ကေပေါ့ပ်အဆိုတော်များ မတ်လနှောင်းပိုင်းတွင် မြောက်ကိုရီးယား၌ ဖျော်ဖြေမည် ထင်ရှားသည့် ကေပေါ့ပ်အဆိုတော် ၁၀ ဦးပါဝင်သည့် အနုပညာအဖွဲ့ကို မြောက်ကိုရီးယားတွင် ပြုလုပ်မည့် မကြုံစဖူး ဖျော်ဖြေပွဲများအတွက် ပြံုယမ်းသို့ စေလွှတ်မည်ဟု တောင်ကိုရီးယားအစိုးရက မတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားက ပြုံချန်ဆောင်းရာသီ အိုလံပစ်အတွက် ဖျော်ဖြေတင်ဆက်သူများကို စေလွှတ်ပေးခဲ့ပြီးနောက် အပြန်အလှန်အားဖြင့် တောင်ကိုရီးယားအနုပညာရှင်များ သွားရောက်သည့် ခရီးစဉ်ဖြစ်သည်။ အဖွဲ့ဝင် ၁၆၀ ခန့် ပါဝင်မည့် တောင်ကိုရီးယားအနုပညာရှင်အဖွဲ့သည် မတ် ၃၁ ရက်မှ ဧပြီ ၃ ရက်အထိ ပြုံယမ်းတွင်ဖျော်ဖြေပွဲများ ပြုလုပ်မည်ဟု တောင်ကိုရီးယား၏ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်သည့်ဖျော်ဖြေမှု ဖြစ်သည်။ ယင်းအနုပညာအဖွဲ့တွင် ကေပေါ့ပ် အမျိုးသမီးအဆိုတော်အဖွဲ့ Red Velvet နှင့် ဝါရင့်အဆိုတော်များဖြစ်သည့် ချိုယုံပီနှင့် လီဆန်ဟီးတို့လည်း ပါဝင်မည်ဟု နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ချိုသည် ၂၀၀၅ ခုနှစ်တွင် ပြုံယမ်း၌ ဖျော်ဖြေခဲ့ဖူးသည်။ “ကျွန်တော်တို့ စင်ပေါ်မှာ ဖျော်ဖြေနေတဲ့ အချိန်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ဖော်ပြဖို့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်” ဟု တောင်ကိုရီးယား အနုပညာရှင်အဖွဲ့ကို ဦးဆောင်မည့် အဆိုတော်၊ထုတ်လုပ်သူ ယွန်းဆန်းက ပြောကြားခဲ့သည်။ နယ်စပ်ကျေးရွာတစ်ခု၌ မတ် ၂၀ တွင် နှစ်နိုင်ငံကိုယ်စားလှယ်များတွေ့ဆုံခဲ့ပြီးနောက် တောင်ကိုရီးယားအဆိုတော်အဖွဲ့က မြောက်ကိုရီးယားတွင် ဖျော်ဖြေမည်ဆိုသော ပူးတွဲကြေညာချက် ထွက်ရှိခဲ့သည်။ ကိုရီးယားအနုပညာရှင်အဖွဲ့သည် ပြုံယမ်းရှိ East Pyongyang Grand ပြဇာတ်ရုံနှင့် Ryukyung Chung Ju Yung အားကစားရုံတွင် ဖျော်ဖြေမည်ဖြစ်သည်။ တောင်ကိုရီးယား တာဝန်ရှိသူများသည် ဖျော်ဖြေပွဲ ကျင်းပမည့်နေရာများကို စစ်ဆေးရန် မတ် ၂၂ ရက်မှ ၂၄ ရက်အထိ မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် အစောပိုင်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဆက်ဆံရေးတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့ပြီးနောက် နိုင်ငံများအချင်းချင်း တင်းမာမှုလျော့ကျလာချိန်တွင် ယင်းသဘောတူညီချက်ရရှိခဲ့သည်။ ပြီးခဲ့သည့်လတွင် တောင်ကိုရီးယား၌ ကျင်းပသည့် အိုလံပစ်ပွဲတွင် ပါဝင်မှုအပြင် တောင်ကိုရီးယားနှင့် အမေရိကန်တို့နှင့်အတူ ထိပ်သီးအစည်းအဝေး ကျင်းပရန် မြောက်ကိုရီးယားက သဘောတူခဲ့သည်။
Source : http://ift.tt/2GgJWqP
via IFTTT
No comments:
Post a Comment