိကြဘူး” ဟု ချူလာလောင်ကွန် တက္ကသိုလ်မှ လက်ထောက် စီးပွားရေး ပါမောက္ခ နီပစ် ဝေါင်းပူညာ (Nipit Wongpunya) ကပြောသည်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ ကမ္ဘာ့စီးပွားရေး ယှဉ်ပြိုင်နိုင်မှု အညွှန်းကိန်း (၂၀၁၇) အရ ထိုင်းနိုင်ငံသည် တီထွင် ဆန်းသစ်မှု အရ အဆင့် ၅၀ တွင် ရှိနေပြီး စင်္ကာပူ၊ တရုတ်နှင့် အင်ဒိုနီးရှား နိုင်ငံများ၏ အောက်တွင် ရှိနေသည်။ ထိုင်းနိုင်ငံ အတွင်း သုတေသနနှင့် ဖွံဖြိုးတိုးတက်ရေး မလုပ်သလောက်ပင် ဖြစ်နေပြီး ကင်မရာ၏ အာရုံခံကိရိယာ ကဲ့သို့သော အဆင့်မြင့် နည်းပညာ ထုတ်ကုန်များကို အများအားဖြင့် တင်သွင်းနေဆဲ ဖြစ်သည်။ အဓိက စိန်ခေါ်မှုမှာ လုပ်အားအခြေပြု စက်မှုလုပ်ငန်းမှ နည်းပညာ အခြေပြု စီးပွားရေး လုပ်ငန်းသို့ ပြောင်းရန် ဖြစ်သည်။ နည်းပညာနှင့် ကျွမ်းကျင်မှုများ ရရှိနိုင်ရေး အတွက် အရှေ့ပိုင်း စီးပွားရေး စင်္ကြန်တွင် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းသူများက ကျောင်းသားများကို အလုပ်သင် အစီအစဉ်များ ဆောင်ရွက်စေရန် အစိုးရက လုပ်ဆောင်ရမည် ဖြစ်သည်။ ကုမ္ပဏီများ အနေဖြင့် အနည်းဆုံး သင်တန်းသား ၅၀ စီ သို့မဟုတ် အရှေ့ပိုင်း စီးပွားရေး စင်္ကြန် စီမံကိန်း အဖွဲ့၏ ၁၀ ရာခိုင်နှုန်းကို သင်တန်းသားများ အတွက် လက်ခံရမည် ဖြစ်ပြီး “လူသားရင်းမြစ် ဖွံဖြိုးတိုးတက်မှုဟာ ကျနော်တို့ အနာဂါတ်မှာ အောင်မြင်ရေး အတွက် သော့ချက်ပဲ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒူရန်ဂျိုင် အဆာဝါချင်တာချစ် (Duangjai Asawachintachit) က ပြောသည်။ “နောက်ဆုံးကျရင် ၂ ဖက် စလုံး အတွက် အကျိုးဖြစ်ထွန်းအောင်လို့ ပုဂ္ဂလိက ကဏ္ဍ အနေနဲ့ ပါဝင်ဆောင်ရွက် စေချင်တယ်” ဟုလည်း ၎င်းက ပြောသည်။ အခြားသော ဦးစားပေးတခုမှာ ကလေးသူငယ်များ အတွက် သိပ္ပံ သင်ခန်းစာများကို အဆင့်မြှင့်တင်ရေး ဖြစ်သည်။ ထိုနယ်ပယ်တွင် ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှရှိ ဝင်ငွေ အလယ်အလတ်ရှိသော နိုင်ငံများ အကြားတွင် အောက်ဆုံးသို့ ရောက်နေသည်ဟု WEF ၏ အညွှန်းကိန်း အရ သိရသည်။ မျှော်လင့်ချက်တခုသည် ရနောင်းရှိ သစ်တောများ အတွင်းတွင် ရှိနေသည်။ နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း PPT က ငွေကြေးထောက်ပံ့သည့် နည်းပညာ အထူးပြု အထက်တန်းကျောင်းဖြစ်သော ကမ်နိုအက်ဗီဒါ သိပ္ပံ အကယ်ဒမီ (KVIS) တွင် အစိမ်းရောင် ကော်လာနှင့် ခရမ်းပြာရောင် ပိုလိုရှပ် ဝတ်ဆင်ထားသော ကျောင်းသားများသည် နိုင်ငံတကာမှ ဆရာများက သင်ကြားပေးသည်ကို နားထောင်နေကြသည်။ သင်ခန်းစာများကို အင်္ဂလိပ်လို သင်ကြားသည်။ “ချိန်ညှိဖို့ လုပ်ဆောင်ပေးတဲ့ နားထဲက စနစ်က ဘာလဲ” ဟု သြစတေးလျမှ လာသော ဇီဝဗေဒဆရာက မေးသည်။ “ဆီမီး ဆာကျူလာ ကန်နယ်ပါ” ဟု ကျောင်းသား တယေက်က ဘာသာစကား အထောက်အကူပြုဆရာ၏ အကူအညီဖြင့် ဖြေသည်။ ထို ညအိပ်ညနေ ကျောင်းမှ အခန်း တခန်းလျှင် ကျောင်းသာ ၁၈ ဦးစီ ရှိပြီး လျှောက်ထားသူ ၇၀ အနက် တဦးသာလျှင် တက်ရောက်ခွင့် ရသည်။ ကျောင်းသားတဦး အတွက် ကုန်ကျစရိတ်မှာ ဘတ် ၈၈၀၀၀၀ ခန့်ရှိသည်။ သို့သော် ကျောင်းအပ် စားရိတ်ကို ၃ နှစ် ဆိုင်းငံ့ပေးထားသည်။ “အရည်အသွေးမီ ပညာရေး ကင်းမဲ့ခြင်းဟာ တော်တဲ့ ကျောင်းသားတွေ နိုင်ငံခြားကို ထွက်သွားစေတယ်” ဟု KVIS ကျောင်းအုပ်ကြီး သွန်ချိုင် ချီပရီချာ (Thongchai Cheprecha) က ပြောသည်။ “ဒါပေမယ့် ကျနော့် ကျောင်းသားတွေကို ကျနော် ပြောတာက သူတို့တွေ နိုင်ငံခြားမှာ တက္ကသိုလ် သွားတက်ရင် တောင်မှ နိုင်ငံကို တိုးတက်အောင်ကူညီဖို့ ပြန်လာရမယ်။ အနာဂတ်ရဲ့ စတိဂျော့ဖ် တွေ ဖြစ်ရမယ်၊ ထိုင်းနိုင်ငံကို ကုန်ထုတ်လုပ်တဲ့ နိုင်ငံဖြစ်အောင် လုပ်ရမယ် လို့ ဆိုတာပဲ” ဟုလည်း သူက ပြောသည်။ သို့သော် WEF ၏ စစ်တမ်းအရ ကုမ္ပဏီများ ပိုမို စိုးရိမ်သော အကြောင်းရင်းမှာ နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်သည်။ ၁၉၃၂ ခုနှစ် နောက်ပိုင်း စစ်အာဏာသိမ်းမှု ၁၉ ခု အပါအဝင် မကြာခဏ ဖြစ်နေသော အစိုးရ အတွင်း အပြောင်းအလဲ များသည် အခြေခံအဆောက်အအုံ စီမံကိန်းများ နှောင့်နှေးခြင်းနှင့် ရပ်ဆိုင်းခြင်း တို့ကို ဖြစ်စေပြီး ရင်းနှီးမြှုပ်နှံမှု မူဝါဒများ ရုတ်တရက် ပြောင်းလဲခြင်းကို ဖြစ်စေသည်။ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့သည့် လက်ရှိ စစ်အစိုးရ လက်အောက်တွင် နှိုင်းယှဉ်ချက်အားဖြင့် တည်ငြိမ်သော စီးပွားရေး လုပ်ငန်းများ အခြေအနေမှာ နိုင်ငံရေး လှုပ်ရှားမှုများကို ပိတ်ပင်ထားသောကြောင့် ဖြစ်သည်။ ရွေးကောက်ပွဲ အတွက် မဲဆွယ်ပွဲ စတင်လျှင် ထိုကန့်သတ်ချက်များကို ရုပ်သိမ်းရမည် ဖြစ်သည်။ နိုင်ငံ၏ လူမှုစနစ်သည် စစ်တပ်ကို ထောက်ခံသော အထက်လွှာများနှင့် ဝရမ်းပြေး ဝန်ကြီးချုပ် သက်ဆင်ကို ထောက်ခံ သော လယ်သမားများနှင့် ဝင်ငွေနည်းသူများ အကြားတွင် ဆယ်စုနှစ် တခုကြာမျှ တစစီ ပြိုကွဲခဲ့ရသည်။ ကြီးမားသော လူထုကန့်ကွက်ပွဲကြီးများ မကြာခဏ ဖြစ်ပေါ်လာရသည်။ “ထိုင်းနိုင်ငံမှာ အခြေခံ အဆောက်အအုံတွေနဲ့ သယ်ယူပို့ဆောင်ရေး ကွင်းဆက်တွေ ရှိပြီးသားဆိုတော့ လွန်ခဲ့တဲ့ ဆယ်စု နှစ်တွေ ကနေ စပြီး ဂျပန်လုပ်ငန်းတွေက နိုင်ငံရေး အခြေအနေ ဘယ်လိုရှိနေနေ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခဲ့ကြတယ်” ဟု Gakushuin University မှ ပါမောက္ခ အကီရာ ဆူဟီရို (Suehiro) က ပြောသည်။ သို့သော် အဟန့်အတား ဖြစ်စေသော နည်းပညာများ ဖြစ်သည့် အင်တာနက်မှ တဆင့် ကုန်ထုတ်လုပ်မှုကို ကြီးကြပ် ကွပ်ကဲခြင်းသည် တရုတ်နှင့် အခြားသော အရှေ့တောင် အာရှနိုင်ငံများသို့ စတင် ရောက်ရှိလာပြီ ဖြစ်သောကြောင့် အခြေခံအဆောက်အအုံမှ ရရှိသော အကျိုးကျေးဇူးများသည် အလွယ်တကူ ပျောက်ပျက်သွားနိုင်ပေသည်။ (asia.nikkei.com တွင် ဖော်ပြထားသည့် YUKAKO ONO ၏ Thailand attempts do-or-die leap to a technology-driven economy ကို ဘာသာပြန်သည်။ The post နည်းပညာအခြေပြု စီးပွားရေးကို ထိုင်းနိုင်ငံ ခုန်ကူးနိုင်မည်လော appeared first on ဧရာဝတီ.
Source : http://ift.tt/2oKZ85v
via IFTTT
No comments:
Post a Comment