အလုပ်သမား ဆန္ဒပြမှုများက တိုင်းပြည် မတည်ငြိမ်မှုကို ပေါ်ပေါက်စေနိုင်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော အလုပ်သမား ဆန္ဒပြမှုများသည် တိုင်းပြည်မတည်ငြိမ်မှုကို ပေါ်ပေါက်စေနိုင်သော တွန်းအားတခု ဖြစ်သဖြင့် ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေနှင့် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်နေကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။ ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံး တွင် မတ်လ ၇ ရက်က ပြုလုပ်သော ၁၅ ကြိမ်မြောက် ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး ကော်တီ ဥက္ကဋ္ဌ ဒု သမ္မတ ဦးမြင့်ဆွေ နှင့် ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ၌ ဝန်ကြီးချုပ်က ပြောခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက“ဆန္ဒပြမှုတွေကနေ တိုင်းပြည် မတည်ငြိမ်မှုကို အလုပ်သမား ဘက်ကနေ ပေါ်ပေါက်လာ နိုင် တဲ့ တွန်းအားတခု ဖြစ်သွားနိုင်ပါတယ်။ ဒီအခြေအနေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အတွက်လည်း အလား အလာ ကောင်း မဟုတ်သလို။ စက်ရုံ အလုပ်ရုံတွေ အတွက်လည်း နိုင်ငံခြားကို ပစ္စည်းတင်ပို့တဲ့ အခါမှာ မဖြစ်ဘူးလို့ ကျနော်ပြောပါရစေ။ ဒါဟာ သိပ်အရေးကြီးတယ်။ ဒါကြောင့်မို့ ကျနော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ သိမ်သိမ် မွေ့မွေ့ ကိုင်တွယ်နေပါတယ်”ဟု ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း အလုပ်သမား ဆန္ဒပြတောင်းဆိုမှု များနေပြီး ဆန္ဒပြမှုများတွင် အလုပ် သမား သမဂ္ဂများ၏ ပါဝင်ပတ်သက်မှုများ၊ အလုပ်ရှင်များ၏ ဖြေရှင်းဆောင်ရွက်မှုများ ရှိနေသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ် လက်ထက် ၂ နှစ် ကာလအတွင်း အင်အားသုံး ဖြိုခွင်း ဆောင်ရွက်သည့် အခြေအနေ လုံးဝမရှိခဲ့ကြောင်းလည်း ဆိုသည်။ “ပြဿနာရပ်တိုင်းဟာ ပြေလည်မှုရယူသည်အထိ ကျနော်တို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ အလုပ်ရှင်တွေ ဘက်က အစိုးရကို အင်အားသုံးပြီး ဖြေရှင်းပေးပါလို့ တောင်းဆိုမှုတွေရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဥပဒေ ချိုးဖောက်နေပါတယ်။ ကျနော်တို့ ဥပဒေ ချိုးဖောက်ရင် ဥပဒေ နဲ့ အညီ အရေးယူပါ့မယ်။ အင်အားသုံးတာနဲ့ ဥပဒေနဲ့ အညီ အရေးယူတာနဲ့ မတူညီဘူးလို့ ကျနော် ဒီနေရာမှာ ပြောပါရစေ။ ဘာကြောင့်လဲ ဆိုတော့ အလုပ်ရှင်ဘက်က အလုပ်သမား ဆန္ဒပြမှုကို ငါတို့ဘက်ကနေ အစိုးရက ရဲနဲ့ ဝင်မရိုက်ပေးဘူးလား ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့တော့ အစိုးရ ဆီကနေ မတောင်းဆိုသင့်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောပါရစေ”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ တိုင်းပြည်၏ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာစေရန် လုပ်ဆောင် သည့် နေရာတွင် အလုပ်ရှင်နှင့် အလုပ်သမားကြား မှန်ကန်သော နှစ်ဖက်ဆက်ဆံရေး ပူးပေါင်းမှုတခု ရှိရမည်ဟုလည်း ဆိုသည်။ ထိုကြောင့် အလုပ်သမား သမဂ္ဂများ အနေနှင့် ၎င်းတို့၏ အခန်းကဏ္ဍကို အလုပ်သမား လှုပ်ရှားမှုများတွင် ပုံဖော် လုပ် ဆောင်လာသည့် ပုံစံမျိုးများကို တွေ့ရှိနေရသဖြင့် ယင်းအခြေအနေများကို တိုင်းအစိုးရက ဥပဒေနှင့် အညီ ထိန်းသိမ်း ဆောင်ရွက် သွားမည် ဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က“တဖက်ကနေပြီး အလုပ်ရှင်တွေနဲ့ အလုပ်သမားကြားမှာ အခုဖျန်ဖြေ ညှိနိူင်း ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်တဲ့ တော်တော်များများက ဒီနေ့ဆို ပြေလည်မှု ရနေတဲ့ အခြေအနေကိုလည်း တွေ့နေရပါတယ်။ ဒါဘာကြောင့် ပြေလည်မှုရတာလဲ ဘယ်လိုရလဒ်တွေက ညှိနိူင်းမှုတွေ အဆင်ပြေ ရတာလဲ ဆိုတာ ကျနော်တို့ လေ့လာစမ်းစစ်ဖို့ လိုအပ်မယ်။ ဘာကြောင့်လဲဆို ပြေလည်သွားတာ အကြောင်းမဲ့ ပြေလည် သွားတာ မဟုတ်ဘူး။ ညှိနိူင်း ဆောင်ရွက်လိုက်တဲ့ နေရာမှာ နှစ်ဖက်စလုံး ဆောင်ရွက်ပေးရမယ့် အကြောင်း တရားတွေရှိတယ်။ ဒီအခြေအနေကို အဖြေထုတ်နိုင်မှ မှန်ကန်တဲ့ ပုံစံတခုဖြစ်မှာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်က “ဘာကြောင့် ကိုင်တွယ်လဲ ဆိုရင် ကျနော်တို့ရဲ့ လုပ်ငန်းရှင်တွေရဲ့ထွက်ကုန်တွေကို နိုင်ငံ တကာက အသိအမှတ် ပြုနိုင်ဖို့အတွက် အလုပ်သမားကို ကျနော်တို့ ဖိနှိပ်ထားခဲ့တယ်လို့ ဆိုလို့ရပါတယ်။ ဒီအခြေ အနေ ကို မကိုင်တွယ်တတ်ရင် ကျနော်တို့ ရထားတဲ့ အခွင့်အရေးတွေ ဆုံးရူံးသွားရမယ်”ဟုလည်း ပြောဆိုသည်။ ထို့အပြင် လုပ်ငန်း လုပ်ကိုင်သူများနှင့် စက်ရုံ၊ အလုပ်ရုံအများဆုံး ရှိသောမြို့သည် ရန်ကုန်ဖြစ်သဖြင့် အထက်ပါ အခြေ အနေများကို စနစ်တကျ ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက “အခုကျနော်တို့ ၂၀၁၇ ခုနှစ် နှစ်ကုန် ၂၀၁၈ ခုနှစ် မှာ စတင်ပြီးတော့ တင်ပြထားတဲ့ ပိတ်ဆို့ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။ ဒါတွေကလဲ ပျံ့နှံ့ပြီးတော့ ဇုန် တွေမှာ ဖြစ်ပေါ်နေပါတယ်။ အဲဒီတော့ ဒီနေရာမှာ ကျနော်တို့က ဥပဒေပြင်ပ၊ ဥပဒေဘောင်တွေ ကျော်လွန်တာတွေ ကိုပဲ တားဆီး ဖို့ အတွက်၊ အရေးယူဖို့အတွက် ကျနော်တို့ တောင်းဆိုခြင်း ဖြစ်တယ်။ ကျနော်တို့ ဥပဒေနဲ့အညီ ဆန္ဒပြ ခြင်း၊ ဖွဲ့စည်းခြင်း ကို ကန့်ကွက်ခြင်း မရှိပါဘူး”ဟု ပြောသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၌ ဥပဒေပြင်ပ ဆန္ဒပြမှုများရှိပြီး စက်ရုံ စီမံအုပ်ချုပ်သူများကို နေ့ရော ညပါ ထွက်ခွင့်မရအောင် ပိတ်ဆို့ထားခြင်း၊ အလုပ်လုပ်ကိုင်လိုသော အလုပ်သမားများ၏ လုပ်ငန်းခွင် ဝင်ရောက်မှုကို တားဆီးခြင်း၊ အကျပ်ကိုင်ခြင်းနှင့် သွေးထွက်သံယို ဖြစ်စေသည်အထိ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း တို့ကိုပါ ပြုလုပ်လျက်ရှိသည်ဟု အထည်ချုပ်လုပ်ငန်းရှင် တဦးလည်း ဖြစ်သည့် ဦးမြင့်စိုးက ဆွေးနွေးပွဲတွင် တင်ပြသည်။ ပိတ်ဆို့ ဆန္ဒပြမှုများကြောင့် ကုန်ထုတ်လုပ်မှုများ ကျဆင်းခြင်း၊ ထုတ်ကုန်များ အချိန်မီ တင်ပို့နိုင်မှု မရှိခြင်း၊ နိုင်ငံခြား ဝယ်လက် (Buyer)များမှ အမှာစာ (Order)များ ရပ်တန့်သွားခြင်း၊ ရပ်တန့်တော့မည်ဟု အကြောင်းကြား စာများ ပေးပို့ လာခြင်း များကြောင့် အစိုးရ အနေဖြင့် အလုပ်ရှင် အလုပ်သမားများကြား မျှတစွာ ဥပဒေနှင့် အညီ အမြန်ဆုံး အရေး ယူ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်းလည်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်း တတိုင်းလုံးတွင် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုသည် ရာဂဏန်း ဝန်းကျင်အထိ ရှိပြီး အထည်ချုပ် စက်ရုံများတွင် အများဆုံးဖြစ်ကြောင်း၊ မြန်မာ တနိုင်ငံလုံးတွင်၂၀၁၇ ခုနှစ် တနှစ်လုံး အတွက် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ၆၀၀ ကျော်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။ The post အလုပ်သမား ဆန္ဒပြမှုများက တိုင်းပြည် မတည်ငြိမ်မှုကို ပေါ်ပေါက်စေနိုင်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2oXgLP1
via IFTTT
No comments:
Post a Comment