ဂျာမနီ၌ ဗလီ တစ်ခု ဗုံးခွဲ တိုက်ခိုက် ခံရပြီးနောက် လုံခြုံရေး အထူး တင်းကြပ် ဘာလင်၊ စက်တင်ဘာ ၂၈ ဂျာမနီနိုင်ငံ အရှေ့ပိုင်း ဆက်ဇိုနီပြည်နယ် ဒရက်စ်ဒန်မြို့၌ ဗလီ တစ်ခုနှင့် ကွန်ဖရင့် တစ်ခုတို့ကို ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းမြို့တွင် လုံခြုံရေး အထူး တင်းကြပ်ထားကြောင်း ဂျာမန် လုံခြံုရေး အာဏာပိုင်များ၏ ပြောကြားချက်ကို CNN သတင်းဌာနက ရေးသား ဖော်ပြသည်။ အဆိုပါ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် တစ်စုံတစ်ဦးမျှ ထိခိုက်ခဲ့ခြင်း မရှိကြောင်း၊ ဗုံးမှာ လက်လုပ်ဗုံး အမျိုးအစား ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ယင်းဖြစ်ရပ် ပေါ်ပေါက်ပြီးနောက် ဒရက်စ်ဒန်မြို့ရှိ မွတ်ဆလင် အသင်းအဖွဲ့များ အားလုံးကို အနီးကပ် စောင့်ကြည့် လေ့လာလျက် ရှိသည်ဟု ဆက်ဇိုနီပြည်နယ်ရေးရာ ဝန်ကြီး မာကတ်စ်အူးလ်ဘစ်က သတင်းထောက်များကို ပြောကြားသည်။ ဗုံးခွဲ တိုက်ခိုက်မှုကို မည်သူမည်ဝါက လုပ်ဆောင်ခဲ့သည် ဟူသောအချက်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပထမ ပေါက်ကွဲမှုမှာ ဗလီတွင်ဖြစ်ပြီး ဒုတိယ ပေါက်ကွဲမှုမှာ ကွန်ဖရင့် စင်တာတွင် ဖြစ်သည်။ ပေါက်ကွဲမှု နှစ်ခုစလုံး ဆက်စပ်မှု ရှိနေသည်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လာမည့် သတင်းပတ်အတွင်း အဆိုပါမြို့တွင် ကျင်းပရန်ရှိသည့် အရှေ့နှင့် အနောက် ဂျာမနီ ပြန်လည် ပေါင်းစည်းမှု ၂၆ နှစ်ပြည့် အခမ်းအနားသို့ ဂျာမနီ အဓိပတိ အင်ဂလာမာကဲလ် တက်ရောက်ရန် စီစဉ်ထားသည်။ “ဒီဗုံးတွေကို ဘယ်သူဘယ်ဝါက ဖောက်ပါတယ်လို့ ကြေညာတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ လူမျိုးခြား၊ ပြည်ပ နိုင်ငံသားတွေကို ရွံမုန်းတဲ့စိတ်ကြောင့် ဖြစ်လာတယ်လို့ စဉ်းစားစရာ ရှိပါတယ်”ဟု ဒရက်စ်ဒန်မြို့ ရဲချုပ် ဟော့စ်ကရက်ဆက်မာက ပြောကြားပြီး ယင်းမြို့ရှိ အစ္စလာမ်ဆိုင်ရာ အဆောက်အအုံများကို ကာကွယ်ပေးရန် အထူး ရဲတပ်ဖွဲ့ဝင်များ ညလုံးပေါက် ဖြန့်ကြက်ထားကြောင်း ပြောကြားသည်။ ဂျာမနီတွင် အရှေ့ အလယ်ပိုင်းဒေသမှ ရွှေ့ပြောင်း ဒုက္ခသည်များ အဆမတန် ဝင်ရောက်လာမှုကို မကျေနပ်သူ အင်အားစုများက အမျိုးသားရေး လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသလို လူမျိုးရေး တင်းမာမှုများလည်း မြင့်တက်လျက် ရှိသည်။
Source : https://goo.gl/8s7HaK
via IFTTT
No comments:
Post a Comment