ဆင်ပစ်မုဆိုးအဖွဲ့ ငပုတော သစ်တောရဲ ဖမ်းဆီး ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ တောဆင်ရိုင်းများ ပစ်ခတ်သတ်ဖြတ်ရန် လာရောက်သည့် ဆင်ပစ်မုဆိုး အဖွဲ့အား သစ်တောရဲများ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က မတ်လ ၉ ရက်နေ့က ဖမ်းဆီးခဲ့သည်။ ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စုရှိ မြစ်တရာကြိုးဝိုင်းအတွင်း ဆင်ပစ်မုဆိုးများ ရောက်ရှိ နေကြောင်း သတင်းရ သည့်အတွက် သစ်တောရဲတပ်ဖွဲ့၊ ငရုတ်ကောင်းနယ်မြေ ရဲတပ်ဖွဲ့၊ သစ်တော ဌာန၊ တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးး၊ ဆင်ချစ်သူများအဖွဲ့နှင့် EERU ဆင်ဖမ်းအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ ဆင်ပစ်မုဆိုး ၂ ဦးကို ဖမ်းဆီးရမိပြီး၊ ကျန်တဦး မှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း သိရသည်။ “ဆင်ပစ်အဖွဲ့ ရောက်နေတဲ့ သတင်းရလို့ ပူးပေါင်းအဖွဲ့နဲ့ သွားဖမ်းတာ မုဆိုး ၂ ယောက်ကို ဆင်ပစ်တဲ့ နေရာမှာ အသုံးပြု တဲ့ ပစ္စည်းတွေနဲ့ အတူဖမ်းမိခဲ့တယ်။ မုဆိုးတဦးကတော့ ထွက်ပြေးသွားလို့ ဖမ်း ဆီးနိုင်ရေး ဆက်လုပ်နေပါတယ်။ကျနော်တို့ ဒေသမှာ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရမှု ကြိုတင် ကာကွယ်တားဆီးရေး စီမံချက်အရ ဆင်ပစ်မုဆိုးအဖွဲ့ကို လက်ဦးမှု ရယူပြီး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါ တယ်”ဟု တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ဧရာဝတီကို ပြောသည်။ ဖမ်းဆီးရမိသူ ၂ ဦးမှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ပေါ်တော်မူကျေးရွာမှ မင်းမင်း (အသက် ၃၂ နှစ်)၊ ငပုတောမြို့ နယ် တင်းချောင်းအုပ်စု ငရုတ်ကောင်းတောင် ကျေးရွာမှ စပွားပွား(၂၈ နှစ်) တို့ဖြစ်ပြီး မကွေးတိုင်း မင်းတုန်းမြို့ အမှတ် ၄ ရပ်ကွက်မှ ကျော်ဝင်းဆိုသူမှာ ထွက်ပြေးလွတ်မြောက် နေဆဲ ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသူ မုဆိုး ၂ ဦးနှင့်အတူ တောဆင်ရိုင်းများ ပစ်ခတ်သတ်ဖြတ်ရာတွင် အသုံးပြုသည့် တူမီး သေနတ်ပြုလုပ်သော ဆက်စပ်ပစ္စည်းများ၊ ပြောင်းဝကျယ် သံပိုက်လုံးများ၊ သံဘောစိများ၊ သစ်သား မြား၊ ယမ်းခွေများနှင့် အခြားသော ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရ သည်။ “မုဆိုးအဖွဲ့တွေကို ဆင်တွေမပစ်မီ မသတ်ဖြတ်နိုင်မီ ဖမ်းဆီးနိုင်ရေးက အရမ်းအရေးကြီးပါတယ်။ ဘာလို့ဆိုတော့ အရွယ် ရောက်ပြီး ဆင်တကောင် အသတ်ခံလိုက်ရရင် ဒီအသက်အရွယ်ရှိတဲ့ ဆင်တ ကောင်ပြန်ဖြစ်လာဖို့ မလွယ်ပါဘူး။ ဆယ်စု နှစ်နဲ့ချီကြာမြင့်ပါတယ်။ ဒါကြောင့်လည်း ဆင်ပစ်မုဆိုး တွေ မလှုပ်ရှားမီ ဖမ်းဆီးနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ကျနော့် ပူးပေါင်းကြိုးပမ်း နေကြ တာ ဖြစိပါတယ်”ဟု ငပုတောမြို့နယ် အခြေစိုက် ဆင်ချစ်သူများအဖွဲ့ လက်ထောက် တာဝန်ခံ ကိုစိုင်းဇော်ဦးက ပြောသည်။ ဖမ်းမိသူ ဆင်ပစ်မုဆိုး ၂ ဦးဖြစ်သည့် တောင်ကုတ်မြို့နယ်မှ မင်းမင်းနှင့် ငပုတောမြို့နယ်မှ စပွားပွား တို့အား ငရုတ်ကောင်းနယ်မြေရဲစခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားပြီး ဥပဒေအရ အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ဆင်သတ်မုဆိုးများလက်ချက်ဖြင့်ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ပုသိမ်၊ ငပုတော၊ သာပေါင်း ဒေသတို့မှ တောဆင်ရိုင်း ၁၃ ကောင် သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ဧရာဝတီတိုင်းမှာ မြန်မာနိုင်ငံတွင် တောဆင်ရိုင်း အများဆုံး သတ်ဖြတ်ခံနေရသည့် ဒေသတစ်ခုအဖြစ် တည်ရှိနေသည်။ The post ဆင်ပစ်မုဆိုးအဖွဲ့ ငပုတော သစ်တောရဲ ဖမ်းဆီး appeared first on ဧရာဝတီ.
Source : http://ift.tt/2Gdt0Pv
via IFTTT
No comments:
Post a Comment