မန္တလေး ချမ်းမြသာစည်မြို့နယ်မှ မင်းမင်းဦး(မန္တလေး)ဇာတ်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့ နယ် ၊အင်းတောကျေးရွာသို့ ဇာတ်က သွားရာမှ အပြန် ရပ်စောက်နှင့် နောင်ချိုကားလမ်း၊ မိုင် ၂၀ အနီး၌ မတ် ၉ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဇာတ်အဖွဲ့နှင့်ပစ္စည်းမျာအား တင်ဆောင်လာသည့်ကား ဘရိတ်ပေါက်၍ မြေသားနံရံကို ဝင်တိုက်မိကာ ယာဉ်တိမ်းမှောက်ခဲ့သဖြင့် လူ ၇ ဦးသေဆုံးပြီး၊ အတွင်းလူနာ ၁၇ ဦးရှိကြောင်း မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှ သိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် မင်းမင်းဦး ဇာတ်အဖွဲ့မှ အမျိုးသား ၅ ဦး၊ အမျိုးသမီး တဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ပြင်ဦးလွင်ဆေးရုံမှ မန္တလေးဆေးရုံသို့ အရေးပေါ် လွှဲပြောင်းလာသူ အမျိုးသား တဦးမှာ မတ် ၁၀ ရက်နံနက်အစောပိုင်းက သေဆုံးခဲ့သဖြင့် သေဆုံးသူ ၇ ဦးအထိ ရှိလာကြောင်း၊ ပြင်ဦးလွင်ဆေးရုံတွင် အတွင်းလူနာ ၁၇ ဦး ကုသမှုခံယူနေကြောင်း သိရသည်။ မင်းမင်းဦးဇာတ်အဖွဲ့မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ဆုံးရှုံးမှု များသဖြင့် အင်အားတောင့်တင်းစွာ ပြန်လည်ထူထောင်နိုင်ရန်အထိ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို )မှ ကူညီပံ့ပိုးပေးသွားမည်ဟု သိရသည်။ “ဆိုးရွားတဲ့အတွက် ၇ ဦးသေဆုံးခဲ့ပြီး တော်တော်များများ ဒဏ်ရာရကြလို့ အနီးဆုံးဆေးရုံတွေမှာ ပို့ဆောင်ခဲ့တယ်။ လူနာတွေက ပြင်ဦးလွင်ဆေးရုံမှာ ကုသနေပြီး ဗဟိုအနေနဲ့ ဒီဖြစ်စဉ်ပေါ်မှာ လိုအပ်တာတွေနဲ့ ငွေကြေး ကအစ အကူအညီပေး ထားတယ်။ ဒဏ်ရာရသူတွေ အဆင်ပြေစွာ ကုသနိုင်ဖို့ အကူအညီတွေပေးသွားမယ်။ လက်ခံထားတဲ့ ပွဲလက်ကျန်တွေ ဆက်လက်ကပြနိုင်အောင်လည်းကူညီပေးသွားမယ်”ဟု သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို) ဒု ဥက္ကဌ ဦးနေဝင်းက ပြောသည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားရာသို့ မြန်မာနိုင်ငံ သဘင်ပညာရှင်မျ ားအစည်းအရုံး(ဗဟို) အတွင်းရေးမှူး ဦးမိုးဝင်းနှင့် မန္တလေးတိုင် းသဘင်ပညာရှင်များအစည်းအရုံး၊ မန္တလေးတိုင်း သဘင်ပညာရှင်များ လူမှုကူညီစောင့်ရှောက်ရေးအသင်းတို့ ညတွင်းချင်း သွားရောက်၍ လိုအပ်မှုများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယခုဖြစ်စဉ်ကြောင့် သေဆုံးသူများအတွက် တိုင်း သဘင် လူမှုကူညီစောင့်ရှောက်ရေးအသင်းက တဦးလျှင် ကျပ်တသိန်းစီနှင့် အလှူရှင်တဦးက လှူဒါန်းမှု ကျပ် ၂သိန်းနှုန်းဖြင့် ကျပ်သုံးသိန်းစီ၊ မန္တလေးတိုင်း သဘင် ပညာရှင်များအစည်းအရုံးမှ တဦးလျှင် ကျပ်တသိန်းစီ၊ သဘင်ပညာများအစည်းအရုံး(ဗဟို)မှ ကျပ်တသိန်းစီထောက်ပံ့ခဲ့ရာ သေဆုံးသူတဦးလျှင် ၅ သိန်းစီထောက်ပံ့ပေးထားကြောင်း သိရသည်။ “ဒီနှစ် သဘင်ရာသီမှာ အဆိုးရွားဆုံးဖြစ်စဉ်ပါ။ တနိုင်ငံလုံးက သဘင်ပညာရှင်တွေ ဝိုင်းဝန်းကူညီကြဖို့ လုပ် ဆောင်နေပါတယ်။ သဘင် အစည်းအရုံးဥက္ကဌ ကိုဖိုးချစ်ကလည်း ဖိုးချစ်ဇာတ်အဖွဲ့အနေနဲ့ အောင်လံမှာမနေ့ညက ကပြလို့ရတဲ့ ညကြေးအကုန်လုံးကို လှူဒါန်းပေးခဲ့တယ်။ မင်းမင်းဦးဇာတ်အဖွဲ့က အာမခံကုမ္ပဏီတခုမှာ အာမခံ ထားတယ်လို့ သိရတယ်”ဟု မန္တလေးတိုင်း သဘင်ပညာရှင်များ အစည်းအရုံး၊ ပြန်ကြားရေးမှ ဒေါ်မြတ်နုသွေးက ပြောသည်။ ယမန်နှစ်က ရွှေလှမ်းတက်ဇာတ်သဘင်အဖွဲ့ ယာဉ်တိမ်မှောက်မှုတွင် လူသုံးဦးသေဆုံးခဲ့သည်။ Topics: မင်းမင်းဦး, မန္တလေး, ယာဉ်တိမ်းမှောက်မှု
Source : https://goo.gl/shdY2p
via IFTTT
No comments:
Post a Comment