ဦးဝီရသူ တရားဟောခွင့် ပိတ်ပင်မှု ရက်ပြည့်ပြီ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့(မဟန) ၏ တရားဟောခွင့် တနှစ် ပိတ်ပင်ခြင်း ခံထားရသည့် ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) အနေဖြင့် မတ်လ ၉ ရက်နေ့တွင် ပိတ်ပင်မှု ရက်ပြည့်ပြီ ဖြစ်သည်။ သာသနာရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးထွန်းညွန့်က“ဦးဝီရသူနဲ့ပတ်သက်လို့ မဟနအဖွဲ့ကနေ သီးခြားညွန်ကြား ချက် မရှိပါဘူး၊ ယခင် ထုတ်ပြန်ထားတဲ့ ညွန်ကြားချက် အတိုင်းပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။ ဦးဝီရသူ အနေဖြင့် လူသတ်သမား ကြည်လင်းအား အားပေးထောက်ခံခြင်း၊ နိုင်ငံရေး ပါတီများကြား ဘက်လိုက် ဟောပြောခြင်း၊ အမုန်းစကား ဖြန့်ဝေခြင်းများကြောင့် မဟန ၏ ညွန်ကြားလွှာ ၈၃၊ ၉၀၊ ၉၃၊ ၉၄ တို့အား ဖောက်ဖျက် ကျူးလွန်သည်ဟု ဆိုကာ ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်၍ တရားဟောခွင့် တနှစ် ပိတ်ပင်ရန် ၂၀၁၇ ခုနှစ် မတ်လ ၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် မဟန ၄၇ ပါးစုံညီ စတုတ္ထ အထူးအစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။ တရားဟောခွင့် ပိတ်ပင်ခံရမှု ရက်ပြည့်တော့မည့် အခြေအနေနှင့် ပတ်သက်၍ ဆရာတော် ဦးဝီရသူထံသို့ ဧရာဝတီ သတင်းဌာနက အင်တာဗျူး တောင်းခံခဲ့သော်လည်း ဖြေကြားခြင်း မပြုနိုင်ကြောင်း မိန့်ကြားခဲ့သည်။ ဦးဝီရသူက “ကျုပ်အနေနဲ့ မီဒီယာတွေကို သပိတ်မှောက်ထားပါတယ်၊ ပြည်တွင်းကရော ပြည်ပက မီဒီယာတွေ အားလုံး ကို အယုံအကြည်မရှိလို့ သပိတ် မှောက်ထားပါတယ်၊ ဒါကြောင့် ဘာမှ မဖြေနိုင်ပါဘူး” ဟု ဧရာဝတီသို့ မိန့်ကြားသည်။ အမျိုးသားရေး ဟောပြောမှုများကြောင့် လူသိများသည့် ဦးဝီရသူသည် တရားဟောခွင့် ပိတ်ပင်ခြင်း မခံရခင် Facebook လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုကာ Wira Thu နှင့် ဝီရသူ-မစိုးရိမ် အမည်တို့ဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ကြည်လင်းနှင့် အပေါင်းအပါများအား ကျေးဇူးတင်ကြောင်း စသည့် စာသားများကို ရေးသား ဖော်ပြခဲ့ကြောင်း သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုသို့ လူမှုကွန်ရက်တွင် အမုန်းစကား ရေးသားမှုများကြောင့်လည်း ဦးဝီရသူ၏ အမည်ဖြင့် အကောင့် ဖွင့်လှစ် ထားမှု များကို အပြီးတိုင် ပိတ်သိမ်းခဲ့ကြောင်း facebook တာဝန်ရှိသူတဦးက ဖေဖော်ဝါရီ လကုန်ပိုင်းက AFP သတင်းဌာနကို ပြောဆိုထားသည်။ ၎င်းအမည်ဖြင့် သုံးစွဲခွင့် ပိတ်ပင်ခဲ့သော်လည်း ဦးဝီရသူ၏ လုပ်ရှား ဟောပြောမှုများမှာ facebook စာမျက်နှာများတွင် ဆက်လက် ပျံ့နှံ့လျက်ရှိပြီး ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း “မင်းတို့ ထမင်းဝ အောင်စားထား” ဆိုသည့် စကား သုံးနှုန်းကာ အစိုးရနှင့် ရှေ့နေများအား ဝေဖန်ထားသည့် ၇ မိနစ်နှင့် ၁၇ စက္ကန့် ကြာမြင့်သည့် ဦးဝီရသူ၏ ဗီဒီယိုင်တခု ပျံ့နှံ့ခဲ့သည်။ ထိုဗီဒီယိုဖိုင်တွင် ဦးဝီရသူက “သူတော်ကောင်းတွေကို စော်ကားတဲ့သူတွေ ထမင်းဝအောင်စားထား၊ သံဃာတော်ကို ပြစ်မှားတဲ့သူတွေ ထမင်းဝအောင်စားထား၊ တရားပွဲပိတ်တဲ့သူတွေ၊ နှောင့်ယှက်တဲ့သူတွေ ထမင်းဝအောင်စားထား၊ ငရဲကျရင် ခင်ဗျားတို့ ထမင်းစားချိန်တောင် ရှိမှာမဟုတ်ဘူး၊ ပြိတ္တာဖြစ်ရင် ထမင်းစားစရာ ပါးစပ်တောင် ပါမှာမဟုတ် ဘူး၊ ဒါကြောင့် ထမင်းဝအောင်စားထား”ဟု ဆိုကာ သူ့ကိုယ်သူ ကြည်လင်း ဆရာတော်အဖြစ် ကြွေးကြော်ထားသည်။ ထိုသို့ တရားဟောခွင့် မရှိသေးချိန်တွင် ဦးဝီရသူက ၎င်းအနေဖြင့် လူသတ်သမား ကြည်လင်း၏ ဆရာဖြစ်ကြောင်း၊ “မင်းတို့ ထမင်းဝအောင်စားထား”ဆိုပြီး လူမှုကွန်ရက်နှင့် You Tube များတွင် ပြောဆိုမှုများသည် သံဃဝိနည်းများနှင့် မအပ်စပ်ဘဲ လူသတ်သမားဘက်မှ ခြိမ်းခြောက်ရပ်တည်မှုကို ပြသခဲ့ကြောင်း ဆရာတော်ဦးဣဿရိယ (မင်းသုည) က မိန့်ကြားထားသည်။ လူသတ်သမားကြည်လင်းအား ထောက်ခံကြောင်း ပေါ်ပေါ်တင်တင်ပြသခဲ့သည့် လုပ်ရပ်ကြောင့် ဦးဝီရသူအား သံဃာနှင့် ပြည်သူများကြား ဝေဖန်မှုများပြားခဲ့ပြီး အရေးယူပေးရန် သံဃာတချို့က တောင်းဆိုခဲ့ကြသည်။ တောင်းဆိုမှုအပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းများက အရေးယူ ဆောင်ရွက်ရန် ညွန်ကြားချက်များ မရှိသော်လည်း ၎င်းကဲ့သို့ “မင်းတု့ိ ထမင်းဝအောင်စားထား” စာသားအသုံးပြုကာ လူသတ်သမားအား ထောက်ခံကြောင်း ပြသခဲ့သည့် လူပုဂ္ဂိုလ် ၄ ဦးနှင့် ပတ်သက်သူ တဦးကိုမူ ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားသည်။ ဦးဝီရသူအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း အမျိုးသားရေး ဝါဒီနှင့် အမုန်း တရား လှုံ့ဆော်မှုများကြောင့် နာမည်ကျော် Time မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် “Face of Buddhist Terror” အဖြစ် ဖော်ပြခြင်းလည်း ခံခဲ့ရဖူးသည်။ နိုင်ငံအတွင်း လူမျိုးရေး၊ ဘာသာရေး အမုန်းတရား လှုံ့ဆော်မှုများနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အရေးယူ ဆောင် ရွက်မှု အားနည်းသည့် အခြေအနေတွင် တချို့သည် ပိုမိုအတင့်ရဲလာကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို က မှတ်ချက်ပေးထားသည်။ သူရဦးအောင်ကိုက “အချို့သံဃာတွေ၊ အချို့ရဟန်းတွေကလည်း အဲ့ဒါကို အတင့်ရဲလာတာ ရှိတယ်၊ မပြီးပါဘူး၊ ပွဲ မပြီးဘူး၊ မှတ်တမ်း တင်ထားပါတယ်၊ မညီမညွတ် အခြေအနေမျိုးကလည်း တသက်လုံးနေမှာ မဟုတ်ပါဘူး၊ ညီညွတ် တဲ့ အခြေအနေတခုကို ရောက်ကိုရောက်လာမှာ ဖြစ်ပါတယ်၊ ဒါကို ပြည်သူတွေက အဆုံးအဖြတ် ပေးပါလိမ့်မယ်”ဟု ပြောဆိုထားသည်။ The post ဦးဝီရသူ တရားဟောခွင့် ပိတ်ပင်မှု ရက်ပြည့်ပြီ appeared first on ဧရာဝတီ.
Source : http://ift.tt/2Dck35R
via IFTTT
No comments:
Post a Comment