UNFC အဖွဲ့ဝင် ပြန်လည် ဖြစ်ရေး မဆုံးဖြတ်ရသေးဟု CNF ပြော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)က အဖွဲ့ဝင်အဖြစ် ယာယီ ရပ်ဆိုင်းထားသော ချင်း အမျိုးသား တပ်ဦး (CNF)ကို အဖွဲ့ဝင်အဖြစ် ပြန်လည် လက်ခံရန် ပြင်ဆင် နေသော်လည်း မိမိတို့အဖွဲ့တွင်း မဆုံး ဖြတ်ရသေးကြောင်း CNF မှ တွဲဖက် အတွင်းရေးမှူး ဒေါက်တာ ရွှေခါးရ်က ပြောသည်။ UNFC စတင် ဖွဲ့စည်းစဉ် ၂၀၁၁ ခုနှစ်က CNF သည် အဖွဲ့ဝင်အဖြစ် ပါဝင်၍ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက် ခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ထိုးခဲ့ခြင်းကြောင့် UNFC က အဖွဲ့ဝင်အဖြစ်မှ ယာယီ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ ထို့နောက် UNFC သည် ပုံမှန်အစည်းအဝေး တရပ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပခဲ့ပြီးနောက် CNF နှင့် ကချင် အမျိုးသား အစည်းအရုံး (KNO) တို့ကို အဖွဲ့ဝင်အဖြစ် လက်ခံသွားရန် သဘောထားများ ချမှတ်ခဲ့ကြ ကြောင်း UNFC ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းဇော်က ပြောသည်။ “ကျနော်တို့ CNF နဲ့ KNO တို့ကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ဆုံးဖြတ် ထားတာပါ။ စဉ်းစားထားတာ မဟုတ်ပါဘူး။ KNO နဲ့ CNF ကို အဖွဲ့ဝင်တွေ ဖြစ်ဖို့ ပြီးခဲ့တဲ့ ညီလာခံမှာ ဆုံးဖြတ်ချက် သဘောထားရှိတယ်။ ဒါပေမယ့် အဖွဲ့ဝင် အဖြစ် လက်ခံ ခြင်း၊ လက်မခံခြင်းကို ညီလာခံကပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်”ဟု ၎င်းက ပြောပြသည်။ UNFC သည် အရေးပေါ် ညီလာခံ တရပ်ကို ဇူလိုင်လတွင် ကျင်းပမည်ဖြစ်ပြီး ထို အစည်းအဝေး၌ CNF နှင့် KNO တို့ကို အဖွဲ့ဝင်အဖြစ် လက်ခံရေး ဆုံးဖြတ်သွားမည်ဟု ဦးထွန်းဇော်က ပြောသည်။ CNF တွဲဖက်အတွင်းရေးမှူး ဒေါက်တာ ရွှေခါးရ်က “UNFC အဖွဲ့ဝင်အဖြစ် ပြန်ပါဝင်ဖို့ကို ကျနော်တို့ CEC အစည်း အဝေး ထိုင်ရဦးမယ်။ ဆိုတော့ ဘာမှ ပြောလို့ မရသေးဘူး။ ကျနော်ထင်တာတော့ အရင်ကတည်းကနေ ရှင်းရှင်း ပြောရရင် ကျနော်တို့ တိုင်းရင်းသားတွေ လက်နက်ကိုင် အဖွဲ့အစည်းတွေ မဟာမိတ် ဖွဲ့ဖို့ကတော့ အသစ်ကနေ ပြန် လုပ်ရမှာ။ မဟာမိတ်အဖွဲ့တွေ ရှိရဲ့သားနဲ့ တစု တစုတွေ ထွက်လာလို့ရှိရင် တစုတစည်းတည်း ပြန်ဖြစ်နိုင်လား အသေးစိတ် ပြန်သုံးသပ်ပြီးတော့ ဘယ်လို သွားမလဲ ဆိုတာ ကြည့်ရမှာပေါ့”ဟု ပြောဆိုသည်။ CNF ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ပူရမ်းကုကျူံး ကလည်း လက်ရှိ နိုင်ငံရေး အခင်းအကျင်းသည် ပြောင်းလဲ နေပြီ ဖြစ်သည့် အတွက် UNFC အဖွဲ့ဝင် အဖြစ် ပါဝင်ရေးမှာ သေချာ စဉ်းစား ဆုံးဖြတ်ရန် လိုအပ်ကြောင်း၊ CEC အစည်း အဝေး ကသာ ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း ပြောသည်။ လက်ရှိတွင် CNF သည် NCA လက်မှတ် ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ဖြင့် စုဖွဲ့ထားသည် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) အပါအဝင် အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်များ စုဖွဲ့ကာ ဆောင်ရွက်နေသော အစုအဖွဲ့ များတွင် ပါဝင်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ဆောင်ရွက်နေကြောင်း သိရသည်။ UNFC သည် ၂၀၁၁ ခုနှစ် စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင် ၁၀ ဖွဲ့ကျော်ရှိသော်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် နေ့ NCA ထိုးပြီးနောက် အဖွဲ့ဝင်များ လျော့နည်းလာရာ လက်ရှိတွင် မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင် အမျိုးသား ကောင်စီ (ANC) တို့သာ ကျန်ရှိတော့သည်။ ထို ၄ ဖွဲ့အနက် NMSP နှင့် LDU တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က NCA လက်မှတ် ထိုးထားပြီး ဖြစ်ရာ UNFC ရပ်တည်မူ နိဂုံးချုပ်ရတော့မည် ဆိုသော သုံးသပ်မှုများလည်း ထွက်ပေါ်ခဲ့သည်။ The post UNFC အဖွဲ့ဝင် ပြန်လည် ဖြစ်ရေး မဆုံးဖြတ်ရသေးဟု CNF ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2FfSR8e
via IFTTT
No comments:
Post a Comment