Wednesday, September 28, 2016


ပုသိမ်၌ အများပြည်သူဆိုင်ရာနေရာတွင် အရက်သောက်သူ ၆၀ကျော်ကို ဖမ်းဆီး ပုသိမ်၊ စက်တင်ဘာ၂၇ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အများပြည်သူ အပန်းဖြေသော နေရာများတွင် ညအချိန်၌ အရက်ဝိုင်းဖွဲ့ သောက်သုံးသူများကို စက်တင်ဘာလ စတုတ္ထအပတ်မှ စတင် အရေးယူလျက်ရှိရာ စက်တင်ဘာ ၂၆ ရက် နေ့အထိ မူးယစ်ရမ်းကားသူ ၆၀ ကျော်ကို အရေးယူထားကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ ပုသိမ်မြို့ရှိ အပန်းဖြေရာ နေရာများဖြစ်သော ရေပေါ်စျေး၊ ရှုခင်းသာ၊ ကန်သုံးဆင့် ကန်ပတ်လမ်းနှင့် ဧရာဝတီ ဆိုရှယ်စင်တာလမ်းနှင့် မြကျွန်းသာ အိမ်ရာလမ်းများ၊ ပုသိမ်ကမ်းနားလမ်း မြစ်ရေကာ ကျောက်တန်းပေါ်တွင် ညအချိန် အရက်ဝိုင်းဖွဲ့ သောက်သုံးသူများကို စက်တင်ဘာလ ၂၂ရက်နေ့မှ စတင်ကာ မူးယစ်သောက်စား ရမ်းကားမှု ပုဒ်မ ၄၇ ဖြင့် ဖမ်းဆီး အရေးယူနေကြောင်း၊ စက်တင်ဘာလ ၂၂ ရက်မှ စက်တင်ဘာ လ ၂၆ ရက်နေ့အထိ မူးယစ်ရမ်းကားသူ ၆၅ ဦးကို အရေးယူထားကြောင်း အဆိုပါ ရုံးထံမှ သိရှိရသည်။ "ညအချိန် လမ်းဘေးတွေနဲ့ အများပြည်သူ အပန်းဖြေတဲ့ နေရာတွေမှာ ဝိုင်းဖွဲ့ပြီး အရက်သောက်ကြတာဟာ ပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အပြင် တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပါတယ်၊ ပြည်သူတွေ လုံခြုံမှု ကင်းမဲ့လာတဲ့ အခြေအနေ ဖြစ်လာတယ်၊ ဒါကြောင့် အများပြည်သူအတွက် လိုအပ်နေတဲ့ ဝန်ဆောင်မှုကို ဆောင်ရွက်တာပါ"ဟု ပုသိမ်နယ်မြေ ရဲစခန်းမှူး ရဲအုပ်သိန်းဇော်ဦးက ပြောကြားသည်။ မူးယစ်ရမ်းကားမှုအပြင် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်သည်ကို စစ်ဆေးတွေ့ရှိပါက လက်နက်ကိုင်ဆောင်မှု ပုဒ်မဖြင့် ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း၊ အရက်ဝိုင်းဖွဲ့ သောက်မှုဖြင့် ဖမ်းဆီးမိသည့် သူများတွင် တက္ကသိုလ် ကျောင်းသား လူငယ်အချို့ ပါဝင်သောကြောင့် လူငယ်များအတွက် နာမည်ပျက် အမည်းစက် မဖြစ်စေရန်တက္ကသိုလ်မှ တာဝန်ရှိသူများထံ အပ်နှံကြောင်း၊ ကျန်သူများကို တရားရုံးမှ စစ်ဆေးပြီး ထောင်ဒဏ် ၇ ရက် ပြစ်ဒဏ်ချမှတ်ကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သောင်းကြည်က ပြောဆိုသည်။ "ညဘက် အရက်ဝိုင်း သောက်တာကနေ ရန်ဖြစ်တာ ခဏခဏပါပဲ။ ဓားထိုးမှု လူသေမှုတွေအထိ ဖြစ်ခဲ့တာမျိုးရှိတယ်၊ ခုလို ထိထိရောက်ရောက် လုပ်တာကို ကြိုက်တယ်။ အစိုးရရုံးနားက အရက်ဆိုင်ကြီးနဲ့ မြို့ထဲ စားသောက်တချို့ လမ်းဘေးပလက်ဖောင်းပေါ် တက်ပြီး စားပွဲတွေ ခင်းပြီး အရက်ရောင်းနေတာရယ်၊ ညလုံးပေါက်ဖွင့်တဲ့ အရက်ဆိုင်တွေ KTV တွေကိုလည်း အရေးယူသင့်တယ်" ဟု ပုသိမ် မြို့မိမြို့ဖ တစ်ဦးက အကြံပြုသည်။
Source : https://goo.gl/OVB56T
via IFTTT

No comments:

Post a Comment