Wednesday, March 21, 2018

The Voice

မြန်မာ-ထိုင်း နယ်စပ်ရှိ ဒုက္ခသည်စခန်းများကို ဒေါ်လာ ၁၇ သန်းကျော် အမေရိကန် ထောက်ပံ့မည် ရန်ကုန်၊ မတ် ၂၀ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများကို အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ သန်းနီးပါး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့များထံမှ သိရသည်။ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများနှင့်ရွှေ့ပြောင်းသွားလာ သူများကို နိုင်ငံတကာ INGO တစ်ခုဖြစ်သည့် The Border Consortium (TBC) မှတစ်ဆင့် အဓိကထောက်ပံ့နေခြင်းဖြစ်ပြီး အဆိုပါဒေါ်လာ ၁၇ သန်းကျော်ကို အဆိုပါအဖွဲ့မှတစ်ဆင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း TBC ထံမှ သိရသည်။ TBC ၏ ဦးဆောင်ဒါရိုက်တာ Sally Thompson နှင့် အမေရိကန်အစိုးရတို့ ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ဆုံခဲ့ကြပြီး ယင်းသို့ ထောက်ပံ့ပေးရေး သဘောတူခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ကူညီထောက်ပံ့မှုများ ရပ်ဆိုင်းတော့မည်ဟု TBC က ထုတ်ပြန်ကြေညာခဲ့သော်လည်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ခြင်း မရှိသေးသည့်အတွက် ထောက်ပံ့မှုများ ပြန်လည်ပြုလုပ်ရခြင်းဖြစ်ကြောင်း TBC က ထုတ်ပြန်ထားသည်။ ဒုက္ခသည်အများစုသည် ပြန်စရာနေရပ်မရှိခြင်း၊ သွားလာရန်ခက်ခဲနေခြင်း၊ ဝေးလံသည့် နယ်စပ်ဒေသတွင် တည်ရှိနေခြင်းကြောင့် နေရပ်ပြန်နိုင်ကြခြင်း မရှိကြောင်း ရှမ်းပြည်နယ်ဒုက္ခသည်များ ကော်မတီမှ တာဝန်ခံတစ်ဦးက ပြောကြားသည်။ “တချို့ IDP Camp တွေဆိုရင် နယ်စပ်တောင်တန်းတွေမှာ ရှိနေတယ်။ အပြင်ထွက်ရင်လည်း ရဲတွေနဲ့တွေ့ပြီး အဖမ်းခံရမယ့် အခြေအနေတွေရှိတယ်။ အခုက ထောက်ပံ့ရေးတွေကလည်း လျော့ကျသွားတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်”ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက်တွင် ဒုက္ခသည်စခန်းပေါင်း ကိုးခုအထိရှိပြီး ရှမ်းပြည်နယ်အတွင်း စခန်းခြောက်ခုနှင့် ကရင်ပြည်နယ်တွင် သုံးခုအထိရှိသည်။ TBC သည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် ဒုက္ခသည်ကိုးခုနှင့် ဒုက္ခသည်ပေါင်း တစ်သောင်းနှစ်ထောင်ကျော်ကို အဓိကထောက်ပံ့မှုများ ပြုလုပ်နေကြောင်း ယင်းအဖွဲ့၏ တရားဝင်ဝက်ဆိုက်ထံမှ သိရသည်။
Source : https://goo.gl/6ftzVa
via IFTTT

No comments:

Post a Comment