ဂျာမနီတွင် မာကယ်လ်နှင့် ညွှန့်ပေါင်းမဟာမိတ်ဖွဲ့ရန် SPD ပါတီ သဘောတူ ဘာလင်၊ မတ် ၅ ဂျာမနီတွင် ညွှန့်ပေါင်းအစိုးရဖွဲ့ရေးအတွက် ဆိုရှယ်ဒီမိုကရက် SPD ပါတီအတွင်း မဲခွဲရာတွင် သဘောတူထောက်ခံမှု ရရှိခဲ့သောကြောင့် အဓိပတိ မာကယ်လ်သည် စတုတ္ထမြောက်သက်တမ်းကို တာဝန်ယူတော့မည်ဟု DW သတင်းတွင် ဖော်ပြထားသည်။ ညွှန့်ပေါင်းမဟာမိတ်ဖွဲ့ရေးနှင့် ပတ်သက်၍ SPD ပါတီအတွင်း မဲခွဲရာတွင် ပါတီဝင် ၆၆ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး ကန့်ကွက်သူ ၃၄ ရာခိုင်နှုန်းသာ ရှိသောကြောင့် မျှော်လင့်ထားကြသည့်အတိုင်း ပြတ်သားသောရလဒ် ထွက်ပေါ်လာခဲ့သည်။ ပါတီဝင် ၄၅၀,၀၀၀ ကျော်ကို အီးမေးလ်ဖြင့် မဲပေးခဲ့ကြပြီး တနင်္ဂနွေနေ့ နံနက်က ဘာလင်ဌာနချုပ်တွင် ရလဒ်များကို ကြေညာခဲ့သည်။ ပါတီယာယီ ဥက္ကဋ္ဌ အိုလက်ဖ်ခိုးလ်က “SPD အတွက် လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ မစ္စမာကယ်လ်ရဲ့ ပါတီနဲ့ ညှိနှိုင်းဆွေးနွေးတဲ့အခါ ပိုမိုရင်းနှီးလာခဲ့ကြပြီး အစိုးရသစ်ရဲ့ တာဝန်တွေအတွက် ခွန်အားတွေ ရရှိလာပါတယ်”ဟု မှတ်ချက်ပေးသည်။ ယခုအခါ ညွန့်ပေါင်းမဟာမိတ် ဖွဲ့စည်းသည့် သဘောတူညီချက်ကို လက်မှတ်ထိုးနိုင်ပြီဖြစ်ပြီး ဘန်ဒီစတက် လွှတ်တော်က ၁၉ ကြိမ်မြောက် လွှတ်တော်သက်တမ်းအတွက် အဓိပတိ မာကယ်လ်ကို ရွေးချယ်တင်မြှောက်တော့မည် ဖြစ်သည်။ လွှတ်တော်တွင် မဲပေးခြင်းကို မတ်လ ၁၄ ရက်တွင် ပြုလုပ်ရန် သတ်မှတ်ထားပြီး မာကယ်လ်၏ ခေါင်းဆောင်မှုကာလအတွင်း တတိယအကြိမ် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းမှုဖြစ်လာမည်ဖြစ်သည်။ SPD ဥက္ကဋ္ဌဟောင်း မာတင်ရှုလ်ဇ်သည် ညွှန့်ပေါင်းမဟာမိတ်ဖွဲ့ရေးကို အစောပိုင်းက ငြင်းပယ်ခဲ့ပြီး နောက်ပိုင်းတွင် သဘောတူလိုက်ပြီးနောက် မှောက်လိုက် လှန်လိုက်ဆုံးဖြတ်မှုကြောင့် ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပေးခဲ့ရသည်။ SPD ပါတီသည် အာဏာရှိသော ဘဏ္ဍာရေးဝန်ကြီးနေရာ အပါအဝင် အရေးပါသော ဝန်ကြီးနေရာများကို မာကယ်၏ပါတီထံမှ ကမ်းလှမ်းခြင်း ခံရပြီးနောက် ညွှန့်ပေါင်း မဟာမိတ်ဖွဲ့ရေးကို ထောက်ခံကြရန် ခေါင်းဆောင်များက ပါတီအတွင်း စည်းရုံးခဲ့ကြသည်။ မာကယ်လ်၏ ကွန်ဆာဗေးတစ်အစုက အစိုးရသစ်အတွက် ၎င်းတို့ဘက်မှ ဝန်ကြီးစာရင်းကို တင်သွင်းထားပြီးဖြစ်ရာ ဆိုရှယ်ဒီမိုကရက်များက ၎င်းတို့ဘက်မှ အစိုးရအဖွဲ့ဝင် ခြောက်နေရာအတွက် အမည်စာရင်းကို ယခုအပတ်တွင် ကြေညာမည်ဟု မျှော်လင့်ရသည်။ SPD ဥက္ကဋ္ဌ အိုလက်ဖ်ခိုးလ်က ၎င်း၏ပါတီမှ တင်သွင်းမည့် ဝန်ကြီးခြောက်ဦး အမည်များကို ထုတ်မပြောသေးသော်လည်း အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦး ပါဝင်ကာ လူသစ်လူဟောင်း ရောနှောထားသည်ဟု ပြောကြားသည်။ မာကယ်လ်နှင့် မဟာမိတ်ဖွဲ့စည်းသည့် ဆုံးဖြတ်ချက်သည် SPD ပါတီအတွင်း သဘောကွဲလွဲမှု ဖြစ်ပေါ်စေခဲ့ပြီး ထောက်ခံသူအစုကို အိုလက်ဖ်ခိုးလ်နှင့် ဧပြီလ ပါတီဥက္ကဋ္ဌနေရာကို ဆက်ခံမည့် မစ္စအန်ဒရီယာနာလက်စ်တို့က ဦးဆောင်သည်။ ကန့်ကွက်သောအစုကိုမူ ပါတီ လူငယ်အဖွဲ့ခေါင်းဆောင် ကီဗင်ကူးနတ်က ဦးဆောင်သည်။ မာကယ်လ်၏ CDU ပါတီကမူ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးကို ယခင်အပတ် ပါတီညီလာခံတွင် သဘောတူ ထောက်ခံခဲ့ကြပြီးဖြစ်သည်။ တနင်္ဂနွေနေ့က SPD ပါတီ၏ မဲခွဲမှုရလဒ်ကို ကျေနပ်ကြောင်း မာကယ်လ်က ချက်ချင်းပင် မှတ်ချက်ပေးသည်။ “နိုင်ငံသာယာဝပြောရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့သော ရလဒ်ကြောင့် SPD ပါတီကို ချီးကျူးဂုဏ်ပြုသည်”ဟု မာကယ်လ်၏အမည်ဖြင့် twitter တွင် တင်ထားသည်။ လက်ယာစွန်း AfD ပါတီကမူ SPD ပါတီ၏ ဆုံးဖြတ်ချက်ကို လှောင်ပြောင်လိုက်ပြီး နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင် ဆိုရှယ်ဒီမိုကရက်များ ကျရှုံးလိမ့်ဦးမည်ဟု နိမိတ်ဖတ်လိုက်သည်။ ထို့အပြင် မာကယ်လ်နှင့် နာလက်စ်တို့၏ ပုံများဖြင့် ရုပ်ပြောင်ရေးဆွဲထားသော ကာတွန်းများကို ဂျာမနီအတွက် နောက်ထပ်လေးနှစ် အိပ်မက်ဆိုးဟု ခေါင်းစဉ်တပ်ဖော်ပြခဲ့သည်။ အခြားပါတီများကမူ မှတ်ချက်ပေးခြင်း မရှိကြပေ။ FDP ပါတီအတွင်းရေးမှူး နီကိုလာဘီယာက “သူတို့က နောက်တစ်ကြိမ် ရွေးကောက်ပွဲတွေကို ပိုပြီးကြောက်နေကြတယ်။ လောလောဆယ် မာကယ်လ်ကတော့ အဓိပတိနေရာမှာ ခိုင်သွားပြီ။ ဂျာမနီကတော့ လမ်းဘေးပလက်ဖောင်းကနေ သွားနေရတယ်”ဟု ပြောကြားသည်။ Green ပါတီ ပူးတွဲဥက္ကဋ္ဌ မစ္စအန်နယ်လီနာဘဲဘော့ခ်ကမူ “နိုင်ငံရေးအကျပ်အတည်း ပြီးဆုံးသွားတာ ကောင်းပါတယ်။ လွှတ်တော်မှာ ရာသီဥတုကိစ္စ၊ သက်ကြီးရွယ်အိုတွေ စောင့်ရှောက်ရေးကိစ္စ၊ ကလေးသူငယ် ဆင်းရဲနွမ်းပါးမှုကိစ္စတွေနဲ့ ပတ်သက်လို့ ဟာကွက်တွေကို လိုက်ဖြည့်ကြရမှာပေါ့”ဟု မှတ်ချက်ပေးသည်။
Source : https://goo.gl/QyoeyJ
via IFTTT
No comments:
Post a Comment