တရုတ်ခရီးသွားဈေးကွက် စစ်တမ်းကောက်မည် ရန်ကုန်၊ မတ် ၂၁ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှခရီးသွားဧည့်သည်များ ဝင်ရောက်မှုမြင့်တက်ရန် ခရီးသွားဈေးကွက် စစ်တမ်းကောက်ယူရန် စီစဉ်နေကြောင်း မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးအုန်းမြင့်က ပြောကြားသည်။ “တရုတ်ဈေးကွက် ပိုရဖို့ နည်းမျိုးစုံနဲ့ စီစဉ်နေတာဖြစ်တယ်။ တရုတ်ခရီးသွားတွေ မြန်မာနိုင်ငံကို လာလည်အောင် ဘယ်လိုနည်းနဲ့ ဈေးကွက်မြှင့်တင်ရင် အဆင်ပြေမလဲသိရအောင် survey (စစ်တမ်း) လုပ်မယ်။ တရုတ်ခရီးသွားလုပ်ငန်း လုပ်တဲ့သူတွေကို ဒီ survey ကတစ်ဆင့် ရတဲ့အချက်အလက်တွေကို အခြေခံပြီး ပရိုမိုးရှင်းတွေ ဆက်လုပ်မယ်”ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ်သည့် ဥရောပနိုင်ငံအချို့မှ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု လျော့နည်းလာသည့်အတွက် တရုတ်နိုင်ငံခရီးသွားများကို ပိုမိုဝင်ရောက်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က စီစဉ်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များတွင် တရုတ်နိုင်ငံသည် ဒုတိယအများဆုံးဖြစ်သော်လည်း လက်ရှိတွင် တစ်သန်းရှစ်သောင်းခန့်သာ ဝင်ရောက်မှုရှိနေကြောင်းနှင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆယ်သန်းခန့် ဝင်ရောက်လျက်ရှိနေကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။ တရုတ်ခရီးသွားများအနေနှင့် ဘာသာစကားအခက်အခဲများနှင့် ပြည်ဝင်ခွင့် ဗီဇာဖောင်ဖြည့်စွက်ရာတွင် လွယ်ကူသည့်နိုင်ငံများကိုသာ အဓိကထား သွားရောက်လေ့ရှိပြီး မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ဝင်ရောက်ရန် ပိုမိုဆန္ဒရှိနေကြောင်း တရုတ်ခရီးသွား ဈေးကွက်လုပ်ဆောင်သည့် ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။ “လက်ရှိမှာ ပြင်သစ်တို့၊ ဂျာမန်တို့က နည်းနည်းလျော့သွားတယ်။ အခုလို တရုတ်ဈေးကွက်ကို ပြောင်းလဲဦးတည်တာက ကောင်းတဲ့ဖြေရှင်းနည်း တစ်ခုပါပဲ”ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံအနေနှင့် e-Visa နှင့် ဆိုက်ရောက်ဗီဇာကို ပြည်ပခရီးသွားများအတွက် ခွင့်ပြုထားသော်လည်း အစုအဖွဲ့ဖြင့် သွားလာမှုများပြားသည့် တရုတ်ခရီးသွားများသည် အင်္ဂလိပ်စကား အားနည်းသဖြင့် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။ တရုတ်ခရီးသည်များသည် ပြည်ပနိုင်ငံများသို့ ခရီးထွက်ရာတွင် ဈေးဝယ်မှု အဆင်ပြေခြင်း၊ နာမည်ကြီး စားသောက်ဖွယ်ရာ အသစ်အဆန်းများကို ဝယ်ယူစားသုံးခြင်း၊ ဆွဲဆောင်မှုရှိသော နေရာအသစ်များကိုလည်ပတ်ခြင်း စသည့်စံနှုန်းများဖြင့် ရွေးချယ်၍ သွားရောက်လည်ပတ်လေ့ရှိကြောင်း တရုတ်ခရီးသွား ဧည့်လမ်းညွန်များထံမှ သိရသည်။
Source : https://goo.gl/gp86xS
via IFTTT
No comments:
Post a Comment