အာဖဂန်တွင် ဂူဗိမာန် ဖောက်ခွဲခံရသောကြောင့် လူ ၃၀ နီးပါး သေဆုံး ကဘူးလ်၊ မတ် ၂၂ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနီးရှိ ဂူဗိမာန်တစ်ခုတွင် အသေခံဗုံးခွဲမှုဟု ယူဆရသော တိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာရခဲ့သည်ဟု ဘီဘီစီ သတင်းဌာနက ဖော်ပြထားသည်။ နိုရုဇ်ဟုခေါ်သော ပါရှန်းနှစ်သစ်ကူး ပွဲတော်ကျင်းပရန် စုဝေးလျက်ရှိကြသော ရာနှင့်ချီသော လူအုပ်အတွင်းသို့ ဗုံးခွဲသူက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူအများစုမှာ လူနည်းစု ရှီးယိုက် မွတ်ဆလင်များဖြစ်ကြသည်။ သေဆုံးသူ အရေအတွက်မှာ ယခုထက် ပိုမို များပြားလာနိုင်သည်ဟု ခန့်မှန်းထားသည်။ IS အဖွဲ့က ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ကြေညာထားသည်။ မကြာသေးမီ နှစ်များအတွင်း ဆွန်နီအစွန်းရောက် အကြမ်းဖက်အဖွဲ့များ၏ ရှီးယိုက်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများမှာ မြင့်တက်လာခဲ့သည်။ ဗုံးခွဲသူသည် ဆာခီဂူဗိမာန်အနီးသို့ လမ်းလျှောက်လာခဲ့ပြီး ရဲများက သတိပြုမိချိန်တွင် ဖောက်ခွဲပစ်လိုက်ခြင်းဖြစ်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။ ရှီးယိုက်မွတ်ဆလင်များ၏ ဘာသာရေး ပွဲတော်များကျင်းပရာ အဆိုပါဂူဗိမာန်တွင် ယခင်ကလည်း အကြမ်းဖက် တိုက်ခိုက်မှုများ ကြုံခဲ့ရဖူးသည်။၂၀၁၆ ခုနှစ်တွင် အရှူရာပွဲတော် ကာလအတွင်း ဆုတောင်းပွဲ ပြုလုပ်ရန် ပြင်ဆင်နေစဉ် ဗုံးခွဲခံခဲ့ရပြီး ၁၄ ဦး သေဆုံးခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ်ကလည်း တိုက်ခိုက်ခံခဲ့ရပြီး ထိုစဉ်က ၅၉ ဦးထက် မနည်း သေဆုံးခဲ့သည်။
Source : https://goo.gl/SVMKZn
via IFTTT
No comments:
Post a Comment