မစ်ဒယ်ဘရော့ အသင်းကို ပိုင်တဲ့ မစ်ဒယ်ဘရော့မြို့သားစစ်စစ် စတိဗ်ဂစ်ဘ်ဆင် အမည် အရင်းက Stephen Gibson ဖြစ်ပေမယ့် အများစုကတော့ စတိဗ် (Steve) လို့ပဲခေါ်ကြပါတယ်။ သူ့ကို အင်္ဂလန် နိုင်ငံ၊ မစ်ဒယ်ဘရော့မှာ ၁၉၅၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က မွေးပါတယ်။ စတိဗ် အတွက် ဂုဏ်ယူစရာ ကောင်းတာက မစ်ဒယ်ဘရော့မြို့သား ဖြစ်ပြီး အခုလည်း မြို့ခံမစ်ဒယ်ဘရော့ ဘောလုံးအသင်း (Middlesbrough Football Club) ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ် အတွင်း Sunday Times ကနေဖော်ပြတဲ့ အချမ်းသာဆုံး စာရင်းမှာ သူက ၄၅၁ ဦးမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ် ပါရှိခဲ့ပြီး အဆိုပါ အချိန်ကတည်းက ပေါင် ၁၆၅ သန်းထိ ကြွယ်ဝသူ တဦး ဖြစ်ခဲ့ပါတယ်။ အဓိက အနေနဲ့ သူ့ကို လူသိများတဲ့ အကြောင်းအရင်းက နိုင်ငံရေးလည်း လုပ်တယ်၊ စီးပွားရေး လုပ်ငန်းမှာလည်း အောင်မြင်သလို လူသိများတဲ့၊ ယခင် အသင်းလတ် တသင်းအဖြစ် သတ်မှတ်နိုင်တဲ့ မစ်ဒယ်ဘရော့ကို ပိုင်ဆိုုင်ထားလို့ ဖြစ်ပါတယ်။ သူက ကိုယ်ထူးကိုယ်ချွန် သမားတယောက်ပါ။ မစ်ဒယ်ဘရော့မြို့က အခြေခံကျောင်း St Pius X Primary ကျောင်းမှာ စနေတယ်။ နောက်တော့ St Mary’s College မှာ တက္ကသိုလ် ဆက်တက်ခဲ့တယ်။ ၁၉၇၉ ခုနှစ် ရောက်တော့ သူက မစ်ဒယ်ဘရော့မြို့မှာ အသက် အငယ်ဆုံး အလုပ်သမားရေးရာ ကိုယ်စားလှယ် ဖြစ်လာပါတယ်။ ပြောရရင်တော့ Park End မဲရွေးချယ်ပွဲမှာ သူ့ အသက် ၂၁ နှစ် မှာပဲ ရွေးချယ် တင်မြှောက်ခံရတာပါ။ ကျောင်းပြီးလို့ အလုပ်သမားရေးရာ ကိုယ်စားလှယ် ဖြစ်လာတာက သူ့ကို နိုင်ငံရေးနယ်ပယ်မှာ လူသိများလာစေသလို တဖက်က စီးပွားရေးနယ်မှာ ဆိုရင်လည်း ၁၉၈၁ ရောက်တော့ စတိဗ်က Bulkhaul Limited ကို စတင် တည်ထောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီက ကမ္ဘာ့အနှံ့အပြားကို မီးလုံးထုတ်လုပ်မှု အတွက် အဓိက လိုအပ်တဲ့ အရည်၊ အမှုန့်နဲ့ ဓာတ်ငွေ့တွေ ပို့ဆောင် ရောင်းချတဲ့ လုပ်ငန်းပါ။ တကယ်ဆိုရင် အခုကုမ္ပဏီကို စတင် တည်ထောင်ဖို့ စတိဗ်က သူ့အဖေဆီကနေ ပေါင် ၁၀၀၀ ချေးပြီး လုပ်ခဲ့တာပါ။ ရုံုးကို အင်္ဂလန်မှာ နာမည်ကြီးတဲ့ Bulkhaul စင်တာမှာ ထားရှိလုပ်ကိုင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ဥရောပ၊ အတ္တလန်တိတ် နဲ့ ပစိဖိတ်နယ်တွေမှာ သူ့ရဲ့ လုပ်ငန်းက အောင်မြင်မှု အထူးရခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုရဲ့ အဓိက အကြောင်းအရင်းမှာလည်း သူက ပစ္စည်းပေးပို့ ရောင်းချမှုကို ခေတ်မီကွန်ပျူတာ နည်းပညာရော သယ်ယူပို့ဆောင်ရေး ယာဉ်ကောင်းကောင်းတွေကိုပါ သုံးခဲ့လို့ တိကျ သေချာပြီး ဝယ်လက်တွေရဲ့ စိတ်ကြိုက် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ သိရသလောက် ကမ္ဘာ့ အဆင့် ၁ ဓာတုဗေဒ လုပ်ငန်းနဲ့တောင် အရင်းနှီးဆုံး တွဲဖက် လုပ်ကိုင်တာတွေ ရှိခဲ့တယ် လို့ ဆိုပါတယ်။ ပစ္စည်း ထုတ်လုပ်တာကိုတော့ နောက်ပိုင်းမှာTeesside မှာပြောင်းရွှေ့လုပ်ကိုင်ပေမယ့် ရုံုးချုပ်ကတော့ အခုထိ မစ်ဒယ်ဘရော့မှာပဲ ထားရှိလုပ်ကိုင်နေဆဲပါ။ နောက်တော့ သူက Gibson O’Neill Company Ltd မှာလည်း ရှယ်ယာ ၇၅ ရာခိုင်နှုန်းလောက်ထိ အများဆုံးထည့်ဝင် ထားတာတွေ့ရပါတယ်။ သိရသလောာက် ဒီလုပ်ငန်းက နှစ်စဉ် ဝင်ငွေ ပေါင် ၁၉၇ ဒသမ ၆၉ သန်းထိ ရှိပြီးအသားတင် အမြတ် ပေါင် ၂၉ ဒသမ ၇၂ သန်းထိ ရနေတာ ဖြစ်တယ် လို့ သိရပါတယ်။ ဒီလုပ်ငန်းစုက စတိဗ် တဦးတည်းပိုင် Bulkhaul နဲ့ မစ်ဒယ်ဘရော့အသင်းတွေ အပြင် Rockliffe Hall Hotel ကိုပါ ပိုင်ဆိုင်ထားပြီး လုပ်ငန်းအားလုံးကို စုပေါင်းဦးစီး လုပ်ကိုင်နေတဲ့ လုပ်ငန်းစုလည်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းစုက ၂၀၁၅ ခုနှစ် ကနေ စတင်ပြီး တနှစ်ကို အမြတ်ငွေ ၅ းသမ ၉ သန်းလောက် ရှိနေရာကနေ ၂၃ ဒသမ ၇ သန်းထိ ခုန်တက်သွားပြီး အခုတော့ စတိဗ်က ပေါင် သန်းရာချီချမ်းသာသူ၊ နှစ်စဉ် ပေါင် သန်းဆယ်နဲ့ ချီပြီး ဝင်ငွေ ရှိနေသူ ဖြစ်နေပါပြီ။ The Boro လို့ နာမည်ပြောင်ခေါ်တဲ့ မစ်ဒယ်ဘရော့အသင်းနဲ့ စတိဗ် ပတ်သက်မှုက မြို့ခံအသင်းဖြစ်လို့ သူက အသင်းရဲ့ ထာဝရ ပရိတ်သတ် တယောက် ဖြစ်နေခဲ့တာ က စပါတယ်။ အသင်းကို Willie Maddren နည်းပြနေချိန်၊ စတိဗ်အသက် ၂၆ နှစ်မှာအသင်းရဲ့ အသက်အငယ်ဆုံး ဒါရိုက်တာတယောက် အဖြစ် ချိတ်ဆက်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ရောက်တော့ Scottish & Newcastle ဆီက အသင်းရှယ်ယာတချို့ စတင် ဝယ်ယူခဲ့ပါတယ်။ ဒီလိုနဲ့ ရှယ်ယာတွေ လိုက်ဝယ်ထားလိုက်တာ ၁၉၉၄ ရောက်တော့ ပိုင်ဆိုင်မှု ၉၀ ရာခိုင်နှုန်းထိ ရှိလာပြီး အသင်းဥက္ကဌ ရာထူးကိုပါ ရယူလာနိုင်ပါတော့တယ်။ ၁၉၉၅ ခုနှစ် ရောက်တော့ အသင်းကိုယခင် အိမ်ကွင်း AyresomePark ကနေလုံးဝအသစ် တည်ဆောက်ထားတဲ့ ကွင်းသစ် Riverside Stadium ကို ပြောင်းလဲ ကစားစေခဲ့ပါတယ်။ နာမည်ကြီး ကစားသမားတွေကို ခေါ်ဖို့ အသုံးစရိတ်လည်း ပိုချပေးခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ နည်းပြ ဘရိုင်ယန်ရော့ဘ်ဆင် (Bryan Robson) ကို ခေါ်ယူပြီး အားဖြည့်လာသလို ရလဒ်ကတော့ ၁၉၉၇-၉၈မှာ ၂ နှစ် အတွင်း ဝင်ဘလေဖလား ဗိုလ်လုပွဲထိ ၃ ကြိမ် ရောက်သည် အထိ ရလဒ်တွေ ပြန်ကောင်းလာပါတယ်။ နည်းပြ ဘရိုယန်ရောဘ်ဆင် ထွက်သွားတော့ နောက်ထပ် စတိဗ်မက်လာရင်း (Steve McLaren) ရောက်လာပါတယ်။ သူ့ လက်ထက် ၂၀၀၄ ခုနှစ်မှာ အသင်းက ၁၂၈ နှစ်တာကာလအတွင်း ပထမဆုံးဆုဖလား League Cup ကို စတင်ရခဲ့ ပါတယ်။ UEFA ဖလားဗိုလ်လုပွဲထိ ရောက်ခဲ့ပါသေးတယ်။ အဆိုပါ အချိန်ကတည်းက စတိဗ်က အသင်းကို ဥရောပပွဲတွေမှာ အမြဲကစားရစေချင်တယ် လို့ ဆိုခဲ့ပါတယ်။ ဒီလို အသင်းကို အောင်မြင်အောင် လုပ်ဆောင်မှုရော ပေါင် ၁၀၀၀ ကနေ သန်းကြွယ်သူဌေး ဖြစ်လာတာ အတွက်ပါ ဗြိတိသျှ အင်ပါယာကနေ ပေးအပ်တဲ့ Order of the British Empire (OBE) ဆုကို ၂၀၁၆ ခုနှစ်မှာရခဲ့ပါတယ်။ ဒါဟာ မစ်ဒယ်ဘရော့ကို အသင်းသမိုင်းတလျှောက် ပထမဆုံး League Cup ရယူစေနိုင်ခဲ့သူ၊ ဥရောပပွဲစဉ် ကစားခွင့် ရစေခဲ့သူ၊ UEFA Cup ကို ဗိုလ်လုပွဲ ရောက်ပြီး ဒုတိယ နေရာထိ ရောက်စေခဲ့သူ၊ အသင်းကို အကောင်းဆုံး ထောက်ပံ့ပေးခဲ့သူ ကိုယ်ထူးကိုယ်ချွန်သမား စတိဗ် အကြောင်းတစေ့တစောင်းပါ။ Ref: en.m.wikipedia.org The post မစ်ဒယ်ဘရော့ အသင်းကို ပိုင်တဲ့ မစ်ဒယ်ဘရော့မြို့သားစစ်စစ် စတိဗ်ဂစ်ဘ်ဆင် appeared first on ဧရာဝတီ.
Source : http://ift.tt/2FuoCdJ
via IFTTT
No comments:
Post a Comment