JMC လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းနေဟု ဗိုလ်ချုပ် စောအိုက်ဇက်ဖိုး ပြော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) တွင် လက်တွေ့ ညှိနှိုင်းအကောင် အထည်ဖော်မှုများ အားနည်းနေဟု JMC-U ဒုဥက္ကဌ (၁) ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက ပြောသည်။ ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးတွင် မတ်လ ၂၁ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) ၏ ၁၅ ကြိမ်မြောက် အစည်းအဝေးတွင် ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက ပြောဆိုသွားခြင်း ဖြစ်သည်။ ဗိုလ်ချုပ် စောအိုက်ဇက်ဖိုး က “လက်ရှိ ကျနော်တို့ရဲ့ JMC အကောင်အထည်ဖော်မှုတွေမှာ NCA ရဲ့ အနှစ်သာရဖြစ်တဲ့ ညှိနှိုင်း အဖြေရှာခြင်း ဆိုတာ JMC လုပ်ငန်းရဲ့ လက်တွေ့ မြေပြင်မှာ ညှိနှိုင်းအကောင် အထည်ဖော်မှု သွားရမယ့် အပိုင်းတွေဟာ အားနည်းနေတာ တွေ့ရပါတယ်။ ညှိနှိုင်းမှုဆိုတဲ့ နေရာမှာ တရားဝင်စာနဲ့ အပြန်အလှန်ပဲ လုပ်နေတာမဟုတ်ဘဲ။ အလွတ် သဘော တွေ့ဆုံညှိနှိုင်းမှုများကိုလည်း လုပ်ရပါမယ်” ဟု ပြောသည်။ ထို့နောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အချက်အလတ်များကို တူညီသည့် အတွေး အခေါ်၊ တူညီသည့် နားလည် သဘောပေါက်မှု၊ တူညီသော မျှော်လင့်ချက်နှင့် ရည်ရွယ်ချက်များရှိရန် လိုအပ်နေကြောင်း၊ ဘုံသဘောတူညီမှု ရယူနိုင်ရန်လည်းအရင် ညှိနှိုင်းရမည်ဟု ၎င်းက ပြောသည်။ JMC ကို အကောင်အထည်ဖော်မှုလမ်းကြောင်းသည် ရှင်းရှင်းလင်းလင်း ဖြစ်နေရန် လိုအပ်ကြောင်း တချိန်တည်းတွင်ပင် ယုံကြည်မှု တည်ဆောက်ခြင်းသည်လည်း အရေးကြီးကြောင်း၊ ထိုသို့ ယုံကြည်မှု တည်ဆောက်ရာတွင် လက်နက်ကိုင် ၂ ဖွဲ့အကြားသာမဟုတ်ဘဲ ဒေသခံ ပြည်သူများလည်း ပါဝင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ထောက်ပြ ပြောဆိုသွားသည်။ JMC-U ဒုဥက္ကဌ(၂) ဦးပြည့်စုံကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပြည်သူများ အားမလိုအားမရဖြစ်နေသည်ကို သတိပြုရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသော အဖွဲ့များအချင်းချင်း ပစ်ခတ်မှု များဖြစ်နေသည်ကို သတိပြုရန် လိုအပ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်ရန် လိုအပ်နေကြောင်းဆိုသည်။ ဦးပြည့်စုံ က “ယုံကြည်မှု တည်ဆောက်ဖို့ အမြဲတမ်းပြောပါတယ်။ သံသယကနေ ပြဿနာလေးတွေ ဖြစ်ပေါ်လာတာဟာ ယုံကြည်မှု အားနည်းလို့ ဖြစ်ပါတယ်။ ဒါကြောင့် အဆင့်ဆင့် တွေ့ဆုံနိုင်အောင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များက စီစဉ် ပေးသင့်ပါတယ်။ တယောက်နဲ့ တယောက် မတွေ့နိုင်တာကို တွေ့ဆုံနိုင်အောင် စီစဉ်ပေးသင့်ပါတယ်။ ဒါကလိုအပ်ချက် တခုအနေနဲ့ ရှိနေပါတယ်” ဟု ပြောသည်။ JMC တွင် နယ်မြေပိုင်ခြားမှုများလုပ် အားနည်းနေသကဲ့သို့ စောင့်ကြည့်ရေးလုပ်ငန်းများတွင်လည်း အားနည်းနေကြောင်း၊ ဖွင့်လှစ်ထားသော ပြည်ထောင်စုအဆင့် JMC-U၊ ပြည်နယ်အဆင့် JMC-S၊ ဒေသန္တာအဆင့် JMC-L တို့၏ ဆောက်ရွက်မှုများ တိမ်မြုပ်နေကြောင်း JMC-U ဒုဥက္ကဌ (၂) က ထောက်ပြသွားခဲ့သည်။ ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက “တဦးပေါ် တဦးအပြစ်တင် တိုက်ခိုက်ခြင်းဟာလည်း ပြဿနာကိုမဖြေရှင်းနိုင်ဘူး။ ပြဿနာကိုပဲ ဖြစ်ပေါ်လာမှာ ဖြစ်လိို့ အငြင်းပွားမှု အရင်းခံ ပြဿနာကိုကျနော်တို့ အတူတကွ ရှာဖွေပြီးဒီအရင်းခံ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက် လိုအပ်ပါက နည်းသစ်၊ လမ်းသစ်တွေကို ရှာဖွေတွေ့ရှိခြင်းကနေ အကောင်အထည် ဖော်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။ လက်ရှိတွင် NCA ထိုးထားသောမွန်ပြည်သစ်ပါတီ(NMSP)နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကြားသစ်ခိုးထုတ်မှုနှင့် နယ်မြေအငြင်းပွားမှု တို့ကြောင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်းက ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့သည်။ အလားတူ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲတွင် တပ်မတော်နှင့် KNU ၏ တပ်မဟာ (၅) တို့ အကြား ယခုနှစ် မတ်လ တတိယ အပတ်က ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ထို့ပြင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲစသည့် မြို့နယ်များတွင် ယခုနှစ် မတ် ၁၀ ရက်မှ ၂၀ ရက်ထိ တိုက်ပွဲ ဖြစ်ပွားနေသည်။ အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုများကို JMC အနေဖြင့် ရပ်တန့်သွားရန် စေ့စပ် ညှိနှိုင်းမပေးနိုင်သကဲ့သို့ တိုက်ပွဲမဖြစ် ပွားရေး စောင့်ကြည့်နိုင်သည့် အခြေအနေလည်း မရှိပဲ ဖြစ်နေကြောင်း၊ အရပ်သားများ ဖမ်းဆီးထောင်ချ ခံနေရမှုများကို မဖြေရှင်းပေးနိုင်ကြောင်း သိရသည်။ The post JMC လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းနေဟု ဗိုလ်ချုပ် စောအိုက်ဇက်ဖိုး ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2ICJGRk
via IFTTT
No comments:
Post a Comment