ဦးထင်ကျော် ရာထူးမှ နုတ်ထွက်ခြင်းမှာ ကျန်းမာရေးကြောင့် မဟုတ်ဟု ဒေါ်စုစုလွင် ဆို သမ္မတဟောင်း ဦးထင်ကျော် သမ္မတရာထူးမှ နုတ်ထွက်သွားခြင်းမှာ အများသုံးသပ်နေကြသလို ကျန်းမာရေးကြောင့် မဟုတ်ဘဲ ဆန္ဒအလျောက် အနားယူလိုသဖြင့် နုတ်ထွက်သွားခြင်း ဖြစ်သည်ဟု ၎င်း၏ ဇနီးဖြစ်သူ သုံးခွမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်က ပြောသည်။ ဒေါ်စုစုလွင်က ယနေ့ ပြည်သူ့လွှတ်တော်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသွားခြင်း ဖြစ်သည်။ “စိတ်ပူပေးတဲ့သူတွေ ဆုတောင်းပေးတဲ့သူတွေကို ကျေးဇူး အများကြီးတင်ပါတယ် လို့ပြောချင်ပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေကိုလည်း ကျန်းမာရေးအတွက်တော့ မစိုးရိမ်ပါနဲ့လို့ ပြောချင်ပါတယ်။ အခုထွက်တဲ့ ကိစ္စအနားယူတဲ့ ကိစ္စက လည်း ကျန်းမာရေးကြောင့် မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ၆ လ၌ ဦးထင်ကျော်သည် ခွဲစိတ်ကုသမှု ခံယူထားပြီး ကျန်းမာရေး အားနည်းနေသည်မှာ မှန်ကန်ပြီး ဇန်နဝါရီ လကလည်း ပူတာအိုမြို့သို့ သွားပြီး အပြန်တွင် ဝမ်းပျက်ဝမ်းလျော ဖြစ်စေတတ်သော အစာအိမ်နှင့် အူလမ်းကြောင်းသို့ ဝင် ရောက်တတ်သည့် အီကိုလိုင် (E.Coli) ပိုးဝင်သဖြင့် နေမကောင်း ဖြစ်ခဲ့ကြောင်း၊ သို့သော် ပြီးခဲ့သည့် ၁ လကျော်က စင်္ကာ ပူသို့ ဆေးသွားစစ်ရာ ကျန်းမာရေး ကောင်းမွန်ပြီး ပေါင်ချိန် ၆ ပေါင်ခန့် တက်လာကြောင်း ဒေါ်စုစုလွင်က ဆိုသည်။ “ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အန်တီတို့ ဒီလိုနားဖို့ဆိုတာ အခု ရုတ်တရက်ကြီး လုပ်တာ မဟုတ်ပါဘူး။ စောစော တည်းက ကြိုတင်ပြီးတာ့ စီစဉ်တာပါ။ အဲဒီလို စီစဉ်တဲ့ အချိန်ကစပြီး သူ့ဝိတ်တွေက ပြန်တတ်လာတာ ဒါဟုတ်ပါတယ်လို့ ပြောချင်ပါတယ်” ဟုလည်း ၎င်းက ရှင်းပြသွားသည်။ ဦးထင်ကျော် သမ္မတ စတင် ရွေးချယ်ခံရစဉ်ကလည်း သမ္မတရာထူး ရယူလိုသည့် စိတ်မရှိဘဲ တာဝန်ပေးအပ်ခံရခြင်းကြောင့်သာ တာဝန်ထမ်းဆောင်ရခြင်း ဖြစ်ပြီး ယခုအခါလည်း အနားယူသင့်သည်ဟု ဆန္ဒရှိသဖြင့် အနားယူရခြင်း ဖြစ်သည်ဟု ပြောသည်။ ဆက်လက်၍ “သူ့အနေနဲ့ အဲဒီနေရာ (သမ္မတ) လုပ်ဖို့ဆိုတာ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။ သူ့ကို ဒီတာဝန်ပေးတဲ့ အ တွက်ကြောင့် ဒီတာဝန်ကိုလည်း သူ့စိတ်ထဲမှာ မျှော်မှန်းထားတာက အလွန်ဆုံး ၃ လလောက်ပေါ့ ။ ၃ လလောက်ကျော်ရင် ၆ လလောက်ပေါ့ ။ အဲဒီလောက်ပဲ သူ့ရဲ့ ခေါင်းဆောင်အတွက် လုပ်ပေးရလိမ့်မယ်လို့ သူမျှော်လင့်တယ်” ဟု ဆိုသည်။ သမ္မတ စတင် ရွေးချယ်ခံရစဉ်ကလည်း ရင်းနှီးသည့် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည် ညွှန့်ကို စနောက်ရင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရန် ဆောင်ရွက်ပေးစေလိုကြောင်း ပြောဆိုပြီး ၃ လခန့်သာ သမ္မတ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ပြောဆိုဖူးသည်ဟုလည်း ဒေါ်စုစုလွင်က ဆိုသည်။ ဦးအောင်ကြည်ညွန့်ကလည်း ဒေါ်စုစုလွင်နှင့် ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုရှိသဖြင့် လွှတ်တော်တွင် သမ္မတ စတင်ရွေး ချယ်ခံရစဉ်က ရယ်မောရင်း ပြောဆိုဖြစ်ခဲ့ကြခြင်း ဖြစ်သည်ဟု ပြောသည်။ “ရင်းနှီးနေတော့ သမ္မတကတော်ကြီးလို့ First Lady လို့ခေါ်တော့ ဒါပဲနော်တဲ့ သမ္မတလုပ်ဖို့ဆိုတာ ၃ လ လောက်ပဲနော် ဖွဲ့ စည်းပုံပြောင်းပြီးရင် အဲဒီလောက်ကလေးပဲ လုပ်ပေးနိုင်မှာနော်တဲ့။ သူက အဲဒီလို ပြောဖူးတယ်။ စပြီး နောက်ပြီးပြောဖူးပါ တယ်။ မနေ့က တွေ့တော့လည်း နောက်ပြီး ပြန်ပြောလိုက်ပါသေးတယ်။ ကျနော်တို့ ကတိတည်တယ်လို့ ၃ လပဲ ဆိုတာ အခုက မတ်လလေလို့” ဟု ဦးအောင်ကြည်ညွှန့်က ပြောသည်။ သမ္မတဟောင်း ဦးထင်ကျော်သည် ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးအပ်ချက်အရ သမ္မတ တာ ဝန်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်နေစဉ်အချိန်တွင်လည်း သမ္မတ အာဏာ အရှိန်အဝါဖြင့် မလျော်မကန် ပြောဆို ပြုမူမှုများ မပြုလုပ်သွားဘဲ ရိုးရိုးသားသား ရိုးရိုးရှင်းရှင်း နေထိုင်သွားသူ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် အ ပေါ်တွင်လည်း အင်မတန်သစ္စာရှိသူ ဖြစ်သူဟု ဦးအောင်ကြည်ညွှန့်က ဆိုသည်။ ဦးအောင်ကြည်ညွှန့်က “မိမိတာဝန် ထမ်းဆောင်နိုင်ရင် တာဝန်ယူပြီး မိမိတာဝန်ထမ်းဆောင်နိုင်တာနဲ့ ထပ်တူထပ်မျှ တာ ဝန် ထမ်းဆောင်နိုင်တာ မရှိဘူးလို့ ယုံကြည်ရင် ရှိနေတဲ့ အခွင့်အရေးကို မှိန်းပြီး ရယူနေမယ့်အစား အခုလို ပြတ်ပြတ်သား သား စွန့်ခွာသွားရဲတဲ့ သတ္တိက အင်မတန် ချီးကျူးစရာ ကောင်းပါတယ်” ဟု လည်းပြောသည်။ သမ္မတဟောင်း ဦးထင်ကျော်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ရွေးချယ်တင်မြှောက်လိုက်သည့် သမ္မတဖြစ်ပြီး မတ်လ ၂၁ရက်က လက်ရှိ အလုပ်တာဝန်များမှ အနား ယူလိုခြင်းကြောင့် နုတ်ထွက်သွားသည်ဟု နိုင်ငံတော်သမ္မတရုံးမှ တဆင့် သတင်းထုတ်ပြန်ကာ မတ်လ ၂၂ရက်တွင် ပြည် ထောင်စုလွှတ်တော်က အတည်ပြုထားပြီး ဖြစ်သည်။ ဦးထင်ကျော်က သမ္မတသက်တမ်းမကုန်မီ နုတ်ထွက်သွားသဖြင့် သမ္မတ ပင်စင်ခံစားခွင့် ရရှိမည်မဟုတ်ပေ။ ဒေါ်စုစုလွင်က ၎င်းတို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ပြောဆိုထားသည့်အတိုင်း နိုင်ငံတော်မှ တစုံတရာ ရယူရန် မည်သည့်အချိန်ကမှ စဉ်းစားခဲ့ခြင်း မရှိဘဲ ပေးဆပ်ရန်သာ စဉ်းစားထားသဖြင့် သမ္မတပင်စင် ရ/မရ ကိုလည်း စိတ်မဝင် စားဟု ပြည်သူ့လွှတ်တော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။ ထပ်မံ၍ ယခုအသစ်တက်လာမည့် သမ္မတသည် ဦးထင်ကျော်ထက် အသက်အားဖြင့် ပိုငယ်ရွယ်ပြီး လုပ်ရည်ကိုင်ရည်နှင့် အရည်အချင်း ပြည်စုံသူဖြစ်ကြောင်း၊ တိုင်းပြည်အတွက်လည်း စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်မည့်သူ ဖြစ်သဖြင့် ပြည်သူများ က သမ္မတအသစ်ကိုလည်း စေတနာထားပြီး ဝိုင်းဝန်းကူညီပေးပါ ဟု ပြောသွားသည်။ လစ်လပ်နေသည့် သမ္မတနေရာတွင် ဒုသမ္မတ (၁) ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူထားရပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ (၇၃)၊ အပိုဒ်ခွဲ (ခ) အရ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မရာထူးကို အလုပ်လုပ်ရက် ၇ ရက်အတွင်း ဖြည့် စွက်သွားမည်ဖြစ်သည်။ ယနေ့ပြည်သူ့လွှတ်တော်တွင် လစ်လပ်သမ္မတရာထူးအတွက် ပြည်သူ့လွှတ်တော်တွင် ဒုသမ္မတဦးကို ပြည်သူ့ လွှတ်တော် အမတ်များ၏ မဲဆန္ဒဖြင့် ရွေးချယ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ၂၇၃ မဲ ဖြင့် အနိုင်ရရှိထားသည်။ ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဌ ဟောင်းတဦးဖြစ်ပြီး မတ်လ ၂၁ရက်က နုတ်ထွက်ထားခြင်း ဖြစ်သည်။ ပြည်သူ့လွှတ်တော်မှ ရွေးချယ်လိုက်သည့် ဒုသမ္မတနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဒုသမ္မတ ၂ ဦး စုစုပေါင်း ၃ ဦတို့အနက်မှ ၁ ဦးကို ပြည်ထောင်စု လွှတ်တော်တွင် မဲပေးကာ သမ္မတရာထူးအတွက် ရွေးချယ်သွားမည်ဖြစ်သည်။ The post ဦးထင်ကျော် ရာထူးမှ နုတ်ထွက်ခြင်းမှာ ကျန်းမာရေးကြောင့် မဟုတ်ဟု ဒေါ်စုစုလွင် ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2uin3OO
via IFTTT
No comments:
Post a Comment