Tuesday, September 27, 2016

MOI Webportal Myanmar

လွှတ်တော်ကို စော်ကားတာဟာ ပြည်သူကို၊ နိုင်ငံကို စော်ကားတာဖြစ်သည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ၁၆-၉-၂ဝ၁၆ ရက်နေ့တွင် ထုတ်ဝေသော မြန်မာ့အလင်း သတင်းစာ၏ စာမျက်နှာ ၉ ''ပြည်သူ့သဘောထားစင်မြင့်'' ကဏ္ဍတွင် ဆောင်းပါးရှင်ယမင်းမြတ်အေး၏ ''မြန်မာ့လူ့အဖွဲ့ အစည်းကို ခြိမ်းခြောက်နေသော အကျင့်ပျက် ခြစားမှု'' ဟူသော ဆောင်းပါးတစ်ပုဒ် ဖော်ပြသည်ကို ဖတ်ရှုရပါသည်။ ယင်းဆောင်းပါး၏ ဥပဒေပြင်ဆင်ရေး ခေါင်းစဉ်ငယ် အောက်တွင် အောက်ပါစာသားများကို ဖော်ပြထားပါသည်- ''ထို့အတူ ခြစားမှုတိုက်ဖျက်ရေး ဥပဒေသည် ခရိုနီများနှင့် တစ်ချိန်က အာဏာရှိသူများ အကျိုးစီးပွားကို ကာကွယ်ထား ကြောင်းနှင့် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ယင်းကဲ့သို့ အကျိုးစီးပွားကာကွယ်သည့် ဥပဒေပေါင်း ၂၃၂ ခုကို အသစ် ပြန်လည်ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်းလည်း သိရသည်။ ယင်းမှာ အစိုးရသစ်အတွက် ခေါင်းခဲရသည့် ပြဿနာ ဖြစ်နေသည် - - - - - - -'' အထက်ဖော်ပြချက်ကို ဖတ်ရှုရသည့်အခါ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အထူးစိတ်မကောင်း ဖြစ်မိပါ သည်။ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ဆောင်ရွက်ခဲ့သော ဥပဒေများမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်- (က) အသစ်ပြုစုရေးဆွဲသည့်ဥပဒေ ၄၃ (ခ) တည်ဆဲဥပဒေကို ရုပ်သိမ်းပြီး ၅ဝ အသစ်ရေးဆွဲသည့် ဥပဒေ (ဂ) ပြင်ဆင်သည့်ဥပဒေ ၁ဝ၃ (ဃ) ရုပ်သိမ်းသည့်ဥပဒေ ၁၇ (င) နှစ်စဉ်ပြဋ္ဌာန်းရသော ၁၉ ဘဏ္ဍာရေးဆိုင်ရာဥပဒေ စုစုပေါင်း ၂၃၂ ထို့ကြောင့် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် အသစ် ပြန်လည်ရေးဆွဲ အတည်ပြုသည့် ဥပဒေ ၂၃၂ ခုဆိုသည်မှာ မှန်ကန်ခြင်းမရှိပါ။ ထို့ပြင် ''ခြစားမှုတိုက်ဖျက်ရေးဥပဒေ'' ဆိုသည့် အခေါ် အဝေါ်မှာလည်း မှန်ကန်တိကျမှုမရှိပါ။ အမှန်စင်စစ် ''အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ''ကိုသာ လွှတ်တော်များအတွင်း အကြိမ်ကြိမ် ဆွေးနွေးပြီး ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၂၃/ ၂ဝ၁၃) အဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ ယနေ့ပြည်သူလူထု အများစုကြီးက တစ်ခဲနက် ဆန္ဒပြု ရွေးချယ်ခဲ့သဖြင့် အစိုးရနှင့်လွှတ်တော်များ ဖွဲ့စည်းနိုင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်များသည် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရရှိပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ပါဝင် ဆောင်ရွက်နေခဲ့ပါသည်။ ထိုအချိန်က လွှတ်တော် အတွင်း၌ တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များလည်း ပါဝင်ပါသည်။ ထို့အပြင် ပထမအကြိမ် လွှတ်တော်များသည်- ပြည်သူ့အသံ - လွှတ်တော်အသံ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ ပြည်သူတို့၏ မျှော်လင့်ချက် - လွှတ်တော်က ဖော်ဆောင်ရွက် ဟူသော ဆောင်ပုဒ်ချမှတ်ကာ မေးခွန်းများ၊ အဆိုများ၊ ဥပဒေ များ ရေးဆွဲ ပြဋ္ဌာန်းခဲ့ပါသည်။ လွှတ်တော်များ၏ ဆောင်ရွက်ချက် သည် မည်ကာမတ္တမဟုတ်၊ Rubber Stamp တံဆိပ်တုံး အမှတ်အသား မဟုတ်၊ လက်ညှိုးထောင် ခေါင်းညိတ် မဟုတ်ကြောင်း ကမ္ဘာသိ၊ မြန်မာသိ ဖော်ထုတ်ပြသနိုင်ခဲ့ပြီ ဖြစ်ပါသည်။ လွှတ်တော်သည် နိုင်ငံ၏အသက်သွေးကြော အသက်ဝိညာဉ် ဖြစ်သည်။ လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ချေ။ လွှတ်တော် ရှိ၍ ဒီမိုကရေစီရှိနေပြီး ယင်းကို အားလုံးက သိရှိနားလည် ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ဆောင်းပါးရှင်၏ ''ယင်းမှာ အစိုးရသစ်အတွက် ခေါင်းခဲရ သည့် ပြဿနာဖြစ်နေသည် - - - - - - -'' ဟု ဖော်ပြ ချက်မှာ ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၏ ဂုဏ်သိက္ခာ ရှိစွာဖြင့် ဆောင်ရွက်ချက်များကို လွန်စွာထိခိုက်စေပါသည်။ ဆောင်းပါးရှင်၏ ဖော်ပြချက်များမှာ- (က) ဥပဒေပြဋ္ဌာန်းခြင်းနှင့် ပတ်သက်သည့် အချက် အလက်များ လွဲမှားခြင်း၊ (ခ) လွှတ်တော်များ၏ ဂုဏ်သိက္ခာနှင့် ပြည်သူအများကို ထိပါး စော်ကားခြင်း၊ (ဂ) ပြည်သူများအနေဖြင့် ပြီးခဲ့သော အစိုးရနှင့် လက်ရှိ အစိုးရအပေါ် အထင်အမြင် လွဲမှားစေနိုင်ခြင်း စသည့် မလိုလားအပ်သော ကိစ္စရပ်များကို ဖြစ်ပွားစေနိုင်သော ရေးသားထားခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယနေ့ခေတ်ကာလမှာ ပြည်သူအများ၏ဆန္ဒအရ တင် မြှောက်ထားသည့် လွှတ်တော်နှင့် အစိုးရအသစ်များအနေဖြင့် တိုင်းပြည်ငြိမ်းချမ်းမှု ရရှိရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိ စေရေးတို့ကို အစွမ်းကုန် ဆောင်ရွက်နေချိန် ဖြစ်ရာ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေသော ယခုကဲ့သို့ ဆောင်းပါးများကို ရေးသားခြင်းသည် စာရေးသူ၏ အဆင့်အတန်းကို ဖော်ပြရာ ရောက်ပါသည်။ အလျဉ်းသင့်၍ ဖော်ပြလိုသည်မှာ လွှတ်တော်သည် ဥပဒေပြုရေး တာဝန်ယူရသည်။ တစ်နည်းအားဖြင့် ဥပဒေပြုရေး၊ အချုပ်အခြာအာဏာကို လွှတ်တော်အား နိုင်ငံတော် နှင့်ပြည်သူက တာဝန်ပေးထားခြင်း ဖြစ်ပါသည်။ လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်သည်- (က) ဥပဒေပြုရေးတာဝန် (ခ) ကိုယ်စားပြုရေးတာဝန် (ဂ) စောင့်ကြည့်ထိန်းညှိရေး တာဝန်တို့ ဖြစ်သည်။ ဥပဒေပြုရေးတာဝန်ကို ဆောင်ရွက်ရာတွင် နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေသော ဥပဒေများကို ပြဋ္ဌာန်းရသည်။ ဥပဒေပြုရာတွင် တစ်ယောက်တည်း၏ သဘောထားနှင့် မရ။ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထား ဆန္ဒများဖြင့် အတည်ပြုရသည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့်ဖြစ်ပေါ်ခဲ့သော အခြေအနေများအရ အုပ်စိုးသူ အလိုကျ ဥပဒေများရှိခဲ့၍ လည်း ခေတ်စနစ်နှင့် မလျော်ညီသော ထိုဥပဒေများကို ဖျက်သိမ်းခြင်း၊ အစားထိုးရေးဆွဲခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်း ခြင်းများ ပြုလုပ်ခဲ့ရသည်။ ယနေ့လည်း ပြုလုပ်နေရပါသည်။ ပြည်သူများကို တင်ပြလိုသည်မှာ ပြောင်းလဲချိန် တန်ပြီ ဆိုလျှင် ဦးစွာ ပြောင်းလဲရမှာက ပြည်သူအကျိုးစီးပွားကို ဖြစ်စေသော၊ ပြည်သူကို ကာကွယ်စောင့်ရှောက်သော ဥပဒေ များကို ရေးဆွဲပြဋ္ဌာန်းရန်ဖြစ် ပါကြောင်းနှင့် ပြည်သူ့ကိုယ်စား လှယ်များနှင့်လွှတ်တော်အား စော်ကားမှု များသည် ပြည်သူ နှင့်နိုင်ငံတော်ကို စော်ကားရာရောက်ပါကြောင်း ရေးသား တင်ပြလိုက်ပါသည်။ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်း ပြင်းထန်သော အယူအဆ၊ အရေးအသားများကို သတင်းစာ၏ မူဝါဒအရ ဖော်ပြပေးနိုင်မည် မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင် ပါရှိသမျှတို့သည် သက်ဆိုင်ရာ ဆောင်းပါးရှင် အသီးသီး၏ အာဘော် များသာ ဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။
Source : http://ift.tt/2dy4eOE
via IFTTT

No comments:

Post a Comment