အမေရိကန်နိုင်ငံ မီချီကန်ပြည်နယ်ရှိ တက္ကသိုလ်ကျောင်းဝင်းတစ်ခုတွင် မိဘနှစ်ပါးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပြီးနောက် သံသယဖြစ်ဖွယ် သေနတ်သမား ဂျိမ်း အီရစ် ဒေးဗစ်ဆိုသူ အသက် ၁၉ နှစ်အရွယ် လူငယ်အား ရဲက လိုက်လံရှာဖွေခဲ့ရပြီး မတ်လ ၂ ရက် မနက်ပိုင်းက စင်ထရယ် မီချီကန် တက္ကသိုလ် ကျောင်းဝင်းအတွင်း စာသင်ခန်းများနှင့် အဆောင်များတွင် ကျောင်းသားများ နာရီပိုင်းမျှ ပိတ်မိနေခဲ့ကြောင်း သိရသည်။ ယင်းနောက် ၎င်းအား အမည်မသိလူတစ်ဦးက တွေ့ရှိခေါ်ဆောင်လာပြီး ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့သည်ဟု သိရသည်။ ယင်းဖြစ်စဥ်တွင် အသတ်ခံလိုက်ရသည့် မိဘများက ဒေးဗစ်အား နွေရာသီကျောင်းပိတ်ရက်အတွက် အိမ်ပြန်ခေါ်သွားရန်အတွက် ၎င်းရှိရာ တက္ကသိုလ်အဆောင်သို့ ရောက်လာချိန် ယခုကဲ့သို့ ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ကနဦးသတင်းများအရ သိရသည်။ ကနဦး စုံစမ်းစစ်ဆေးမှုများအရ မိသားစုတွင်း စကားများ ရန်ဖြစ်ရာကနေ ယခုကဲ့သို့ ခြေလွန်လက်လွန်ဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ မိဘများကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည် ဆိုသည့် ဒေးဗစ်မှာ ယင်း ပစ်ခတ်မှုမတိုင် တစ်ရက်က မူးယစ်ဆေးစွဲမှုကို ကုသမှုခံယူရန် ဆေးရုံသို့ သွားရောက်ထားခဲ့သေးသည်ဟု သိရသည်။
Source : http://ift.tt/2CV4EXA
via IFTTT
No comments:
Post a Comment