လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်ရေး တတိယ မူကြမ်းမကြာခင် ထွက်မည် လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေး ဆိုင်ရာ စံလုပ်ငန်းအစီအစဉ်များကို ရေးဆွဲလျက်ရှိရာ တတိယ မူကြမ်းအဖြစ် မကြာခင် ရရှိတော့မည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာ (လူကယ်ပြန်) ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှသိရသည်။ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော် က“မူကြမ်းကို မူချောထွက်အောင် လာမယ့် မတ် ၃၀ ရက်မှာ အစည်းအဝေး တခုရှိပါတယ်။ အဲဒီနေ့မှာ အခုဆွဲထားတဲ့ မူကြမ်းကိုလုပ်ငန်းအဖွဲ့တွေ၊ နှီးနွယ်ဌာနတွေကို ချပြမယ်။ ပြီးတော့ သူတို့ ပြန်လည်ဆွေးနွေးချက်တွေ ပေါင်းစပ်ပြီးတော့ ပြောရမယ်ဆိုရင် မူကြမ်းကိုထပ်ချောအောင် လုပ်မယ်” ဟု ပြောသည်။ အဆိုပါ မူကြမ်းအား ဒုတိယ အကြိမ်ပြင်ဆင်မှုကနေ တတိယအကြိမ် ပြင်ဆင်ခြင်းဖြစ်ပြီး ယင်းမူကြမ်းကို ဌာနဆိုင်ရာများသို့ ပို့ဆောင်ပြီး ပြင်ဆင်ရန် အချက်များမရှိတော့ပါက မူချောအဖြစ် ဝန်ကြီးဌာနသို့ တင်ပြကာစံလုပ်ငန်း အစီအစဉ်အနေနှင့် သတ်မှတ်မည်ဟု ၎င်းက ဆိုသည်။ အဆိုပါစံလုပ်ငန်း အစီအစဉ်များတွင် လူကုန်ကူးခံရသူအဖြစ် သတ်မှတ်ဖော်ထုတ်ခြင်း၊ ကြားကာလ ပြန်လည်စောင့်ရှောက်ခြင်း၊ ပြန်လည်ပို့ဆောင်ခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစပ်ပေးခြင်းစသည်ဖြင့် လူကုန်ကူးခံရသူများပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးရေး၊ ပြန်လည် ထူထောင်ပေးရေး အတွက် လုပ်ငန်းစဉ် ၄ ရပ်သတ်မှတ်ထားကြောင်း ယင်းဌာနမှသိရသည်။ ကလေးသူငယ်၊ အမျိုးသမီး၊ အမျိုးသားများစသဖြင့် လူကုန်ကူးခံရသူများအနေဖြင့် လိင်အမျိုးအစားနှင့် အသက်အရွယ် ကွဲပြားမှုအပေါ် မူတည်ပြီး သက်ရောက်မှုလည်း မတူညီသဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်ပြီးစံသတ်မှတ်ရာတွင် အဆိုပါ သဘောသဘာဝကို အလေးအနက်ထားထည့်သွင်း စဉ်းစားသင့်သကဲ့သို့ ခေတ်နှင့် လိုက်လျောညီထွေဖြစ်သည့် ပြန်လည်ထူထောင်ရေးနည်းလမ်းများကိုလည်းအသုံးပြုသင့်ကြောင်းလူ့အခွင့်အရေးကိစ္စရပ်များဆောင်ရွက်နေသည့် Equality Myanmar မှဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောသည်။ “အသက်မွေးဝမ်းကျောင်း သင်တာက အစ အမျိုးသမီးနဲ့ ပတ်သက်ရင် ပုံစံခွက်ထဲမှာ သင်ထားသလို ဇာထိုး ပန်းထိုးလောက်ပဲ ဖြစ်နေတာမျိုးတွေ ရှိတယ်။ တကယ့်လက်တွေ့မှာ ခေတ်မမီတော့ဘူး။ အသက်မွေးဝမ်းကျောင်းလို့လည်း ရမှာမဟုတ်ဘူး။ အဲဒီတော့ ခေတ်နဲ့အမှီလိုက်ပြီးတော့ သူတို့ကို အသက်မွေး ဝမ်းကျောင်းသင်တာတွေ လိုအပ်သော ကူညီထောက်ပံ့မှုတွေ ပေးတဲ့အပြင် သူတို့ရဲ့အပေါ်မှာ ပတ်ဝန်းကျင်က ရိုက်ခတ်တတ်သော အပြစ်တင်မှုတွေ သူတို့ကိုပတ်ဝန်းကျင်ကနေ ထပ်ပြီးတော့ ဝိုင်းဝန်းစော်ကားတာမျိုးတွေ မဖြစ်အောင် ထည့်သွင်းစဉ်းစားရမှာကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေမှာ ပိုမိုလိုအပ်တာတွေ့ရတယ်” ၎င်း ဟုသုံးသပ်သည်။ သတ်မှတ်ထားသည့် လုပ်ငန်းစဉ် ၄ ရပ်တွင် လူကုန်ကူးခံရသူအဖြစ် အတည်ပြုခြင်း၊ ကြားကာလကာကွယ် စောင့်ရှောက်ခြင်း၊ မိသားစုအခြေ အနေကိုစုံစမ်းခြင်း၊ ဆန်းစစ်ခြင်း၊ နိုင်ငံသားစိစစ်ခြင်း(နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုများအတွက်)၊ ပြန်လည်ပို့ ဆောင်ခြင်းနှင့် စောင့်ရှောက်ခြင်း၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်းစသည့် လုပ်ငန်းအဆင့် ၆ ဆင့် ပါဝင်ကြောင်းလူကယ်ပြန်မှသိရသည်။ ဒေါက်တာ ထွန်းဇော် က “အဆင့် ၆ ဆင့်ကိုဘယ်အချိန်မှာ၊ ဘယ်နေရာမှာ ဘယ်သူတွေက ဘယ်လိုလုပ်မလဲ ဆိုတာကို လုပ်ငန်းအဆင့် တခုချင်းအလိုက် ရေးဆွဲထားတာပါ။ အဖွဲ့အစည်း ပေါင်းစုံပါဝင်ပါတယ်။ ကျနော်တို့ ဦးစီးဌာနနဲ့ လည်း ဆိုင်တယ်။ ရဲ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့လည်း ဆိုင်တယ်။ လူမှုဝန်ထမ်းနဲ့ လည်းဆိုင်တယ်။ ဘယ်လုပ်ငန်းစဉ်က ဘယ်ဝန်ကြီး ဌာနတွေနဲ့ ဆိုင်တယ်ဆိုတာကို ရေးဆွဲနေတာပါ” ဟု ရှင်းပြသည်။ အဆိုပါ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ စံလုပ်ငန်းအစီအစဉ်များကို နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ အစိုးရဌာနအဖွဲ့အစည်းအသီးသီးမှ ၂၃ ဦးပါဝင်သည့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းကာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးမှု ၂၂၅ မှု ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ ၃၆၀ ဦးရှိကြောင်း၊ လူကုန်ကူးခံရသူများတွင် အသက် ၁၈ နှစ်မပြည့်သေးသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၄၄ ဦးပါဝင်ခဲ့သည်။ ယင်းအနက် တရုတ် အမျိုးသားများနှင့် အဓမ္မလက်ထပ် ပေါင်းသင်းရန်အတွက် ၁၅၃ မှုအထိ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ (နေပြည်တော်) ၏ စာရင်းများအရသိရသည်။ ထိုစာရင်းအရ၂၀၁၇ ခုနှစ် အတွင်းလူကုန်ကူးခံရမှုများတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု ၇၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရမှု ၆ ရာခိုင်နှုန်းနှင့် ပြည်တွင်းလူကုန်ကူးခံရမှု ၂၂ ရာခိုင်နှုန်းရှိခဲ့ကြောင်းသိရသည်။ The post လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်ရေး တတိယ မူကြမ်းမကြာခင် ထွက်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2IL4OF3
via IFTTT
No comments:
Post a Comment