ဆော်ဒီက Typhoon ဂျက်လေယာဉ် ၄၈ စင်းကို ဝယ်ရန် သဘောတူညီချက် မူကြမ်းလက်မှတ်ရေးထိုး Eurofighter Typhoon တိုက်ဂျက်လေယာဉ် ၄၈ စင်းကို ဝယ်ယူရန် ဆော်ဒီအာရေ ဗျထံမှ ပေါင်ဘီလျံနှင့်ချီတန်ဖိုးရှိသော ကြိုတင်အမှာစာတစ်ခုတွင် ဗြိတိန်က လက်မှတ်ရေးထိုးခဲ့သည်ဟု စစ်အသုံးအဆောင်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း BAE Systems က မတ် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်မန်၏ သုံးရက်ကြာ ဗြိတိန်ခရီးစဉ်၏ နောက်ဆုံးနေ့တွင် အကျိုးအမြတ်များသော ထိုသဘောတူညီချက်အကြောင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီဘုရင်နိုင်ငံ၏ Vision 2030 စီးပွားရေးစီမံကိန်းအရ ဆော်ဒီ၏ လက်နက်ကိုင်တပ်အား အဆင့်မြှင့်တင်ရေးကို ယခုလေယာဉ်မှာယူမှုက အထောက်အကူပြုနိုင်လိမ့်မည်ဟု BAE Systems ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ သဘောတူညီချက်၏ တန်ဖိုးများကိုမူ အသေးစိတ်ထုတ် ပြန်ခဲ့ခြင်း မရှိပေ။ Eurofighter လေယာဉ်များကို ဥရောပ အကျိုးတူလုပ်ငန်းအဖွဲ့တစ်ခုက ထုတ်လုပ်ခြင်းဖြစ်ပြီး ယင်းအဖွဲ့ထဲတွင် အီတလီမှ Finmeccanica နှင့် ပြင်သစ်-ဂျာမနီအရပ် ဘက်လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း Airbus တို့လည်း ပါဝင်ကြသည်။ ပြီးခဲ့သည့်နှစ်ကလည်း Typhoon ဂျက်လေယာဉ် ၂၄ စင်းကို ဒေါ်လာရှစ်ဘီလျံဖြင့် ဝယ်ယူရန် ကာတာနှင့် သဘောတူညီချက်ရရှိပြီးနောက် ဆော်ဒီနှင့် အရောင်းအဝယ် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ဆော်ဒီအာရေဗျသည် ယခုလေယာဉ် ၄၈ စင်းကို ဝယ်ယူရန် ကာလရှည်ကြာ ဆွေးနွေးခဲ့ပြီးနောက်မှ မှာယူရန် ကြေညာထွက်ပေါ်လာခြင်း ဖြစ်သည်။ ဆော်ဒီ၏ လေတပ်ထဲတွင်လည်း Eurofighter Typhoon လေယာဉ် ၇၂ စင်း ယခင်ကတည်းက ရှိနှင့်ပြီးဖြစ်သည်။ လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်ကမူ နှစ်စဉ်အသားတင်အမြတ်ငွေ လျော့ကျသည့် အကြောင်း BAE က ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ၎င်း၏ အဓိကဈေးကွက်ရှိရာ နိုင်ငံများတွင် ကာကွယ်ရေး ဘတ်ဂျက်များ တိုးချဲ့လိမ့်မည်ဟုလည်း ခန့်မှန်းထားခဲ့သည်။ တစ်စိတ်တစ်ပိုင်းအားဖြင့် Hawk နှင့် Eurofighter Typhoon တိုက်ဂျက်လေယာဉ်များ၏ ဝယ်လိုအားမှာ ကျဆင်းလာမှု အတွက်ပြီးခဲ့သည့် နှစ်နှောင်ပိုင်းကလည်း BAE သည် အလုပ်အကိုင် ၂၀၀၀ ခန့်ကို လျှော့ချရန် စီစဉ်ခဲ့သေးသည်။ သို့သော် မတ် ၉ ရက်က သဘောတူညီချက်သည် အလုပ်အကိုင်ရာပေါင်းများစွာအတွက် လုံခြုံမှုပေးနိုင်လိမ့်မည်ဟု CMC ဈေးကွက်သုတေသီတစ်ဦးဖြစ်သည့် မိုက်ကယ်ဟောဆန်က သုံးသပ်ခဲ့သည်။ ယင်းသဘောတူညီချက်ကြောင့် BAE ၏ ရှယ်ယာများမှာ သုံးရာခိုင်နှုန်း ခုန်တက်လာခဲ့သည်။ ပြင်သစ်လက်နက်လုပ်ငန်းကြီး Dassault မှ ထုတ်လုပ်သော Rafale ဂျက်လေယာဉ်နှင့် ပြိုင်ဘက်ဖြစ်သော Eurofighter Typhoon ၏ အဓိကဖောက်သည် လေးနိုင်ငံမှာ ဩစတြီးယား၊ ကူဝိတ်၊ အိုမန်၊ ဆော်ဒီတို့ ဖြစ်ကြသည်။ Ref ; AFP
Source : http://ift.tt/2oZAkXL
via IFTTT
No comments:
Post a Comment