လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ မွတ်စလင်နေအိမ်တချို့ တိုက်ခိုက်ခံရ ဧရာဝတီတိုင်း ဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာတွင် အစ္စလမ်ဘာသာဝင် လူငယ်တဦးနှင့် ဗုဒ္ဓဘာသာ အမျိုးသမီးငယ်တဦး ခိုးပြေးသည့်ကိစ္စကို အကြောင်းပြု၍ မွတ်စလင်လူမျိုးများ၏ နေအိမ် တချို့အား ဒေသခံများက လူအုပ်စုဖြင့် ဝိုင်းဝန်း တိုက်ခိုက်မှု မတ်လ ၂၀ ရက်နေ့ညက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အိုင်သပြုကျေးရွာမှ အသက် ၂၂ နှစ်အရွယ် အစ္စလမ်ဘာသာဝင် လူငယ်တဦးနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးငယ်တို့မှာ လူငယ်သဘာ၀ ချစ်ကြိုက်ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကခိုးပြေးခဲ့ကြကြောင်း၊ မိန်းကလေး၏ မိဘများက မိမိတို့ သမီးအား ရပ်ရွာဓလေ့ ထုံးစံအရ မိဘထံပြန်လည်အပ်နှံ၍ မင်္ဂလာဆောင် လက်ထပ် ထိမ်းမြားခြင်းများပြုလုပ်ပေးရန် တောင်းဆိုသည်ကို အချိန် ၁ လကျော်ကြာသည်အထိ ယောက်ျားလေး ဘက်မိဘဆွေမျိုးများက ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် အိုင်သပြုကျေးရွာ ဒေသခံများက ဒေါသပေါက်ကွဲ၍ ယခုကဲ့သို့လူအုပ်စုဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြကြောင်း အိုင်သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောသည်။ ထိခိုက်ပျက်စီးခဲ့သည့် အိုင်သပြုကျေးရွာမှ မွတ်စလင်နေအိမ်တစ်ခု /Myanmar Muslim Media “အခင်းဖြစ်တဲ့ အချိန်က ည ၉ နာရီ ၄၅ မိနစ်လောက်မှာ ဖြစ်ပြီး ၁၀ နာရီလောက်မှာ ပြီးသွားတယ်။ ခန့်မှန်းချေ လူ ၃၀ လောက်ရှိတဲ့ လူအုပ်က အာမက်ခန်းတို့ ခိုးပြေးနိုင်အောင် ကူညီပေးတဲ့ သူ့သူငယ်ချင်းတွေနဲ့ မွတ်စလင်မိသားစု ၄ စု နေအိမ်တွေကို ခဲနဲ့ ဝိုင်းထုကြတာ။ ကားလေး ၁ စီးရဲ့နောက်ခန်းနဲ့ ကားခေါင်းခန်းကြား ကာထားတဲ့ ကားမှန်တချပ်ကွဲတယ်၊ နေအိမ် ၃ လုံးထိခိုက်ပျက်စီးတယ်။ လူတဦးတယောက်မှ ဒဏ်ရာရတာမရှိဘူး” ဟု ဦးခင်ဇော်က ဧရာဝတီကို ပြောသည်။ ထိခိုက်ပျက်စီးခဲ့သည့် အိုင်သပြုကျေးရွာမှ မွတ်စလင်နေအိမ်တစ်ခု /Myanmar Muslim Media အင်အား ၃၀ ခန့်ရှိသည့် လူအုပ်စုက ခဲများ၊ တုတ်တိုတုတ်စများဖြင့် ပစ်ခတ်မှုကြောင့် အိုင်သပြုကျေးရွာမှ ဦးတူတူးမောင်၏ နေအိမ်ရှေ့တွင် အဖီဆွဲ တည်ဆောက်ထားသော ဈေးဆိုင်အမိုး ပြိုကျခဲ့ပြီး ဦးဘိုဘို၏ ဈေးဆိုင်ရှေ့တွင် ကာရံထားသော သွပ်ပြားတံခါးများ ပေါက်ပြဲပျက်စီးခဲ့ကြောင်း၊ မှန်ဘီရိုတလုံးနှင့် ရေခဲသေတ္တာတလုံးလည်း ခဲမှန်သဖြင့် ထိခိုက်ပျက်စီးခဲ့ပြီး ဦးကျော်မင်းဟန်၏ Hijet ကားနောက်ခန်းနှင့် ခေါင်းခန်းကြား ကာရံထားသော မှန်တချပ် ကွဲကြေပျက်စီးခဲ့ကြောင်း အိုင်သပြုရဲစခန်းမှ သိရသည်။ အိုင်သပြု စခန်းမှူး ရဲအုပ်ဇော်ထွန်းက “ကျနော်တို့ သတင်းကြားကြားချင်း အဓိကရုဏ်း နှိမ်နင်းတဲ့ လက်နက်ပစ္စည်းတွေနဲ့ စခန်းကရှိသမျှ အင်အားနဲ့ အခင်း ဖြစ်နေရာကို သွားခဲ့တယ်။ အခင်းဖြစ်နေရာ ရောက်တော့ လူတွေ တယောက်မှ မတွေ့ တော့ဘူး။ သူတို့ ပစ်ထားတဲ့ခဲတွေ တွေ့လို့ ရဲလုပ်ထုံးလုပ်နည်းနဲ့ အညီရှာဖွေပုံစံ သိမ်းဆည်းခဲ့တယ်။ ပြီးတော့ ညဘက်မှာ တိုက်ခိုက်မှုတွေ ထပ်ဖြစ်မှာစိုးတဲ့အတွက် အိုင်သပြုအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး အခင်းဖြစ်တဲ့ ဒေသမှာ တညလုံး လုံခြုံရေး ယူပေးခဲ့တယ်” ဟု ပြောသည်။ ထိခိုက်ပျက်စီးခဲ့သည့် အိုင်သပြုကျေးရွာမှ မွတ်စလင်နေအိမ်တစ်ခု /Myanmar Muslim Media အခင်းဖြစ်ပွားချိန်တွင် ကာယကံရှင် အစ္စလမ်ဘာသာဝင် လူငယ်တဦးနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးငယ်တို့မှာ ဘေးလွတ် ရာတွင် ရှောင်ပုန်းနေကြကြောင်းသိရပြီး အခင်းဖြစ်ပွားမှုများ အပြီးတွင် ခိုးရာလိုက်ပြေးသည့် အမျိုးသမီးက လူမှု ဆက်သွယ်ရေး ကွန်ရက် Facebook မှ တဆင့် ၎င်းချစ်သူနှင့် နှစ်ဦးသဘောတူ ချစ်ကြိုက်၍ ခိုးပြေးခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။ ထိခိုက်ပျက်စီးခဲ့သည့် အိုင်သပြုကျေးရွာမှ မွတ်စလင်နေအိမ်တစ်ခု /Myanmar Muslim Media အွန်လိုင်း မီဒီယာတစ်ခုဖြစ်သည့် Myanmar Muslim Media တွင် နေအိမ်များ ဖျက်ဆီးခံရသည့် ကိစ္စကို မွတ်စလင်များ အနေဖြင့် အမှုမဖွင့်ကြရန် အိုင်သပြုစခန်းမှူးရဲအုပ် ဇော်ထွန်းနှင့် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်တို့က တိုက်တွန်းခဲ့သည်ဟု ရေးသားဖော်ပြထားချက်မှာ လုံးဝမှားယွင်းနေကြောင်း အိုင်သပြု စခန်းမှူးကပြောသည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးရော၊ မြို့နယ်ရဲမှူးရောသူတို့ (မွတ်စလင်မိသားစုများ) ကို ပြောတယ်။ ဒီကိစ္စကို အမှုဖွင့်ချင်တယ်ဆိုရင် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားပါလို့ ညကတည်းက ပြောတယ်။ ညကလည်း အမှုလာမဖွင့်ဘူး။ မနက်မိုးလင်းတော့လည်း သူတို့ရပ်ကွက်က ရာအိမ်မှူး ဦးအလတ်ကောင်ကိုရော၊ ကာယကံရှင် မိသားစုတွေကိုရော အမှုလာဖွင့်ပါလို့ ခေါ်တာ ၂ ကြိမ်ရှိပြီ၊ အခုချိန် အထိ အမှုလာမဖွင့်ဘူး။ အဲဒီတော့ ကျနော်တို့က အမှုဖွင့်မပေးတာ မဟုတ်ဘူး၊ သူတို့ကအမှုကို လာမဖွင့်တာ” ဟု စခန်းမှူးရဲအုပ် ဇော်ထွန်းက ပြောသည်။ အိုင်သပြုရွာတွင် အကြမ်းဖက်မှုများ မဖြစ်စေရေးနှင့် ဒေသတည်ငြိမ်ရေးအတွက် ယနေ့ညပိုင်းတွင် လေးမျက်နှာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲအင်အား ၁၈ ဦးဖြင့် လှည့်ကင်း၊ ရပ်ကင်းများ ဆောင်ရွက်ကာ လုံခြုံရေးရ ယူပေးသွားမည်ဖြစ်ကြောင်း အိုင်သပြုရဲစခန်းမှ သိရသည်။ The post လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ မွတ်စလင်နေအိမ်တချို့ တိုက်ခိုက်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2DKefAK
via IFTTT
No comments:
Post a Comment